News

ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှု လေ့လာဆန်းစစ်ချက်

ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှု လေ့လာဆန်းစစ်ချက် အစီရင်ခံစာ

မြန်မာ့နံပါတ်တစ် အွန်လိုင်းကားအရောင်းအဝယ်ဈေးကွက် Motors.com.mm အနေဖြင့် ရန်ကုန်မြို့ ယာဉ်ကြော ပိတ်ဆို့မှု လေ့လာဆန်းစစ်ချက် အစီရင်ခံစာကို ထုတ်ပြန်ကြေညာခဲ့သည်။ ရန်ကုန်မြို့ ယာဉ်ကြောကြပ်တည်းမှု လေ့လာဆန်းစစ်ချက် အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး အခြေအနေ၊ မြို့ပြ၏ လမ်းအသုံးပြုမှုစနစ်များအပေါ် ပြည်သူလူထု၏သဘောထားအမြင်ကို တာဝန်ရှိသူများအနေဖြင့် သိရှိနားလည်ပြီး ပိုမိုကောင်းမွန်သည့်မြို့ပြ ပို့ဆောင်ဆက်သွယ်ရေးစနစ်များ လုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။အဆိုပါရန်ကုန်မြို့ယာဉ်ကြော ကြပ်တည်းမှု လေ့လာဆန်းစစ်ချက် စစ်တမ်းကောက်ယူခြင်းကို ၂၀၁၄ ခုနှစ် နှစ်ကုန်၊ ၂၀၁၅ နှစ်ဦးပိုင်းတို့တွင် Online/Offline ပုံစံနှစ်မျိုးဖြင့် သုံးကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဖြေဆိုသူဦးရေ ငါးရာဝန်းကျင်က ဖြေဆိုခဲ့ကြပြီး အမျိုးသား ၇၆ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၄ ရာခိုင်နှုန်းတို့ ပါဝင်ခဲ့သည်။ အသက် (၂၀-၂၅) အတွင်း ဖြေဆိုသူ ၂၅ ရာခိုင်နှုန်း၊ အသက် (၂၅-၃၀)အတွင်း ဖြေဆိုသူ ၂၃ ရာခိုင်နှုန်း၊ အသက် ၃၅ နှစ်အထက် ဖြေဆိုသူ ၂၁ ရာခိုင်နှုန်း၊ အသက် (၃၀-၃၅)အတွင်း ဖြေဆိုသူ ၁၆ ရာခိုင်နှုန်းနှင့် အသက် ၂၀ နှစ်အောက် ဖြေဆိုသူ ၁၅ ရာခိုင်နှုန်း စသည့် အသက် အပိုင်းအခြားအသီးသီးက ဖြေဆိုခဲ့ကြသည်။

Motors.com.mm သည် တစ်လလျှင် မမျှော်လင့်ဘဲ ကြုံတွေ့ရသည့် ယာဉ်ကြောပိတ်ဆို့မှု အကြိမ်အရေအတွက်၊ အလုပ်သွားရာတွင် ကြာမြင့်ချိန်( ဘတ်စ်ကားဖြင့်၊ ကားဖြင့်) ၊ ယာဉ်ကြောပိတ်ဆို့မှုဖြစ်စေသည့် အကြောင်းအရင်းများ၊ ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု အများဆုံးနေရာများ စသည့်အကြောင်းအရာခေါင်းစဉ် လေးမျိုးအပေါ်တွင် သဘောထားစစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန(ကညန)၏ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကောက်ယူခဲ့သည့် စာရင်းများအရ ပြည်တွင်းရှိ မှတ်ပုံတင်ထားသောမော်တော်ယာဉ်(လူစီး၊ ခရီးသည်တင်၊ ကုန်တင်(ဝန်ပေါ့၊ ဝန်လေး) အရေအတွက်မှာ- မြန်မာတစ်ပြည်လုံးတွင် ၆၄၃၇၁၉ စီး ( ခြောက်သိန်းလေးသောင်း သုံးထောင်ခုနှစ်ရာ တစ်ရာ့ကိုး) ရှိပြီး ရန်ကုန်တိုင်းတွင် ၄၃၃၇၈၈ စီး( လေးသိန်းသုံးသောင်း သုံးထောင်ခုနှစ်ရာ ရှစ်ဆယ့်ရှစ်) ရှိကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် နယ်ကျော်မောင်းနှင်သော ကားများအပါအဝင် မြန်မာနိုင်ငံရှိ မော်တော်ယာဉ်အစီးရေ၏ ၈၀ ရာခိုင်နှုန်းသည် ရန်ကုန်မြို့အတွင်း နေ့စဉ်သွားလာလျက်ရှိပြီး ရန်ကုန်မြို့၏နေရာအနှံအပြားတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာဖြစ်ပေါ် လျက်ရှိသည်။ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် ပြုလုပ်ခဲ့သော “ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ ခရီး သွားလာမှုအဆင်ပြေချောမွေ့စေရေး” ညှိနှိုင်းအစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်ဆွေက ယာဉ်ကြောကျပ်တည်းမှုများကို ခြောက်လအတွင်း ဖြေရှင်းသွားမည်ဟု ပြောကြားခဲ့သည်။

မမျှော်လင့်ပဲ ကြုံတွေရသည့် ယာဉ်ကြောပိတ်ဆို့မှုများ

ရန်ကုန်မြို့နေ ပြည်သူလူထု အနေဖြင့် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ကြာမြင့်နိုင်မည့်အချိန်ကို ကြိုတင်တွက်ဆပြီး သွားလာလျက်ရှိသော်လည်း အများစုမှာ မမျှော်လင့်ဘဲ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ကြုံတွေ့နေရမြဲဖြစ်သည်။ Motors.com.mm ၏ စစ်တမ်းအရ မော်တော်ယာဉ်( ဘတ်စ်၊ ကိုယ်ပိုင်ယာဉ်၊ ကုမ္မဏီယာဉ်) အသုံးပြုသူ ၆၅ ရာခိုင်နှုန်းသည် တစ်လလျှင် မမျှော်လင့်ဘဲ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု ခြောက်ကြိမ်နှင့်အထက် ကြုံတွေ့ရလျက်ရှိသည်။ မြို့တွင်းခရီးသွား ၂၃ ရာခိုင်နှုန်းမှာမူ တစ်လလျှင် မမျှော်လင့်သည့် ယာဉ်ကြောပိတ်ဆို့မှု သုံးကြိမ်မှ ခြောက်ကြိမ်အထိ တွေ့ကြုံနေရသည်။ စစ်တမ်းဖြေဆိုသူ ၁၁ ရာခိုင်နှုန်းမှာ မထင်မှတ်ထားသည့် ကားပိတ်ဆို့မှုကို တစ်လလျှင် တစ်ကြိမ်မှ သုံးကြိမ်အထိ ကြုံတွေ့ရပြီး ကျန်တစ်ရာခိုင်နှုန်းမှာမူ တစ်ကြိမ်မှ မကြုံဖူးကြောင်း ဖြေဆိုခဲ့ကြသည်။

ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဘတ်စ်ကားပေါ်တွင် ကုန်ဆုံးချိန်

ထို့အပြင် မြို့ပြပညာရှင်များ၏ ပြောကြားချက်အရ ပုံမှန်မဟုတ်သော ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရန်ကုန်မြို့တွင်း သွားလာနိုင်မှုအရှိန်နှုန်းထားများ လျော့ကျနေပြီး (ဥပမာအားဖြင့် ယခင်က တစ်နာရီလျှင် တစ်မိုင်နှုန်းသွားလာလျက်ရှိရာမှ တစ်နာရီလျှင် တစ်မိုင်၏သုံးပုံတစ်ပုံခန့် အထိသာ သွားလာနိုင်ခြင်းကြောင့်) တစ်နေရာမှတစ်နေရာသို့သွားလာရာတွင် အချိန်ပိုမိုကြာမြင့်လာခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့ရှိ လုပ်သားပြည်သူအများစုမှာ ၄င်းတို့၏ ကိုယ်ပိုင်အချိန်များကို အလုပ် အသွားအပြန်အချိန်များတွင် ယခင်ကထက် ပိုမိုကုန်ဆုံးစေလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ဂျပန်-နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နေသည့် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျုဟာစီမံကိန်း ၂၀၁၄၀ ၏ အစီရင်ခံစာအရ လူဦးရေ ခြောက်သန်းနီးပါးနေထိုင်သော ရန်ကုန်မြို့၏ မြို့ပြသယ်ယူ ပို့ဆောင် ရေးစနစ်တွင် ဘတ်စ်ကားအသုံးပြုသူအရေအတွက်မှာ မြို့နေလူဦးရေ၏ ၇၉ ရာခိုင်နှုန်း(၃.၇ သန်းခန့်) ရှိသည်ဖြစ်ရာ အသုံးပြုသည့် ပြည်သူများ၏ အဆင်ပြေချော့မွေ့စွာ သွားလာနိုင်ရေးက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

Motors.com.mm ၏ ရန်ကုန်မြို့ယာဉ်ကြောကြပ်တည်းမှု စစ်တမ်းအရ ၄၄ ရာခိုင်နှုန်းသော ဘတ်စ်ကားစီးခရီးသွား များအနေဖြင့် အလုပ်သွားရန်အတွက် ဘတ်စ်ကားပေါ်တွင် အချိန်နာရီဝက်မှ တစ်နာရီအကြား အချိန်ပေးရပြီး အလုပ်အသွား အပြန်အတွက်မူ တစ်နေ့တာအချိန်၏ တစ်နာရီမှ နှစ်နာရီအထိ ကုန်ဆုံးလျက်ရှိကြသည်။ ၃၅ ရာခိုင်နှုန်းသော စစ်တမ်းဖြေဆို သူဘတ်စ်ကားအသုံးပြုသူများကမူ အလုပ်သွားရန်အတွက် အချိန် တစ်နာရီမှ နှစ်နာရီကြားကို ဘတ်စ်ကားများပေါ်တွင် ကုန်ဆုံးလျက်ရှိကြောင်း ဖြေဆိုကြသည်။

ယာဉ်ကြောပိတ်ဆို့မှုက ကိုယ်ပိုင်ယာဉ်စီးနင်းအသုံးပြုသူတွေကိုပါ သက်ရောက်မှုရှိ

ရန်ကုန်မြို့တွင် မြို့နေလူဦးရေ၏ (၇၉) ရာခိုင်နှုန်းသည် ဘတ်စ်ကားကို အသုံးပြုကြပြီး (၈)ရာခိုင်နှုန်းသည် ကိုယ်ပိုင် ယာဉ်ဖြင့် လည်းကောင်း၊ (၇) ရာခိုင်နှုန်းသည် ကြိုပို့ယာဉ်ဖြင့် လည်းကောင်း၊ (၄) ရာခိုင်နှုန်းသည် မြို့ပတ်ရထားဖြင့် လည်းကောင်း၊ နှစ်ရာခိုင်နှုန်းသည် အငှားယာဉ်ဖြင့်လည်းကောင်း၊ လမ်းလျှောက်၍လည်းကောင်း နေ့စဉ်သွားလာလျက်ရှိကြကြောင်း မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျုဟာစီမံကိန်း ၂၀၁၄ ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုများ၏ အကျိုးဆက်က ဘတ်စ်ကားစီးနင်းသူ ပြည်သူများသာမကပဲ ကိုယ်ပိုင်ကား ဖြင့် မောင်းနှင်သွားလာသူများ အပေါ်တွင်လည်း သက်ရောက်မှုများရှိခဲ့သည်။ ကိုယ်ပိုင်ယာဉ် အသုံးပြုသူ ၄၈ ရာခိုင်နှုန်းသည် အလုပ်သွားရာတွင် မိနစ်(၃၀)မှ တစ်နာရီကြား အချိန်မှာ ကားပေါ်တွင် ကုန်ဆုံးရကြောင်းဆိုသည်။ ၂၉ ရာခိုင်နှုန်းကမူ (၁၅) မိနစ်မှမိနစ်(၃၀)ကြား အလုပ်သွားရန် လမ်းပေါ်တွင် အချိန်ကြာမြင့်ကြောင်း ဖြေဆိုခဲ့ပြီး ကိုယ်ပိုင်ကားစီးနင်းသူ ၁၉ ရာခိုင်နှုန်းကမူ ယာဉ်ကြောပိတ်ဆို့မှုကြောင့် တစ်နာရီမှ နှစ်နာရီအထိ ကားပေါ်တွင် အချိန်ကုန်ကြောင်း ဆိုသည်။

ယာဉ်ကြောပိတ်ဆို့စေသည့် အကြောင်းအရင်းများ

ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းမှာ ရန်ကုန်မြို့၏ လမ်းအသုံးပြုနိုင်မှု ပမာဏနှင့် မော်တော်ယာဉ်အချိုးအစား မညီမျှမှုကြောင့်ဖြစ်သည်။ ကားတင်သွင်းခွင့်မူဝါဒများ ပြောင်းလဲပြီးနောက်ပိုင်း မြန်မာနိုင်ငံ အတွင်းရှိ မော်တော်ယာဉ်အရေအတွက်သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကထက် နှစ်ဆကျော် သုံးဆနီးပါးတိုးတက်လာခဲ့သည်။ မော်တော်ယာဉ် အရေအတွက် တိုးတက်လာသော်လည်း လမ်းအသုံးပြုနိင်မှုမှာ တိုးတက်ပြောင်းလဲလာခြင်း မရှိခဲ့ပေ။Motors.com.mm ၏ ယာဉ်ကြောပိတ်ဆို့မှု လေ့လာချက်အရ ယာဉ်ကြောပိတ်ဆို့ရသည့် အကြောင်းအရင်းများတွင် ကားအစီးရေ များပြားခြင်း (၁၆ ရာခိုင်နှုန်း) နှင့် လမ်းစနစ်မပြည့်စုံခြင်း(၁၅ရာခိုင်နှုန်း)ကြောင့်ဟု အသီးသီးဖြေဆိုခဲ့သဖြင့် လမ်း အသုံးပြုနိုင်မှု ပမာဏနှင့် မော်တော်ယာဉ်အချိုးအစား မညီမျှမှု ပြသနာမှာ အဓိကကျနေရာမှ ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်။

သို့သော်စစ်တမ်းဖြေဆိုသူ ၂၆ ရာခိုင်နှုန်းကမူ လမ်းအသုံးပြုသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာမှုအားနည်းခြင်းကြောင့်ဟု ဆိုကြသည်။ “ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ဖို့က လက်ရှိလမ်းပေါ်မှာ သွားနေတဲ့ကားတွေအကုန်လုံးကို စည်းကမ်းပိုင်း အရင်တင်းကျပ်ဖို့လိုတယ်။ အခုယာဉ်ကြောပိတ်ဆို့ရဲ့ ၃၀ ရာခိုင်နှုန်းလောက်က စည်းကမ်းပျက်မှုကြောင့်ဖြစ်နေတာ” ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၏ အငြိမ်းစားညွန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုဥက္ကဌ ဦးအောင်မြင့်က Motors.com.mm မှ ကြီးမှူးကျင်းပခဲ့သော Automobile Policy နှင့် ကားဈေးကွက်အလားအလာ စကားဝိုင်းဆွေးနွေးပွဲတွင် သုံးသပ်ပြောကြားသည်။

မြို့တွင်းကားရပ်နားရန်နေရာ ရှားပါးခြင်းကလည်း ရန်ကုန်မြို့နေ ပြည်သူများအား ဆိုးရွားသည့်ယာဉ်ကြော ပိတ်ဆို့ မှုများကို ကြုံတွေ့ခံစားနေရကြောင်း မြို့ပြအင်ဂျင်နီယာများ၊ ပညာရှင်များက အစဉ်တစ်စိုက် ထောက်ပြပြောဆိုလျက်ရှိကြ သည်။ Motors.com.mm ၏ စစ်တမ်းဖြေဆိုသူ ၁၈ ရာခိုင်နှုန်းကလည်း ကားရပ်နားရန်နေရာ မလုံလောက်ခြင်းက ယာဉ်ကြောပိတ်ဆို့ရသည့် အကြောင်းအရင်းတစ်ခုဟု ဆိုသည်။ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက် ကားတင်သွင်း ရာတွင် ကားရပ်နားရန်နေရာရှိမှာသာ တင်သွင်းခွင့်ပြုမည့် မူဝါဒမှာလည်း ယာဉ်ကြောပိတ်ဆို့မှုကို အမှန်တကယ်ဖြေရှင်းနိုင် မည့် နည်းလမ်းတစ်ခုမဟုတ်ပဲ နိုင်ငံတော်အစိုးရကသာ ကားရပ်နားရန်နေရာများကို တည်ဆောက်ပေးရမည်ဖြစ်ကြောင်း ကားဈေးကွက်ကျွမ်းကျင်သူများ၊ မြို့ပြပညာရှင်များက ဆိုသည်။

” ကားပါကင်မူဝါဒနဲ့ ပက်သက်ပြီး ကျွန်တော့်အမြင်ပြောရရင် မှားနေတယ်လို့ မြင်ပါတယ်။ ကားပါကင်တည်ဆောက်ပေးဖို့က အစိုးရမှာတာဝန်ရှိတာ။ ပြည်သူတွေမှာ တာဝန်ရှိတာ မဟုတ်ဘူး။ မြေကွက်ကြီးကြီးတွေ မြို့လယ်ကောင်မှာ ကျန်နေသေးတယ်။ မြေသိမ်းယာသိမ်းတောင် လုပ်နိုင်သေးတာပဲ။ ဒီမြေတွေကို ပါကင်အတွက် ဘာလို့ အသုံးမချနိုင်ရမှာလဲ။ အဲဒါမျိုးတွေအပေါ်မှာ ချမ်းသာတဲ့ ခရိုနီတွေပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အထပ်လေး၊ ငါးဆယ်လောက် မော်တော် ကားတင်ဖို့ဆောက်ရင် ရနိုင်တယ်။ ဒီလိုဧရိယာမှာ ဘယ်ကားမှ လမ်းပေါ်မှာမရပ်ရဆိုပြီးဥပဒေ ထုတ်ရင်လည်း ရတယ်။ ဒီပေါ်မှာ တက်ရပ်ရမယ်ဆိုပြီး ဒီကားပါကင် ကိစ္စကတော့ ကားတစ်စီးချင်း၊ တစ်စီးချင်းအပေါ်မှာ အဲဒီလို ဆောင်ရွက်လို့ရှိရင် ခုနကပြောသလိုပဲ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်နေမှာပဲ။

အစိုးရလည်း ပိုက်ဆံ မရဘူး။ ကြားကလူပဲ ရသွားတဲ့အတွက် ဒီပေါ်လစီကတော့ လုံးဝဖျက်ပြီး ပြန်ပြောင်းသင့်တယ်လို့ ကျွန်တော်မြင်ပါတယ် ” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယ ဥက္ကဋ္ဌနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး (အငြိမ်းစား)ဦးအောင်မြင့်က Motors.com.mm မှ ကြီးမှူးကျင်းပခဲ့သော စကားဝိုင်းဆွေးနွေးပွဲတွင် ပြောသည်။ “ ဒီပါကင်လုပ်တဲ့ဟာကတော့ မော်တော်ယာဉ်ကျပ်တည်းမှုကို ဖြေရှင်းတဲ့ဟာလို့ ပြောကြတာပေါ့နော်။ သို့သော်ငြားလည်း တကယ်တမ်းကျတော့ ဒါဟာထိရောက်မှုမရှိဘူး။ တကယ်တမ်းကတော့ ဒီပါကင်ကိစ္စ အစိုးရရဲ့ Infrastructure တည်ဆောက်ရမယ့်အပိုင်းပါပဲ။ ကျွန်တော်တို့ ကားသွင်းတဲ့သူတွေနဲ့ မဆိုင်ပါဘူး။ နောက်ဆိုရင် ၁၀ သိန်း၊ ၁၅ သိန်းမက ဖြစ်ကောင်းဖြစ်မယ်။ အဲဒီကိစ္စ ဘယ်သူမှမသိနိုင်ဘူး။ အဲဒီလိုမျိုးမဟုတ်ဘဲ သတ်သတ်မှတ်မှတ် ရန်ကုန်တိုင်းမှာ အသုံးပြုမယ့် ကားလိုင်စင်လာလျှောက်မယ်ဆိုရင် ၁၀ သိန်းယူလိုက်မယ်။ အဲဒီ ငွေတွေ ၁၀ သိန်း၊ ၁၀ သိန်းတိုင်းဟာ ကျွန်တော်တို့ ခုနကပြောတဲ့ ကားပါကင်တွေလုပ်လို့ရမယ်။

ဒီငွေတွေနဲ့ ပါကင်တွေ ပြန်ဆောက်မယ် ဒီကိစ္စကပြေလည်သွားနိုင်ပါတယ်။ လုပ်လည်း လုပ်သင့်တဲ့ အနေအထားပါပဲ” စက်မှုကုန်ထုတ်လုပ်သူ များအသင်း ဒုတိယ ဥက္ကဋ္ဌနှင့် ကားသစ်တင်သွင်း ရောင်းချသူ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်းက Motors.com.mm မှ ကြီးမှူးကျင်းပခဲ့သော Automobile Policy နှင့် ကားဈေးကွက်အလားအလာ စကားဝိုင်းဆွေးနွေးပွဲတွင် ပြောသည်။“ ပါကင်ပါမစ်တွေကို ဝယ်ယူအသုံးပြုနေရတာက နိုင်ငံတော်လည်းမရဘူး၊ ဘယ်သူမှလည်း မရဘူး။ ကြားထဲကကြားပွဲစား စားသွားတဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့နော်။ ရန်ကုန်တိုင်းမှာ ကားတစ်စီးဝယ်ချင်တယ် နိုင်ငံတော်ကို ငွေသွင်းရမယ်။ ဆယ်သိန်းဆိုပြီး သတ်မှတ်လိုက်။နိုင်ငံတော် ဘတ်ဂျက်ထဲကိုလည်း ဝင်သွားတာပေါ့။

အဲဒါဆိုရင်တော့ အားလုံးအတွက်က အဆင်ပြေမယ်လေ ” ဟု ကားဈေးကွက် ကျွမ်းကျင်သူ ကိုအရည်ကြိုက Motors.com.mm မှ ကြီးမှူးကျင်းပခဲ့သော Automobile Policy နှင့် ကားဈေးကွက် အလား အလာ စကားဝိုင်းဆွေးနွေးပွဲတွင် ပြောသည်။လမ်းဘေးဈေးသည်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားရကြောင်း စစ်တမ်းဖြေဆိုသူ ၁၆ ရာခိုင်နှုန်းက ဖြေဆိုခဲ့ ပြီး ခြောက်ရာခိုင်နှုန်းက ယာဉ်မောင်း၏ မကျွမ်းကျင်ခြင်း၊ သုံးရာခိုင်နှုန်းက အခြားကြောင့်ဟုလည်းကောင်း အသီးသီး ဖြေဆိုကြသည်။ လက်ရှိအသုံးပြုနေသည့် ယာဉ်လမ်းကြောင်းစနစ် အချို့မှားယွင်းနေခြင်းအပြင် အတွေ့အကြုံ နုနယ်သည့် ယာဉ်မောင်းများ မောင်းနှင်နေခြင်းကြောင့် ရန်ကုန်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေရသည်ဟု ယာဉ်ကြောပိတ်ဆို့မှု ဒဏ်ကို ကိုယ်တွေ့ခံစားနေရသည့် ခရီးသွားပြည်သူနှင့် ယာဉ်မောင်းများက ဆိုသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု အများဆုံးနေရာများ

မြန်မာနိုင်ငံရှိ မော်တော်ယာဉ်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်သည် ရန်ကုန်မြို့အတွင်း နေ့စဉ်သွားလာလျက်ရှိသဖြင့် ရန်ကုန်မြို့အတွင်း ဆိုးရွားစွာ ယာဉ်ကြောပိတ်ဆို့သည့် နေရာအများအပြား ပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စစ်တမ်းကောက်ယူချက် များအရ ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံးနေရာ ၇၉ နေရာရှိပြီး စည်းကမ်းမဲ့ မောင်းနှင်မှုအများဆုံး နေရာများလည်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံးနေရာ ၇၉ နေရာထဲမှ အချို့ကို ရွေးထုတ်ပြီး ခရီးသွား ပြည်သူများအနေဖြင့် ဆိုးဆိုးရွားရွား ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို ပုံမှန်ခံစားနေရသည့်နေရာများကို သဘောထားစစ်တမ်း ကောက်ယူခဲ့သည်။

စစ်တမ်းအရ ပြည်လမ်း ( မြေနီကုန်းနှင့် ဟံသာဝတီအဝိုင်း ) နှင့် လှည်းတန်း လမ်းဆုံတို့တွင် ယာဉ်ကြော ပိတ်ဆို့မှုကို အများဆုံးခံစားရကြောင်း ဖြေဆိုသူ ၁၂ ရာခိုင်နှုန်းစီ ( စုစုပေါင်း ၂၄ ရာခိုင်နှုန်း ) က ဖြေဆိုကြသည်။ ထို့နောက် ၉ ရာခိုင်နှုန်းစီဖြင့် တာမွေလမ်း ငါးခွစုံ၊ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ကမ်းနားလမ်း( သိမ်ကြီးဈေး ) တို့က ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံး ဒုတိယနေရာတွင် အသီးသီး ရပ်တည်ကြသည်။ တာမွေဈေးနှင့် မင်္ဂလာဈေး၊ မြို့လယ်ခေါင် လမ်း(၃၀) ဆူးလေနှင့် ဦးထောင်ဘို အဝိုင်းတို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဒဏ်ကို ဆိုးရွားစွာ ခံစားရကြောင်း ဖြေဆိုသူ ရှစ်ရာခိုင်နှုန်းစီက အသီးသီးဖြေဆိုကြသည်။ ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံးခံစားရသည့် စတုတ္တနေရာတွင်လည်း ကုက္ကိုင်းမီးပွိုင့်၊ ပေါက်တောဝ နှင့် လသာ(၂) ကျောင်းရှေ့တို့က ခုနှစ်ရာခိုင်နှုန်းစီဖြင့် ရပ်တည်လျက်ရှိကြသည်။ ကျန်ရှိသည့် လေးရာခိုင်နှုန်းကမူ ရန်ကုန်မြို့ တွင် ကျန်ရှိသည့် အခြားနေရာများတွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင်း ဖြေဆိုကြသည်။

ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းရန် ခုံးကျော်တံတားများတည်ဆောက်မှု

ရန်ကုန်မြို့တွင် ဖြစ်ပွားလျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် နေရာများတွင် ခုံးကျော်တံတားများတည်ဆောက်ခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ငွေကျပ် ၁၄.၄၈၇ ဘီလျံ အသုံးပြု၍ လှည်းတန်းခုံးကျော်တံတားကို လည်းကောင်း၊ ငွေကျပ် ၁၇.၄၄ ဘီလျံ အသုံးပြု၍ ရွှေဂုံတိုင် ခုံးကျော်တံတားကို လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ငွေကျပ် ၂၁.၇၄၇ ဘီလျံ အသုံးပြု၍ ဘုရင့်နောင်နှစ်ထပ်ခုံးကျော်တံတားကို လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ငွေကျပ် ၁၆ ဘီလျံကျော် အသုံးပြု၍ မြေနီကုန်း ခုံးကျော်တံတားကိုလည်းကောင်း တည်ဆောက်ခဲ့ပြီး အဆိုပါခုံးကျော်တံတား လေးစင်းအတွက် ကုန်ကျငွေပေါင်း ကျပ်ငွေ ၆၉.၆၇၄ ဘီလျံကုန်ကျခဲ့သည်။

ယခု ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၅.၄ ဘီလျံ အသုံးပြု၍ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားကို လည်းကောင်း၊ ငွေကျပ် ၂၂.၅ ဘီလျံ အသုံးပြု၍ တာမွေငါးခွဆုံ ခုံးကျော်တံတားကို လည်းကောင်း ၊ ငွေကျပ် ၁၆.၄၅ ဘီလျံ အသုံးပြု၍ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားကို လည်းကောင်း တည်ဆောက်သွားရန် ရှိသည့်အတွက် ထပ်မံဆောက်လုပ်မည့် ခုံးကျော်တံတား သုံးစင်းအတွက် ကုန်ကျငွေမှာ ကျပ်ငွေ ၅၄.၃၅ ဘီလျံအထိရှိလာမည်ဖြစ်သည်။ ထို့ကြောင့် ထပ်မံဆောက်လုပ်မည့် ခုံးကျော်တံတားသုံးစင်းတည်ဆောက်ပြီးစီးသွားပါက ခုံးကျော်တံတားခုနှစ်စင်း အတွက် ကုန်ကျငွေစုစုပေါင်းမှာ ကျပ်ငွေ ၁၂၄.ဝ၂၄ ဘီလျံ ရှိလာမည်ဖြစ်သည်။

“ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ယာဉ်ကျပ်တည်းမှုကိုဖြေရှင်းတာ တခြားနည်းတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ အကြံပေးထားတဲ့အချက်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့အစည်းအဝေးတိုင်းလိုလို ယာဉ်ကျပ်တည်းမှုကို ဘာတွေ လုပ်သင့်တယ်။ အခု Fly Over တွေလုပ်တယ်။ ဒီဖားခုန်ခုန်တာပဲ ရှိတာပဲ။ ပြေလည်မှုမှမရှိတာ။ အဲ့ဒီတော့ ကျပ်တည်းနေတဲ့ နေရာကို Switch လုပ်လိုက်တာပဲရှိတယ်။ ဒါကိုကောင်းသွားအောင်၊ ပျောက်သွားအောင် Solve လုပ်တာမဟုတ်ဘူး။ ကျပ်တည်းလိုက်တာကို ဟိုရွှေ့လိုက်၊ ဒီရွှေ့လိုက် လုပ်လိုက်တာပဲရှိတယ်။ အခုဆိုရင် ဟံသာဝတီဆိုရင် ဘယ်လိုမှလုပ်လို့ မရတော့ဘူး။ ကုက္ကိုင်းလမ်းဆုံကနေတစ်ခါ ရေခဲဆိုင်တို့ ဘာတို့ဆို ပိတ်ကျပ်နေတာ။ ဒါတွေက တစ်မြို့လုံးကို စဉ်းစားပြီး တော့ Traffic တွေကို တွက်ချက်ပြီးမှ တံတားတွေ ဆောက်သင့်တယ် ” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယ ဥက္ကဋ္ဌနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးအောင်မြင့်က Motors.com.mm မှ ကြီးမှူးကျင်းပခဲ့သော Automobile Policy နှင့် ကားဈေးကွက်အလားအလာ စကားဝိုင်းဆွေးနွေးပွဲတွင် ပြောသည်။

လမ်းတံတားဆောက်လုပ်မှုအတွက် နှစ်အလိုက်ဘတ်ဂျက်ချထားပေးမှု အခြေအနေ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ လမ်းတံတားဘတ်ဂျက်အနေဖြင့် ၂၀၁၂ – ၂၀၁၃ ခုနှစ်တွင် ငွေကျပ် ရှစ်ဘီလျံ၊ ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာနှစ်တွင် ငွေကျပ် ဘီလျံ လေးဆယ်၊ ၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၅၅ ဘီလျံ သုံးစွဲခဲ့ပြီး ယခု ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၁၀.၁၃၈ ဘီလျံ အသုံးပြုရန် လျာထားကြောင်း သိရသည်။ ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးယူထားသော အမေရိကန်ဒေါ်လာ သန်းခုနှစ်ဆယ်ဖြင့် ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် လမ်းတံတားဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ

အမြန်ဘတ်စ်ကားလိုင်းစနစ် (BRT-Lite) ကိုပြေးဆွဲမည့် ရန်ကုန်ဘတ်စ်ကားအများ ပိုင်ကုမ္ပဏီကိုလာမည့် စက်တင်ဘာလအတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး အစိုးရမှမတည်ရင်းနှီးငွေအဖြစ် ငွေကျပ် ၁၀ ဘီလျံ ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်းထည့်ဝင်မည်ဖြစ်ပြီး ပုဂ္ဂလိကရင်းနှီးမြုပ်နှံငွေ ၁၅ ဘီလျံအတွက်ရှယ်ယာများရောင်းချပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအကြံပေး ဒေါက်တာမောင်အောင်က ပြောသည်။ “ ရန်ကုန်မှာယဉ်ကြောကျပ်တာကိုပဲ ပြောနေတယ်။ System ကြီးမှားနေတာကိုကျတော့ဘယ်သူမှမပြောဘူး။ ရန်ကုန်မြို့မှာ Public Transport ကောင်းနေလို့ရှိရင် ဘတ်စ်ကားတွေစီးလာကြမှာပေါ့။ ဘယ်သူမှ ကိုယ်ပိုင်ကားကို ကိုယ့်ဆီအကုန်ခံပြီးမစီးချင်ဘူး။ Public Transport ကောင်းအောင်လုပ်တဲ့ပေါ်လစီကိုချဖို့ လိုအပ်တယ်” ဟု ဦးအောင်မြင့်က Motors.com.mm မှ ကြီးမှူးကျင်းပခဲ့သော Automobile Policy နှင့် ကားဈေးကွက်အလားအလာ စကားဝိုင်းဆွေးနွေးပွဲ တွင် ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *