News

ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်းနှင့် သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်း တို့အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ

အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်း CVT Myanmar သည် ၂၂ ရက်နေ့ ဖေဖော်ဝါရီလ ၂၀၁၄ ခုတွင် ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်းနှင့် သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်း အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို မနက် ၁၀ နာရီတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်ရုံး တတိယထပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

CVT သင်တန်းကျောင်း၏ ဒီပလိုမာ အဆင့်(Junior Professional) ထိ သင်တန်းများမှာ စီးပွားရေးပညာ အထောက်အကူပြု သင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှုအတတ်ပညာသင်တန်း၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ ဟိုတယ်နှင့်ဧည့်ဝတ်ပြုမှု ဆိုင်ရာ အတတ်ပညာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်းများဖြစ်ကြသည်။ သင်တန်းအားလုံး၏ ဝင်ခွင့်လျှောက်လွှာများကို နှစ်စဉ် မတ်လ နောက်ဆုံးပတ်တွင် နောက်ဆုံးထား၍ လက်ခံပြီး၊ ဝင်ခွင့်စစ်ဆေးပါသည်။ အတန်းအားလုံး၏ ကျောင်းစတင် ဖွင့်လှစ်ရက်မှာ မေလဆန်းတွင် ဖြစ်ပြီး၊ မြန်မာနှစ်ကူးသင်္ကြန်ပြီးချိန်တွင် လျှောက်ထားသူ သင်တန်းသားများမှ မိမိတို့၏ ဝင်ခွင့်များကို စုံစမ်းသိရှိနိုင်ပါသည်။

ဤဆွေးနွေးပွဲတွင် CVT Myanmar အသက်မွေးမှုသင်တန်းကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များနှင့် အလုပ်သင် သင်တန်းပုံစံ( Apprenticeship) လုပ်ဆောင်ချက်များကို ဒါရိုက်တာ ဒေါ်ယဉ်ယဉ်အေးမှ ပထမဆုံး ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ပရိဘောဂ ပြုလုပ်မှုအတတ်ပညာသင်တန်းမှ ဌာနမှူး ဦးဇော်မင်းထွဋ်က ပရိဘောဂပညာရပ် သင်တန်း အကြောင်းများကို ဆွေးနွေးတင်ပြခဲ့ပြီး ဆက်လက်၍ သတ္တုအတတ်ပညာဘာသာရပ်အကြောင်းကို သတ္တုအတတ်ပညာသင်တန်း၏ ဌာနမှူးဦးထိန်ဝင်း မှလည်းကောင်း၊ လျှပ်စစ်အတတ်ပညာသင်တန်း၏ ဌာနမှူးဖြစ်သူ ဦးကျော်မြတ်ခိုင်မှ လျှပ်စစ်ပညာရပ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ (၁၇ နှစ်မှ ၂၂ နှစ်)အတွင်း လူငယ်များသည် သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း CVT Myanmar သင်တန်းကျောင်းတွင် တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် (၃) နှစ်အတွင်း ဆွစ်ဇာလန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အသိအမှတ်ပြု ဒီပလိုမာလက်မှတ်များကို ရရှိနိုင်ကြောင်း သိရှိရပါသည်။ တက်ရောက်လာသူများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြားပြီးနောက် စားသောက်ဖွယ်ရာများနှင့် တည်ခင်း ဧည့်ခံပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *