News

အောင်မြင်ထင်ရှားသော ကုမ္ပဏီကြီးများရဲ့ ထူးခြားတဲ့ ကုန်အမှတ်တံဆိပ်များအကြောင်း

တည်ထောင်အောင်မြင်ခဲ့တဲ့ ကုမ္ပဏီကြီးတွေရဲ့ ကုမ္ပဏီအမည်များမှာပဲဖြစ်ဖြစ်၊ ကုန်အမှတ်တံဆိပ်များမှာပဲဖြစ်ဖြစ် ထူးခြားတဲ့ အဖြစ်အပျက်တွေ ကိုယ်စီရှိခဲ့ကြပါတယ်။

လေ့လာမိသလောက် ပြောရရင်တော့ အရင်ဆုံး Adobe ကုမ္ပဏီအကြောင်းပြောပြပါမယ်။
Photoshop ဆော့ဖ်ဝဲနဲ့ တစ်ကမ္ဘာလုံး ကျော်ကြားခဲ့တဲ့ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့သူဟာ မစ္စတာ ဂျွန်ဝါးနောက့်ပဲ ဖြစ်ပါတယ်။

သူ့ရဲ့အိမ်နံဘေးမှာ ရစ်ခွေရင်း လှည့်ပတ်စီးဆင်းနေတဲ့ ချောင်းငယ်လေးတစ်ခုရဲ့အမည်ကို အစွဲပြုပြီး Adobe လို့ ခေါ်တွင်ခဲ့တာ ဖြစ်ပါတယ်တဲ့။

Apache Company
Apache ကို စတင်တည်ထောင်သူတွေဟာ ပရိုဂရမ်မာတွေပီပီ code လိုင်းတွေရှိတဲ့ လမ်းကြောင်းတွေကို ချိတ်ဆက်ပြီး လမ်းကြောင်းတစ်ခုချင်းစီရဲ့ နာမည်အတိုကောက်ကလေးကို မှည့်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီရလဒ်အရ ‘APAtCHy’ server ဆိုပြီး ဖြစ်လာခဲ့တယ်။ အဲဒီကမှ ‘Apache’ ဆိုပြီး server ကုမ္ပဏီပေါ်ပေါက်လာခဲ့တာပါပဲ။

Apple Company
Apple ကုမ္ပဏီအမည်ပေးဖို့ Steve Job တစ်ယောက် သုံးလတိုင်တိုင် စဉ်းစားမရခဲ့ပါဘူး။ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလည်း ဖြစ်လာစေချင်တယ်။ ကုမ္ပဏီအသစ်လည်း ဖြစ်နေတယ်။ ဖြစ်ချင်တော့ ကုမ္ပဏီရယ်လို့ တည်ထောင်ဖွဲ့စည်းပြီးခဲ့ပြီ။

တရားဝင်စာရွက်စာတမ်းတွေနဲ့တကွ ရုံးဌာနတွေကို မလျှောက်ရသေးတာသာ ရှိတာ ဝန်ထမ်းတွေလည်း ခန့်အပ်ထားခဲ့ပြီ။ ဒါပေမယ့် နာမည်ကလည်း စဉ်းစားမရ။ အဲဒီလိုနဲ့ နေရင်း တစ်နေ့တော့ သူ့ဝန်ထမ်းတွေကို ခေါ်ပြီးပြောတယ်။ တကယ်လို့ ဒီနေ့ ငါးနာရီမှာ ကျွန်တော့်ကို အကောင်းဆုံး အမည်ပေးနိုင်တဲ့လူရှိရင် အဲဒီနာမည်နဲ့ ကျွန်တော် လိုင်စင်လျှောက်လိုက်တော့မယ်ဗျာလို့ ဆိုလိုက်ပါသတဲ့။ ဒါပေမယ့် ကံဆိုးချင်တော့ ညနေ ငါးနာရီသာ ထိုးသွားရော။ ဘယ်လူတစ်ဦးတစ်ယောက်ကမှ သူလိုချင်တဲ့ အကောင်းဆုံးအမည်ကို စဉ်းစားမပေးနိုင်ခဲ့ဘူး။

အဲဒီအချိန်မှာ နာမည်လာပေးနိုးနဲ့ လာပေးနိုးနဲ့ စတိဗ်ဂျော့ဘ်တစ်ယောက် ‘ပန်းသီး’ တစ်လုံးကို ထိုင်စားရင်း စောင့်နေခဲ့တယ်။

ကံကောင်းချင်တော့ သူ့ကုမ္ပဏီအတွက် အကောင်းဆုံးအမည်ကို စဉ်းစားလို့ရသွားခဲ့ပါတော့တယ်။ အဲဒီအမည်က ဘာလဲ သိလောက်ပြီထင်ပါတယ်နော်။ ကုမ္ပဏီအမည်က ယနေ့အထိ နာမည်ကြီးလာခဲ့တာကတော့ Apple လို့ ခေါ်တွင်လာခဲ့ခြင်းပါပဲ။

CISCO Company
ဒီကုမ္ပဏီကတော့ ရိုးစင်းစွာ မှည့်ခေါ်ခဲ့တယ်။ သူတို့ဟာ ဆန်ဖရန်စစ္စကိုမှာ စတင်အခြေစိုက်ခဲ့ကြတယ်။ San Francisco မြို့နာမည်နောက်က အက္ခရာငါးလုံးကို သုံးစွဲခဲ့တာပါတဲ့။

နောက်ကုမ္ပဏီတစ်ခုကတော့ အတော်ကို မြန်မာနိုင်ငံမှာ ရေပန်းစားတဲ့ Google ကုမ္ပဏီပဲဖြစ်ပါတယ်။ Google နာမည် ဖြစ်ပေါ်လာတဲ့ပုံကတော့ တကယ် ဟာသဆန်ပါတယ်။ အမှန်တကယ်က သင်္ချာဗေဒ ထပ်ညွှန်းသဘောနဲ့ပြောရရင် ၁၀ ကို ၁၀ဝ ထပ် ထပ်တာပါ။ ၁၀ ကို ၁၀ ချင်း ၁၀ဝ ကြိမ်မြောက်ထားတဲ့အခါမှာ ရလာတဲ့အခြေ တစ်ရဲ့နောက်က သုညအလုံးတစ်ရာကို googol လို့ ခေါ်ဆိုတာပါတဲ့။ အဆမတန်များပြားတဲ့ webpage တွေရှိနေတဲ့ search engine လို့ ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အရင်က ဂိုဂယ်အသုံးမပြုခင်သုံးကြပါတယ်။ ဘာလဲဆိုတော့ hotmail ကုမ္ပဏီပါပဲ။
Jack smith ဟာ ကမ္ဘာတစ်ခုလုံးရဲ့ ဘယ်နေရာကမဆို ကွန်ပျူတာကို သုံးစွဲလိုက်တာနဲ့ email နဲ့စာကို အပို့အယူ လက်ခံနိုင်ရင် သိပ်ကောင်းမှာပဲဆိုတဲ့ အတွေးတစ်စ ရခဲ့တယ်။ အဲဒီ email ကိုလည်း webpage တွေကို ရေးသားတဲ့ ဘာသာစကား ‘html’ ပုံစံမျိုး လက်ခံနိုင်ရင် သတင်းစာမျက်နှာတွေကို email inbox ထဲ အရောက်ပို့ပေးနိုင်မှာပဲဆိုပြီး ယုံကြည်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူ ယုံကြည်ရာကို

စိုက်လိုက်မတ်တတ် ကြိုးစားခဲ့ရင်း html ပုံစံ web mail တစ်ခု ဖြစ်လာခဲ့တယ်။ HoTMail စာလုံးတွေကို ဂရုစိုက်ကြည့်ရင် ‘html’ တည်ဆောက်ပါဝင်တဲ့ email ဆိုတာ သဲကွဲသွားမှာပါလို့ ဆိုထားပါသေးတယ်။
ဒီလို ထူးခြားစွာ ဇာတ်လမ်းလေးတွေရှိတဲ့ ဒီ့အပြင်ကုမ္ပဏီတွေလည်း ရှိနေဦးမှာပါ။

 

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *