Opinion

လူငယ်နှင့် ယဉ်ကျေးမှု

လူငယ်နှင့် ယဉ်ကျေးမှု

ကျွန်မတို့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်တဲ့ နိုင်ငံတစ်ခုဖြစ်သောကြောင့် နိုင်ငံသူနိုင်ငံသား အများစုဟာလည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။အဲဒီလို ဗုဒ္ဓဘာသာဝင်တွေထဲမှာ မိရိုးဖလာဗုဒ္ဓဘာသာနဲ့ မိမိကိုယ်တိုင်က မြတ်စွာဘုရားကို ကြည်ညိုပြီး မြတ်စွာဘုရားရဲ့ တရားတော်နဲ့ အဆုံးအမကို ရိုသေလေးစားစွာ လိုက်နာနိုင်တဲ့ ဗုဒ္ဓဘာသာဝင်ဆိုပြီး ကျွန်မကတော့ အမျိုးအစား(၂)မျိုး ခွဲခြားကြည့်ပါတယ်။

လူမှု အသိုင်းအဝန်းတစ်ခုမှာ ဂုဏ်ယူမြတ်နိုးဖွယ်ရာ ယဉ်ကျေးမှုဓလေ့တွေ အများကြီး ရှိကြပါတယ်။ အသက်၊ ဂုဏ်ဝါ၊ သိက္ခာကြီးသူတွေကို ရိုသေလေးစားတတ်ဖို့၊ လူတစ်ဖက်သားကို ကူညီတတ်ဖို့၊ စည်းလုံးညီညွတ်ကြဖို့ စတာတွေကို လူသားတွေက မျိုးရိုးစဉ်ဆက်အလိုက် ယဉ်ကျေးမှုကနေ လက်ဆင့်ကမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာ့ ဓလေ့စရိုက်လေးတွေနှင့် မြတ်နိုးဖွယ်ရာ ယဉ်ကျေးမှုတွေကို နောင်လာနောင်သား လူငယ်များကို လက်ဆင့်ကမ်း ပေးကြရမှာ မိဘဘိုးဘွားတွေနှင့် ဆရာသမားများမှာလည်း တာဝန်ရှိပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကဆို ကိုယ့်မိဘ အဘိုးအဘွားမှ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်က သက်ကြီးဝါကြီးများကလည်း အမြင်မတော်တာရှိရင် သွန်သင်ဆုံးမလေ့ ရှိပါတယ်။ ဒါကိုလည်း ကျွန်မတို့လို့ ကလေးတွေက လိုက်နာပြင်ဆင် ပြောင်းလဲကြပါတယ်။

ယနေ့ခေတ် လူငယ်အများစုဟာ မိရိုးဖလာဗုဒ္ဓဘာသာကိုပဲ ကိုးကွယ်နေကြတာ တွေ့ရပါတယ်။ ယနေ့ခေတ်လူငယ်တွေဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့နေရာမှာ ဘုရား၊ တရား၊ သံဃာကို ကြည်ညိုတာထက် မိဘကဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက်ကြောင့် မိမိလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် ခံယူကြတာ တွေ့ရပါတယ်။ဗုဒ္ဓရဲ့ တရားတော်တွေထဲမှာ မြတ်စွာဘုရားဟောကြားတဲ့ ၃၈ဖြာမင်္ဂလာ တရားတော်မှာပါတဲ့ အချက်အလက်တွေကို လေ့လဲမလေ့လာခဲ့ပါဘူး၊ လိုက်နာကျင့်သုံးဖို့ ဆိုတာကျတော့ မလေ့လာခဲ့တဲ့အတွက် စိတ်မဝင်စားခဲ့ပါဘူး၊ စိတ်ဝင်စားအောင် ဆရာတော်တွေ သံဃာတော်တွေက ပုံပြတရားတော်တွေနဲ့ ဟောပြောဆုံးမတာကြတော့လည်း ဘုန်းကြီးတရားနာရမှာကို ကြောက်လို့ ရှောင်ကျဉ်ကြပြန်ကော။ အဲဒီတော့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ မိမိဘာသာရဲ့ အဆုံးအမကို ဟောပြောညွှန်ပြပေးတဲ့ ဆရာတော်တွေ လူပုဂ္ဂိုလ်တွေ သာသနာတော်ပိုင် ဆရာတော်ကြီးတွေရဲ့ အဆုံးအမကို နားမထောင်ချင် မနာကြားချင်မှတော့ ရိုင်းစိုင်း ဆိုးသွမ်းလာကြတာ မဆန်းပါဘူး။

မိဘတွေအနေနဲ့လည်း မိမိတို့ သားသမီးကို ငယ်ရွယ်စဉ်အချိန်ထဲက မိမိတို့ဗုဒ္ဓဘာသာရဲ့ ထုံးတမ်းစဉ်လာ ဓလေ့စရိုက်တို့ကိုလည်း သားသမီးနားထဲမှာ စွဲနေအောင် သွန်သင်ပြသပေးဖို့လည်း သတိထားရမှာပါ။ ယခင် ရှေးလူကြီးတွေဆို သံဃာတော်တွေကို တွေ့ရင် ရှိခိုးရုံနဲ့ မပြီးပါဘူး။ သံဃာတော်တွေကြွလာရင် ကိုယ်က သံဃာတော်တွေရဲ့ အရိပ်ကို နင်းမိမှာကြောက်လို့ ရပ်ပေးပြီး သံဃာတော် ကျော်သွားမှ ဆက်လျှောက်သွားကြတာပါ။ယနေ့ခေတ် လူငယ်တွေကတော့ သံဃာတော်နဲ့ လမ်းမှာဆုံရင် ရှိခိုးဖို့နေနေသာသာ ဝင်မတိုက်တာပဲ သူတို့ကို ကျေးဇူးတင်ရဦးမှာပါ။ ဘက်စ်ကားစီးရင်လည်း သံဃာတော်တွေတက်လာပြီဆို စပယ်ယာက သံဃာတော်ခုံလေးတွေ ထပေးကြပါဆို တချို့ကတော့ မသိချင်ယောင်ဆောင်ပြီး ဆက်ထိုင်နေကြပါတယ်။ ကျွန်မ စိတ်ထဲမှာတော့ ဒီကလေးဟာ ဗုဒ္ဓဘာသာ မဟုတ်လို့လား ဗုဒ္ဓဘာသာဖြစ်ပြီး သံဃာဆိုတာ ကိုးကွယ်ဆည်းကပ်ရမှန်း မသိတာလား လားပေါင်းများစွာနဲ့ တစ်ယောက်ထဲ မေးဖြစ်နေခဲ့ပါတယ်။

တခြားဘာသာဝင်တွေဆို ဥပမာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဆို သူ့ဘာသာရဲ့ အဆုံးအမကို အတတ်နိုင်ဆုံး ခံယူကျင့်သုံးပါတယ်။ သူတို့ဘာသာဝင်တွေရဲ့ ဗလီဆရာကိုလည်း ရိုကျိုးပြီး ဗလီဆရာရဲ့ အဆုံးအမကိုလည်း ခံယူကြပါတယ်။ အဲဒီလိုပဲ ခရစ်ယာန်ဘာသာဝင် တစ်ယောက်ဟာလည်း သူတို့ ခရစ်ယာန်ဘုန်းတော်ကြီး (တရားဟော ဓမ္မဆရာ)ရဲ့ အဆုံးအမကို ခံယူလိုက်နာကြပါတယ်။ ဒါက ဘာသာတိုင်းမှာရှိကြတဲ့ ပူဇော်ထိုက်သူကို ပူဇော်ကြတာပါ။
ဒါဟာ ခေတ်ရေစီးကြောင်းအရ လူကြီးတွေမှာလည်း အဓိကအပြစ်ရှိတယ် ဆိုရမယ်။ ကလေးတွေကို အချိန်မပေးနိုင်ကြတဲ့ မိဘများ ပိုမိုများပြားလာသလို ငယ်ငယ်ထဲက ကလေးထိန်းနဲ့ထားပြီး ဝမ်းစာရှာဖွေရတဲ့အချိန်က ပိုများလာတာလည်း ပါမယ်ထင်ပါတယ်။ စာပေနှင့်ထိတွေ့အောင် မလုပ်ဆောင်ကြတာလည်း များလာတယ်။ လူကြီးတွေကိုယ်တိုင်တောင် စာပေနဲ့ ဝေးနေကြတာ သိသာထင်ရှားလာပါတယ်။ ဒီကြားထဲ လူငယ်တွေအတွက် အချိန်တွေ ဖြုန်းစရာ ပိုမို များလာပြန်ပါတယ်။ ပတ်ဝန်းကျင်ကနေတစ်ဆင့် သရုပ်ပျက်ယဉ်ကျေးမှုတွေကို သင်ပေးသလို မဖြစ်အောင် လူကြီးတွေက ပိုပြီး ကြပ်မတ်ဂရုစိုက်သင့်တယ်လို့ ကျွန်မ မြင်မိပါတယ်။

နောက်တစ်ချက်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို မိမိရဲ့ ပင်ကိုစိတ်နဲ့ ရိုသေစွာ ကြည်ညိုပြီး ဗုဒ္ဓရဲ့ အဆုံးအမကို မမေ့မလျော့တဲ့ ဗုဒ္ဓဘာသာပါ။ အဲဒီလိုဗုဒ္ဓဘာသာဝင်တွေ ကျတော့ သူတို့ရဲ့ ကျင့်ကြံအားထုတ်မှု၊ ပြောဆိုဆက်ဆံပုံ အမူအယာကအစ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း ဘုရားရဲ့သားတော် သံဃာတော်တွေရဲ့ အဆုံးအမအတိုင်း ပြောဆိုဆက်ဆံ နေထိုင်ကြပါတယ်။ ငါးပါးသီလကို မိမိအသက်ကဲ့သို့ တန်ဖိုးထားပြီး မကျိုးမပေါက်အောင်လည်း သတိထားပါတယ်။ယနေ့ခေတ်မှာ လူတွေဟာ အရှက်အကြောက်တရား မရှိကြတော့ပဲ အကျင့်စာရိတ္တ ပျက်ပြားလာကြတာ တွေ့မြင်ရပါတယ်။ ကိုယ်ချင်းစာတရားဆိုတာလည်း အလွန်နည်းပါးလာကြပြီး ငါ့တစ်ဘို့ထဲအတွက် ကြည့်လာကြတာကို တွေ့မြင်ကြရမှာပါ။ ကျွန်မတို့ အရွယ်ငယ်တုန်းကဆိုရင် လူကြီးမိဘတွေ ကိုယ့်ထက် အသက်အရွယ်ကြီးသူတွေရဲ့ ရှေ့မှာဖြတ်လျှောက်ရင် ခါးကိုကိုင်း ခေါင်းကိုငုံ့ပြီး ဖြတ်လျှောက်ကြရပါတယ်။ ဒီနေ့ခေတ် လူငယ်တွေမှာတော့ အဲဒီလို အမူအကျင့်မျိုး မတွေ့ကြရတော့ပါဘူး။

သူတို့အနေနဲ့ အဲဒီလိုလုပ်တာဟာ ရှက်စရာကောင်းတဲ့ လုပ်ရပ်၊ လူငယ်အချင်းချင်း ဟားတိုက်စရာ လုပ်ရပ်လို့ ထင်မြင်နေကြတာဟာ ဝမ်းနည်းစရာ ကောင်းလှပါတယ်။ လူကြီးတွေကို ကလန်ကဆန်လုပ်နိုင်တဲ့သူဟာ အပေါင်းအသင်းတွေကြားမှာ ဟီးရိုး (hero) တစ်ယောက်လို ဖြစ်နေပါတယ်။ ဒါဟာ လွဲမှားတဲ့ အယူအဆတွေပါ။ ဒီလို အယူအဆတွေ လူငယ်တွေကြားက ပပျောက်အောင် ဗုဒ္ဓဘာသာဝင် ကျွန်မတို့တွေအနေနဲ့ လူငယ်တွေ လိုက်နာချင်လာအောင် စည်းရုံးလှုံဆော်ခြင်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများ တက်ခိုင်းခြင်း၊ တရားပတ်ဝင်ခိုင်းခြင်း စသည်တို့မှာ လူငယ်တွေ လုပ်ချင်စိတ်ရှိလာအောင် တိုက်တွန်းနှိုးဆော်တဲ့ တာဝန်ရှိတယ်လို့ ခံယူရင်း လူငယ်များ ယဉ်ကျေးမှုနဲ့ မဝေးကွာအောင် လူကြီးတွေအနေဖြင့် သွန်သင်ဆုံးမ လမ်းညွှန်ပေးကြဖို့ ပြောကြားလိုက်ရပါတော့တယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *