ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဝါတွင်းသုံးလဟာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဝါဆိုလပြည့်နေ့ကနေ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်းသုံးလလို့ သတ်မှတ်ထားပါတယ်။ ရဟန်းသံဃာသာမဏေများဟာ လက်ရှိရောက်ရှိ သီတင်းသုံးနေထိုင်တဲ့ ကျောင်းများမှာ ဝါဆိုရမှာ ဖြစ်ပါတယ်။ ဝါဆိုတယ်ဆိုတာကတော့ ဝါတွင်းသုံးလအတွင်းမှာ ကျောင်းပြောင်းရွှေ့သီတင်းသုံးခြင်း၊ ခရီးသွားလာခြင်းများမပြုပဲ နေရမှာဖြစ်ပါတယ်။ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော် အခါတုန်းက ရဟန်းသံဃာတော်များက ဟိုမှသည်မှ သွားလာမှု များပြားကြတဲ့အတွက် ပြည်သူတွေ ထွန်ယက်စိုက်ထားတဲ့ လယ်ယာမြေတွေပေါ်ကနေ ဖြတ်သန်းသွားလာကြတာကြောင့် အဲဒီလယ်ယာမြေတွေ ပျက်စီးကုန်ကြတာကြောင့် ဒီရာသီသုံးလမှာ ခရီးမသွားရ၊ ဝါဆိုကြရမယ်လို့ မြတ်စွာဘုရားရှင်က ပညတ်တော်မူခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် လူတို့ဘောင်မှာလည်း ဝါတွင်းမှာ အိမ်ထောင်သားမွေးမှုပြုခြင်း၊ အိမ်ယာပြောင်းရွှေ့ခြင်းများ မပြုလုပ်ကြပါဘူး။ ကျေးငှက်တိရစ္ဆာန်တွေတောင် အသိုက်ဆောက်တာတို့ ဘာတို့မပြုလုပ်ကြဘူးလို့ဆိုပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်း၊ အရုဏ်ဆွမ်းများ လောင်းလှူခြင်း စတဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ကြပါတယ်။ အထူးသဖြင့်တော့ လပြည့်လကွယ်နဲ့ လဆန်း(၈)ရက် လဆုပ်(၈)ရက်တွေမှာ အလေးဂရုထားပြီး သီလယူ ဥပုသ်စောင့်ကြတယ်။ တချို့က ဘုန်းကြီးကျောင်းတွေ ဇရပ်၊ တန်ဆောင်းတွေမှာ ဥပုသ်သွားစောင့်ကြတယ်။ ကိုယ့်ထမင်းချိုင့်နဲ့ကိုယ် သွားကြတဲ့သူတွေရှိသလို တချို့ကလည်း ကျောင်းတွေ ဇရပ်တွေက အလှူရှင်တွေ ကျွေးမွေးတာလည်းရှိတယ်။ ကိုယ့်လမ်း ကိုယ့်ရပ်ကွက်က ဓမ္မာရုံတွေမှာ သီလသွားယူကြတာရှိသလို ရေဒီယိုတို့ ရုပ်မြင်သံကြားတို့ကနေပေးတဲ့ သီလကို အိမ်မှာပဲယူပြီး ဥပုသ်စောင့်ကြတာလည်းရှိပါတယ်။ ဥပုသ်သည်တွေအနေနဲ့ ရှစ်ပါးသီလ၊ ကိုးပါး သီလတို့ကို ဆောက်တည်ကြပါတယ်။ နေ့စဉ်တော့ ပုံမှန်အားဖြင့် ဘုရားရှိခိုးရင် ငါးပါးသီလ ယူကြပါတယ်။
သီလဆိုတာဟာ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုရဲ့ စင်ကြယ်ခြင်းများပင် ဖြစ်ပါတယ်။ ဟီရိသြတ္တပ္ပတရားနှစ်ပါးရှိမှ သီလကိုဆောက်တည်နိုင် ထိန်းသိမ်းနိုင်မှာဖြစ်တဲ့အတွက် ဟီရိသြတ္တပ္ပတရားနှစ်ပါးဟာ သီလရဲ့ အနီးဆုံးသော အကြောင်းဖြစ်ပါတယ်။ သီလအမျိုးအစား (၅၇)မျိုးရှိတယ်လို့သိရပါတယ်။ အဲဒီအထဲမှာ လူတို့စောင့်သုံးအပ်တဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့ဟာ “ဂဟဋ္ဌသီလ” ဖြစ်ပါတယ်။ လူအများကျင့်သုံးအပ်တဲ့ သီလအဖြစ်ဖြင့် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့အပြင် “ဗြဟ္မစရိယ ပဉ္စမသီလလည်း ရှိပါသေးတယ်။ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်အစား “အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” လို့ဆောက်တည်လိုက်ရင် “ဗြဟ္မစရိယ ပဉ္စမသီလ” ဖြစ်သွားပါတယ်။ ဒါ့အပြင် “ဗြဟ္မစရိယ ပဉ္စမဧက ဘတ္တိကသီလ”ဆိုပြီးလည်း ရှိသေးတယ်။ ဧကဘတ္တိကဆိုတာ နံနက်စာ ထမင်းတစ်ထပ်တည်းကိုသာ စားရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီသီလကိုစောင့်သုံးလိုရင် ဗြဟ္မစရိယ ပဉ္စမသီလ စောင့်သုံးခံယူတဲ့အခါ အဆုံးမှာ “ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”လို့ သိက္ခာပုဒ်တစ်ခုတိုးပြီး ဆောက်တည် လိုက်ရင် “ဗြဟ္မစရိယ ပဉ္စမ ဧကဘတ္တိကသီလ”ဖြစ်သွားပါတယ်။ဒါတွေရေးပြနေတာလည်း ရှုပ်သွားလားမသိဘူး။ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလနဲ့ ဆယ်ပါးသီလဆိုပြီး ရိုးရိုးလေးမှတ် ထားတာပဲ ကောင်းပါတယ်။ ဘုန်းတော်ကြီးတွေ သီလပေးတဲ့အခါ လိုက်ဆိုပြီးယူလိုက်တာပေါ့နော်။
လူတို့ဟာ ပါဏာတိပါတ စတဲ့ သိက္ခာပုဒ်ငါးပါးတို့ကို မလွန်ကျူးခြင်းဟာ ပင်ကိုယ်သဘော အားဖြင့် ပြည့်စုံတဲ့“ပကတိသီလ”လည်း ဖြစ်ပါတယ်။ သီလဆောက်တည်တာရဲ့ အကျိုးအနေနဲ့ကတော့ ဝိမာနဝတ္ထုတော်မှာ ဥတ္တရာ နတ်သမီး၊ သောဏဒိန္နာနတ်သမီး၊ ဥပေါသထ နတ်သမီးတို့ဟာ ဥပုသ်သီလ ဆောက်တည်ကျင့်သုံးသဖြင့် (နတ်သမီးတွေပဲ ဥပုသ်စောင့်ကြပြီး၊ နတ်သားတွေက ဥပုသ်မစောင့်ကြဘူးလား မသိဘူးနော်။ လူတွေမှာ ကြည့်ရင်လည်း အမျိုးသမီးတွေပဲ ဘုရားသွား၊ ကျောင်းသွား ဥပုသ်စောင့်ကြတာ များတယ်။ ဒါကြောင့် နတ်ပြည်မှာ နတ်သားတွေနည်းပြီး၊ နတ်သမီးလေးတွေ တစ်ဖက် လေးငါးရာ ဖြစ်နေတာနေမှာ။) ကြီးကျယ်ခမ်းနားတဲ့ နတ်စည်းစိမ်ကို ရရှိကြောင်း ဖေါ်ပြထားပါတယ်။ ဥပုသ်သီလဆောက်တည်သဖြင့် ကောင်းကျိုးရတဲ့ အခြားသာဓကဝတ္ထုများလည်း များစွာရှိပါသေးတယ်။ ဒါ့ကြောင့် ဥပုသ်သီလကို မပြတ်စောင့်ထိန်းသင့်ကြပါတယ်။
တကယ်တော့ ဝါတွင်းကာလဟာ ဥပုသ်သီလတွေ ဆောက်တည်ကြလို့ အလှူဒါနတွေပြုလုပ်ကြလို့ မြင့်မြတ်တဲ့ အခါသမယပဲဖြစ်ပါတယ်။ အထူးသဖြင့် ဝါဆိုလပြည့်နေ့ဟာ ကဆုန်လပြည့်နေ့လိုပဲ အလွန်ထူးခြားပါတယ်။ ဘုရားအလောင်းတော်ဟာ တုသိတာနတ်ပြည်မှ စုတေပြီးတော့ လူ့ပြည်မှာ ပဋိသန္ဓေနေတာ ဝါဆိုလပြည့်နေ့ဖြစ်ပါတယ်။ နမိတ်ကြီးလေးပါးကိုမြင်ပြီး တောထွက်တော်မူခဲ့တာလည်း ဝါဆိုလပြည့်နေ့ ဖြစ်ပါတယ်။ ဘုရားအဖြစ်သို့ရောက်ပြီး ဓမ္မစကြာတရားဦး ဟောတော်မူတာလည်း ဝါဆိုလပြည့်နေ့ဖြစ်ပါတယ်။ နောက်ပြီးသာဝတ္ထိပြည် သရက်ဖြူပင်ရင်းမှာ တိထ္ထိတွေကို နှိမ်နှင်းပြီး တန်ခိုးဗျာဒိတ်ပြတဲ့နေ့ဟာ ဒီဝါဆိုလပြည့်နေ့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ဝါဆိုလကို လမြတ်ဝါဆိုလို့ ပြောတာပါ။ မြတ်စွာဘုရားရှင်ရဲ့ ဖြစ်တော်စဉ်ကို အနည်းငယ်ပြန်လည် စေ့ငုကြည့်မယ်ဆိုရင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ ထီနန်းစည်းစိမ်ကို ခံစားပြီး သက်တော်(၂၉)နှစ်အရွယ် ရောက်တဲ့အခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဆိုတဲ့ နိမိတ်ကြီးလေးပါးကို မြင်တော်မူပြီး တောထွက်ကာ ရဟန်းပြုတော်မူပါတယ်။ ဘုရားအလောင်းတော်ဟာ အလွန်ပြုနိုင်ခဲတဲ့ ဒုက္ကရစရိယအကျင့်ကို ရဟန်းအဖြစ်နဲ့ (၆)နှစ်ပတ်လုံး ကျင့်တော်မူခဲ့ပြီး ဘာအကျိုးထူးမှမရတဲ့အတွက် ဒီအစွန်းရောက်အကျင့်အကြံကို စွန့်လွှတ်ပြီး အလယ်အလတ် မစ္ဇျိမပဋိပဋာလမ်းစဉ်ကို ပြန်ပြီးကျင့်သုံးတော်မူပါတယ်။ အဲဒီနောက် အသားအရေဝါဝါစိုစိုပြေပြေပြန်ဖြစ်လာတဲ့ အလောင်းတော်ဟာ သုဇာတာ သူဋ္ဌေးသမီးလှူဒါန်းတဲ့ ဃနာနို့ဆွမ်းကို အဇပါလညောင်ပင်ရင်းမှာ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော် မူပါတယ်။ သုဒ္ဓိယငစင်မြက်ထမ်းသမား (မြက်ရိတ်လုလင်)ဟာ မဟာဗောဓိပင်သို့ ကြွလာတဲ့ ဘုရားအလောင်းတော်ကို မြက်ရှစ်ဆုပ် လှူဒါန်းပါတယ်။
ဘုရားအလောင်းတော်ဟာ သုဒ္ဓိယငစင်လှူဒါန်းတဲ့ မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်တဲ့အခါ ခဏချင်းပဲ မြက်ရှစ်ဆုပ်ဟာ မဟာဗောဓိပင်ရင်းမှာ အပရာဇိတပလ္လင် ဖြစ်လာပါတယ်။ မြက်ပင်တွေဟာ မြတ်ရိပ်အသွင်သဏ္ဍာန်နဲ့ မရှိကြတော့ပါ။ ဘုရားအလောင်းတော်ဟာ ယင်းပလ္လင်ထက်မှာ ထက်ဝယ်ဖွဲ့ခွေနေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမာရ် (မာရ်နတ်ရန်) ကို အောင်မြင်တော်မူပြီး ညဉ့်ဦးယာမ်မှာ ရှေးကနေခဲ့(ဖြစ်ခဲ့)ဖူးတဲ့ ခန္ၶာအစဉ်ကို အောက်မေ့တတ် သိတတ်တဲ့ “ပုဗ္ဗေနိဝါသာ နုဿတိဉာဏ်”ကို ရတော်မူပါတယ်။ သန်းခေါင်ယာမ်မှာ နတ်တို့ရဲ့မျက်စေ့နဲ့ တူတဲ့ စုတေခါနီးတဲ့ သတ္တဝါ စသည်တို့ကို မြင်တတ်တဲ့ “ဒိဗ္ဗစက္ခုဉာဏ်” ရတော်မူပါတယ်။ မိုးသောက်ယာမ်မှာတော့ အာသဝေါတရား လေးပါးတို့ရဲ့ ကုန်ခြင်းကို ပြုတတ်တဲ့ “အာသဝက္ခယဉာဏ်” ကို ရတော်မူပြီး သက်တော်(၃၅)နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယာမ် အချိန်မှာ လေကသုံးပါးမှာ အတုမရှိတဲ့ သဗ္ဗညုဘုရားအဖြစ်ကို ရောက်တော်မူခဲ့ပါတယ်။
မြတ်စွာဘုရားသခင်ဟာ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရပြီး ဘုရားအဖြစ်ကို ရောက်တော်မူ ခဲ့ပြီးတဲ့နောက် မိမိတောထွက်လာစဉ်က ဦးစွာတွေ့ရတဲ့ ကမ္မဋ္ဌာန်းဆရာများဖြစ်ကြတဲ့ အာဠာရ ရသေ့နဲ့ ဥဒက ရသေ့တို့ကို တရားဦးဟောကြားဖို့ကြံစည်ပြီး ကြည့်တော်မူတဲ့အခါ ရသေ့နှစ်ပါးဟာ ဗြဟ္မာ့ဘုံကို ပြောင်းရွှေ့ရောက်ရှိနေကြောင်း သိရှိရတဲ့အတွက် ဒုတိယအလုပ်အကျွေးပြုခဲ့တဲ့ ပဉ္စဝဂ္ဂီငါးဦးထံ ကြွလာခဲ့ပါတော့တယ်။ ဘုရားအလောင်းတော် အစာမစားပဲ ဒုက္ကရစရိယာ ကျင့်နေရာမှ အစာပြန်စားသဖြင့် ဘုရားမဖြစ်နိုင်တော့ဘူးလို့ အားလျှော့ခဲ့ကြတဲ့ ပဉ္စဝဂ္ဂီငါးဦးဟာ ဘုရားအလောင်းတော် ဒီတစ်ခါလာရင် မြင်ပင်မြင်ရပေမယ့် ခရီးဦးကြိုမပြုလို့ ညှိနှိုင်းထားခဲ့ကြသော်လည်း ဘုရားရှင်ရဲ့ ဘုန်းတန်ခိုးတော် အနန္တကြောင့် ဘုရားကြွလာတဲ့အခါ နေရာက အားလုံးထကြပြီး သပိတ်သယ်သူသယ်၊ ခြေဆေးသူဆေးနဲ့ ခရီးဦးကြိုပြုစုကြတယ်။ ဘုရားရှင်ကလည်း ပထမဆုံးသော တရားဦးဒေသနာဖြစ်တဲ့ ဓမ္မစကြာနဲ့ အနတ္တလက္ခဏာသုတ်တော်ကို ဟောကြားတော်မူပါတယ်။ အဲဒါကတော့ ဓမ္မစကြာအခါတော်နေ့လို့ ခေါ်တဲ့ ဝါဆိုလပြည့်နေ့ပဲ ဖြစ်ပါတယ်။
ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊ ဣသိပတန နာမကေ၊ မိဂဒါယေ ဓမ္မဝရံ၊ ယံတံနိဗ္ဗာနပါပကံ…လို့အစချီတဲ့ ဓမ္မစကြာအမွှန်းလေးကို ဝတ်အဖွဲ့တွေ ရွက်ကြဆိုကြတာ ကြားဖူးကြမှာပါ။ ဓမ္မစကြာသုတ် ပါဠိနဲ့ အနတ္တလက္ခဏာသုတ်ပါဠိတို့ဟာ ရှည်တော့ ရှည်ပါတယ်။ ဒီတော့ အမြဲတမ်းမဟုတ်တောင် ရံဖန် ရံခါ ရွတ်ဖတ်ပေးနိုင်ရင် ကောင်းပါတယ်။ ဓမ္မစကြာသုတ်နဲ့ အနတ္တလက္ခဏာ သုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ် သရဇ္ဈယ်ပါက လူနတ်ချစ်ခင်၊ ကြည်ညိုခြင်း၊ သူတော်ကောင်းများနှင့် ကြုံတွေ့ရခြင်း၊ တရားထူးတရားမြတ်များကို နာယူခွင့် ကျင့်ကြံခွင့်နှင့် ဆုံစည်းရခြင်း၊ လောကီမှုတွင် အပြုမှား အမြင်မှားတို့မှ ကင်စင်စေခြင်း စတဲ့ အကျိုးထူးများကို ရရှိနိုင်တယ်လို့ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိရဲ့ အိမ်မှာ အဲဒီဓမ္မစကြာသုတ်နဲ့ အနတ္တလက္ခဏာသုတ်ပါဠိ အိတ်ဆောင်စာအုပ်လေးတွေ ဆောင်ထားပြီး ရွတ်ဖတ်ပေးသင့်ပါတယ်။
ဝါဆိုလမှာ ရဟန်းသံဃာတော်တွေကို ဝါဆိုသင်္ကန်းလည်း ဆက်ကပ်လှူဒါန်းကြပါတယ်။ ရဟန်းသာမဏေများဟာ ဆွမ်းခံထွက်ကြွတဲ့အခါမှာ ထီးမဆောင်းရ၊ ဖိနပ်မစီးရပါဘူး။ ခုလိုမိုးရာသီမှာဆိုရင် သင်္ကန်းတွေစိုရွှဲကုန်တဲ့အတွက် ထည်လဲဝတ်စရာ မလောက်ငတော့ပါဘူး။ ဒါ့ကြောင့် ဒီအခက်အခဲကို ဖြည့်ဆည်းတဲ့အနေနဲ့ သံဃာတော်များကို သင်္ကန်းကပ်လှူကြရတာပါ။ ဝါဆိုတော်မူကြမယ့် အခါကာလဖြစ်လို့ ဝါဆိုသင်္ကန်းရယ်လို့ခေါ်ကြတာပါ။ ဒါ့ကြောင့် ဝါဆိုသင်္ကန်း ကပ်ရတာဟာလည်း အင်မတန်မှ ကုသိုလ်ထူးပါတယ်။ ဝါဝင်ကာနီးမှာ ကုသိုလ်ပြုတဲ့ အနေနဲ့ ဒီဆောင်းပါးလေးကို အချိန်မီရေးပို့လိုက်ပါတယ်။ လမြတ်ဝါဆိုက အစပြုတဲ့ ဒီဝါတွင်းသုံးလမှာ ကျန်းမာ ချမ်းသာစွာနဲ့ ဥပုသ်သီတင်းသီလများ ဆောက်တည်နိုင်ကြပြီး မြတ်အလှူဒါနများလည်း ပြုလုပ်နိုင်ကြပါစေ။
TZO
8/7/2014