Samsung, Sony နဲ့ Pebble တို့ရဲ့ စမတ်နာရီ တွေ ဟာ နောက်ကောက်ကျတော့မှာဖြစ်ပါတယ်။ Google က အင်္ဂါနေ့မှာ စမတ်နာရီများမှာ မောင်းနှင်လည်ပတ်မယ့် Android Wear OS ကို ကြေညာလိုက်ပါတယ်။ အခြား Wearable Devices များမှာလည်း Android Wear ကို အသုံးပြုနိုင်ကောင်းပြုနိုင်ပါလိမ့်မယ်။ Android Wear မောင်းနှင်လည်ပတ်တဲ့ စမတ်နာရီတွေ ကို နောက်လအနည်းငယ်အတွင်းမှာမှ ထုတ်လုပ်ရောင်းချမှာဖြစ်ပါတယ်။ စမတ်နာရီမှာ Android Wear အလုပ်လုပ်ပုံ ကိုတော့ နမူနာပုံစံအနေနဲ့တောင် မတွေ့ရှိရသေးပါဘူး။ Google က Android Wear ရဲ့ စွမ်းဆောင်ချက်တွေကို သာ ကြေညာထားတာဖြစ်ပြီး ဗီဒီယို သရုပ်ပြချက်တွေလည်း ပြုလုပ်ပေးထားပါတယ်။
အချို့ ကျွမ်းကျင်သူများ က Android Wear က Google Now ထည့်သွင်းထားတဲ့ စမတ်နာရီသာ ဖြစ်တယ်လို့ ပြောကြပါတယ်။ အဲဒီသူတွေ အမှားကြီးမှားနေပါတယ်။ Google ရဲ့ ကိုယ်ရေးလက်ထောက် Google Now က အသံနဲ့ ရှာဖွေတာ၊ အသံနဲ့ အမိန့်ပေးခိုင်းစေတာ တွေ ပြုလုပ်နိုင်ပါတယ်။ အဲဒီစွမ်းဆောင်ချက်တွေက စမတ်ဖုန်းမှာ ကောင်းမွန်ပေမယ့် စမတ်နာရီ မှာ တော့ အဆင်မပြေပါဘူး။ Google က Google Now ကို စမတ်နာရီ မှာ အသုံးပြုလို့ အဆင်ပြေအောင် ပြုပြင်ပြီး မောင်းနှင်စေမှာဖြစ်ပါတယ်။
Android Wear ရဲ့ အဓိက စွမ်းဆောင်ချက်က စမတ်ဖုန်း Apps တွေက စမတ်နာရီ ဆီ ပို့လွှတ်တဲ့ Notification တွေကို စမတ်နာရီ ၀တ်ဆင်သူက အသံအမိန့်ပေးစနစ်နဲ့ တုန့်ပြန်နိုင်တာဖြစ်ပါတယ်။ လက်ရှိရောင်းချနေတဲ့ စမတ်နာရီတွေမှာ ဒီလို ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ချက် မပါရှိပါဘူး။ Android Wear ရဲ့ စွမ်းဆောင်ချက် က အပြတ်အသတ်သာလွန်နေပါတယ်။
စမတ်ဖုန်း App တွေရဲ့ Notification တွေ စမတ်နာရီ ဆီသို့ ရောက်ရှိဖို့ နဲ့ အသံနဲ့ တုန့်ပြန် ခိုင်းစေဖို့အတွက် App Developer တွေက သူတို့ရဲ့ App တွေကို ပြုပြင်ပြောင်းလဲစရာမလိုပါဘူး။ အားလုံးကို Android Wear က ကိုင်တွယ်ဖြေရှင်းမှာ ဖြစ်ပါတယ်။
Pebble စမတ်နာရီမှာဆိုရင် စမတ်ဖုန်းနဲ့ ချိတ်ဆက်ဖို့ App တစ်ခုကို စမတ်ဖုန်းမှာ အသုံးပြုရပါတယ်။ စမတ်နာရီအတွက် App တွေကိုသီးခြား ပြုလုပ်ပြီး စမတ်နာရီမှာ ထည့်သွင်းရပါသေးတယ်။ အဲဒီအလုပ်ရှုပ်မှုတွေ Android Wear မှာ မရှိပါဘူး။ Pebble က စမတ်ဖုန်းတိုင်း က Notification တွေကို ပြသပေးနိုင်ပေမယ့် တုန့်ပြန်လို့မရပါဘူး။ Android Wear မှာတော့ စမတ်နာရီ ကိုလက်နဲ့ ကိုင်စရာမလိုဘဲ အသံနဲ့ အမိန့်ပေးတုန့်ပြန်နိုင်ပါတယ်။ နောက်ပြီး Android Wear အတွက် သီးခြား App တွေ ပြုလုပ်စရာမလိုပါဘူး။ Android Wear က စမတ်ဖုန်း က Android App အားလုံး ကို စမတ်နာရီ သို့ ဆွဲသွင်းအလုပ်လုပ်စေမှာဖြစ်ပါတယ်။
Android Wear မောင်းနှင်လည်ပတ်တဲ့ စမတ်နာရီတွေ ဟာ အခြား စမတ်နာရီတွေကို နောက်ကောက်ချနိုင်တော့မှာ ဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။
Android Wear ရဲ့ အလုပ်လုပ်ပုံ ကို အောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=QrqZl2QIz0c
https://www.youtube.com/watch?v=0xQ3y902DEQ