Opinion

ပင်စင်စားကြီးရဲ့ ဖုန်းလျှောက်ရတဲ့အတွေ့အကြုံ

ပြီးခဲ့တဲ့ အပတ်က လမ်းထဲက ရာအိမ်မှူးကိုမြင့်ဦးက ကိုသန့်စင်ကို အကြောင်းကြားစာ မိတ္တူ တစ်စောင်လာပေးတယ်။ အကြောင်းအရာမှာ ပင်စင်စားဝန်ထမ်းများအားတန်ဘိုးနည်းမိုဘိုင်းဖုန်းများ ရောင်းချပေးရန် ကိစ္စဆိုပြီး ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့ကို လိပ်မူထားတဲ့ အကြောင်းကြားစာပါ။ အဲဒီအကြောင်းကြားစာမှာပါတာကတော့….။

“အထက်အကြောင်းအရာပါကိစ္စနှင့်ပက်သတ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ သက်ပြည့် (သက်ရှိ) ပင်စင်စားဝန်ထမ်းများအား တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို ရောင်းချပေးနိုင်ရန်အတွက် စည်ပင်အတွင်းပင်စင်စားများ အတွက် သက်ဆိုင်ရာမြို့နယ် စာတိုက်များတွင်လည်းကောင်း ၊ စည်ပင်ပြင်ပပင်စင်စားများအတွက် သက်ဆိုင်ရာမြို့နယ် အိတ်ချိန်းများတွင်လည်းကောင်း (၁၀-၃-၂၀၁၄) ရက်နေ့မှစ၍ ပူးတွဲဖော်ပြပါအထောက်အထားစာရွက်များ မိတ္တူ (၁)စုံဖြင့် သွားရောက်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။

ပုံစံမိတ္တူများဖြင့် လျှောက်လွှာတင်ထားသူများအား(၁၇-၃-၂၀၁၄)နေ့တွင် မူရင်းပုံစံများပြသ၍ လျှောက်ထားစဉ်က လက်ခံ ထားရှိသည့်အမှတ်စဉ်အတိုင်း ဖုန်းကတ်များ ရောင်းချပေးမည်ဖြစ်ပါသည်။ သတ်မှတ်အရည်အတွက်ထက် ကျော်လွန်သွား သူများအားလည်း နောက်လများတွင် လျှောက်ထားစဉ်က လက်ခံထားရှိသည့် အမှတ်စဉ်အတိုင်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများသို့လည်း သက်ပြည့်ပင်စင်စားဝန်ထမ်းများသိရှိနိုင်ရန်အတွက် ဆက်လက် အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်” လို့ဖြစ်ပါတယ်။

လျှောက်လွှာတင်ရင် ယူဆောင်သွားရမယ့် စာရွက်စာတမ်းတွေကတော့…..
၁။ ပင်စင်စာအုပ်(မိတ္တူ/မူရင်း)
၂။ မှတ်ပုံတင် (မိတ္တူ/မူရင်း)
၃။ ဓာတ်ပုံ (၂)ပုံ
၄။ နေထိုင်ကြောင်း (သန်းခေါင်းစာရင်းမူရင်း/မိတ္တူ(သို့) ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်
ခံချက်(သို့) ဧည့်စာရင်း)
၅။ သက်ပြည့်ပင်စင် (အမျိုးအစားဖြစ်ပြီး)
၆။ သက်ရှိထင်ရှား (ရှိရမည်)တို့ဖြစ်ပါတယ်။

နောက်တစ်ရက်ကျတော့ ကိုမြင့်ဦးက ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံချက်ပုံစံလေးယူလာပြီး ရာအိမ်မှူးလက်မှတ်ထိုးပေး သွားတာနဲ့ ကိုသန့်စင်လည်း အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ထောက်ခံစာသွားယူပါတယ်။ ဆက်သွယ်ရေးရဲ့အထဲမှာတော့ တန်ဖိုးနည်းမိုဘိုင်းဖုန်းလို့ပဲပါတယ်။ CDMA လား၊ GSM လား၊ WCDMA လားဆိုတာကွဲကွဲပြားပြားဖော်ပြမထားပါ။ ကိုသန့်စင်တို့ကနေဦးသိရတာကတော့ ပင်စင်စားတွေအတွက် WCDMA ပေးမှာလား လို့သိရပါတယ်။ အေးလေ- ဘာပဲဖြစ်ဖြစ် ဆင်းမ်ကဒ်တစ်ခု (၁၅၀ဝ)ကျပ်နဲ့ရမှာဆိုတော့လည်း လျှောက်ကြည့်လိုက်တာပေါ့။

သတင်းတစ်ခုအရတော့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ယခုလအတွက်ကျပ် (၁၅၀ဝ)တန် စီဒီအမ်အေကတ်နှစ်သိန်း ချပေးမယ်လို့သိရပါတယ်။ ယခုလ(ဖေဖေါ်ဝါရီ)အတွက်ချထားပေးမယ့် ကျပ် ၁၅၀ဝတန်ဆင်းမ်ကတ်များတွင် စီဒီအမ်အေကတ် ရေနှစ်သိန်းကျော်ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှသိရတယ်ဟုဆိုပါတယ်။ ကျပ်၁၅၀ဝတန် ဖုန်းဆင်းမ်ကတ် သုံးသိန်းခွဲကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင် လစဉ်မဲဖေါက်သည့် အစီအစဉ်ဖြင့် ရောင်းချလျက်ရှိပြီး မတ်လတွင် CDMA 800MHz လိုင်းအရေအတွက် ပိုမိုချထားနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ ဒီလမှာချထားပေးမည့် ကတ်အမျိုးအစားရဲ့ အရေအတွက်ကိုတော့ သေချာပြောလို့မရသေးကြောင်း၊ စီဒီအမ်အေ ကိုတော့နှစ်သိန်းနီးပါးလောက်ချပေးဖို့လျာထားကြောင်း၊ အဲဒီအတွက်လည်း လိုင်းတိုးချဲ့တဲ့အပိုင်း တွေပြင်ဆင်နေကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးတာဝါတိုင်လိုင်းများ တိုးချဲ့ရေးပိုင်းမှာ ဟွာဝေးလ် ကုမ္ပဏီက နည်းပညာ နဲ့ ပူး ပေါင်းဆောင်ရွက်တာဖြစ်ပြီး တန်ဖိုးနည်းဖုန်းတွေဆက်လက်ရောင်းချနိုင်ရန်အတွက် လိုင်းတစ်သန်းထပ်မံတိုးချဲ့လျှက်ရှိကြောင်းသိရပါတယ်။ အထက်ပါအရာရှိကပင် ကတ်များကို MEC နဲ့ ဆက်သွယ်ရေးက ပေါင်းပြီး ရောင်းသွားမှာဖြစ်ကြောင်း၊ ခွဲတမ်းကိုတော့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေကနေ တဆင့်ပဲ ချပေးသွားမှာဖြစ်ကြောင်း၊ ဆင်းမ်ကတ် မရသေးတဲ့ဦးရေတွေကလည်း များသေးတော့ ဆက်ချသွားမှာ ဖြစ်ကြောင်းပြောပါတယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဆင်းမ်ကတ်များသည် သတ်မှတ်ရက် အတွင်းနှင့် သတ်မှတ်ထားသည့်ပမာဏအတိုင်းမသုံးပါက ကတ်ပျက်စီးတတ်တယ်လို့သိရပါတယ်။

၁၅၀ဝတန် ဆင်းမ်ကတ်တွေစပြီးချပေးတုန်က ကိုသန့်စင်ရဲ့မဟေသီလည်း ကျောင်းကနေ စီးဒီအမ်အေတစ်လုံးရပါတယ်။ သူတို့သတ်မှတ်ရက်အတိုင်း သတ်မှတ်ပမာဏကိုသုံးတဲ့အပြင် နောက်ထပ်ငွေဖြည့်ကတ် နှစ်ကြိမ်ထည့်ပြီးသုံးပါတယ်။ တတိယအကြိမ်မှာတော့ ငွေလက်ကျန် မစစ်မိပဲ ကုန်နေတာ သိတော့မှ ငွေဖြည့် ကတ်သွားထည့်တာပြောလို့မရတော့ပါ။ ကတ်ပိတ်လိုက်ပြီလို့ သိရပါတယ်။ ပြန်လျှောက်ရင်လည်း ဟိုသွား လျှောက်ရမယ်။ ဒီသွားလျှောက်ရမယ်နဲ့ အလုပ်ရှုပ်တာနဲ့ ပြန်မလျှောက်ဖြစ်တော့ပါ။ နောက်ဆုံးတူလေးရဲ့ သူငယ်ချင်းတစ်ယောက်က သူပြန်လျှောက်ပြီး သုံးမယ်ဆိုတာနဲ့ နှစ်သောင်းနဲ့ပဲ ပေးလိုက်ပါတယ်။ အဲဒီအချိန် တုန်းက အပြင်မှာ ဆင်းကတ်တွေရဲ့ ပေါက်ဈေးက ကျပ်ခြောက်သောင်းကနေ ကိုးသောင်းဝန်းကျင်ခန့် ဈေးရှိ နေပါတယ်။ ဒီတစ်ပတ်တော့ စီတွေ ပေးထားတာများလို့ နှစ်သောင်းခွဲလောက်ပဲရှိတော့တယ်လို့ သိရပါတယ်။ အမှန်ကတော့ ပေးမယ့်ပေးလည်း ကန့်သတ်ချက်တွေ မထားသင့်ပါ။ သူတို့ကလီပြီးပေးနေပြီးတော့ ရောင်းစားမှာ ကလည်းစိုးတော့ အဲဒီလိုကန့်သတ်ချက်တွေ ထည့်လိုက်တာ။ ဒါပေမယ့် ဟန်းဆက်ဖိုး နောက်ထပ် မလိုက်နိုင်တဲ့ သူတွေက ပိုနေတဲ့သူတွေကတော့ ရောင်းစားနေဦးမှာပဲ။ ဒါကြောင့်လည်း အပြင်မှာ ဈေးကွက်ရှိနေတာပေါ့။ နောက်ပိုင်းမှာတော့ ၁၅၀ဝနဲ့ ဘယ်မှာဝယ်ဝယ် ဘယ်သူဝယ်ဝယ် ပျောက်သွားရင်ပဲဖြစ်ဖြစ် ၊ ပျက်သွားရင်ပဲဖြစ်ဖြစ် ဂရုစိုက်စရာမလိုတော့ပါ။ အော်ရီဒူးကတော့ အခမဲ့တောင် ပေးဦးမယ်လို့ ပြောနေပါတယ်။

အော်ရီဒူးက အခမဲ့မပေးခင် MEC က ရောင်းပေးတာလေး ရတာလေးယူထားရအောင် ၁၀ရက်နေ့(တနင်္လာနေ့)က သာကေတမြို့နယ် စာတိုက်ကို ကိုသန့်စင် ချီတက်ခဲ့ပါတယ်။ (ရပ်ကွက်ထဲမှာလည်း လျှောက်ထားပါတယ်။ ပေးတာဘယ်နှစ်ကြိမ် ရှိပြီလဲ၊ တစ်ခါမျှ မပေါက်ပါ။ ခုတစ်ပတ်ဆိုရင် လမ်းထဲမှာစီ ခုနှစ်လုံးတောင် ရပါတယ်။ ကိုသန့်စင် နာမည်တောင် မထွက်ပါ။ ကုသိုလ်ကံက အဲဒီလိုပါ။ ဒီတော့ နိုင်ငံတော် အစိုးရရဲ့ စေတနာနဲ့ သေချာတဲ့ မြို့နယ်ဆက်သွယ်ရေး စခန်းကိုပဲ မြန်းခဲ့ခြင်း ဖြစ်ပါတယ်။) ကိုးနာရီကျော်ကျော် လောက် စာတိုက်ကိုရောက်သွားပါတယ်။ လူတွေမှ မနည်းပါ။ သုံးလေးရာလောက် ရှိမယ်ထင်ပါတယ်။ စာတိုက်မှူးနဲ့ ဝန်ထမ်းတွေကို ခုတလော ခေတ်စားနေတဲ့ ဆန္ဒထုတ်ဖော်ပွဲများ လုပ်နေသလားလို့ ထင်ရတယ်။ သာကေတမှာ ပင်စင်စားတွေ ဒီလောက်များမှန်းမသိဘူး။ ဒါတောင် ဒီထဲမှာ အသိနှစ်ယောက်လားပဲ တွေ့တယ်။ ကိုသန့်စင်ရောက်သွားတော့ ရုံးရှေ့က အပေါက်ဝမှာ ချထားတဲ့ ကုလားထိုင်ပေါ်မှာ လျှောက်လွှာတွေ ထပ်တာတွေ့လို့ ကိုယ်လည်းဝင်ထပ်လိုက်ပါတယ်။ ဒါက တတိယအပုံတဲ့ ပထမတစ်ပုံနဲ့ ဒုတိယတစ်ပုံက ရုံးထဲကို ယူသွားပြီတဲ့၊ လျှောက်လွှာအစဉ်အလိုက် နာမည်တွေခေါ်ပြီး စာတိုက်မှူးနဲ့ သွားတွေ့ရပါတယ်။ ပင်စင်စာအုပ်မူရင်း၊ မှတ်ပုံတင်မူရင်း ၊ သန်းခေါင်စာရင်းမူရင်းတို့ကို ပြရပါတယ်။ စာတိုက်မှူးက စိစစ်ပြီး သက်ပြည့်ပင်စင်လည်း မှန်တယ်၊ တခြားစာရွက်စာတမ်းတွေလည်း မှန်တယ်။ Pass ဖြစ်ပြီဆိုရင် ဝန်ထမ်း တစ်ယောက်က Register လုပ်ပြီး လက်မလောက စာရွက်လေးမှာ Register နံပါတ်ကို ရေးပေးလိုက်ပါတယ်။ ဖုန်းကတ်ထုတ်ရမယ့်စလစ်လေးပေါ့။ သူတို့ချိန်းတဲ့ရက်ကိုသွားလိုက်ရုံပဲ။ ရုံးထဲမှာလည်း လူတွေပြည့်ကြပ်နေတာနဲ့ ကိုသန့်စင်လည်း အပြင်မှာပဲစောင့်နေတုန်း အသိတစ်ယောက်နဲ့ တွေ့လို့ သူလည်း အပုံ(၃)ပဲ နေ့လည် တစ်နာရီလောက်မှ ခေါ်နိုင်မယ်လို့ ပြောတာနဲ့ စာမူခထုတ်ဖို့ ထွက်လာခဲ့လိုက်တယ်။ စာမူခထုတ်ပြီး အပြန် အိမ်ကိုခဏဝင်၊ ထမင်းစားပြီး တစ်နာရီလောက်မှ စာတိုက်ကိုထွက်ခဲ့တယ်။ အဲဒီအချိန်မှာပဲ သူတို့ထမင်းစားချိန် နားပြီး အပုံ(၃)ကို စကိုင်နေပြီဖြစ်ပါတယ်။ လျှောက်လွှာတွေကလည်း (၆)စုံမြောက်ဖြစ်နေပါပြီ။ ဒီလူတွေကတော့ မနက်ဖန်မှ ခေါ်နိုင်တော့မယ်။ညနေ(၃)နာရီလောက်ကျတော့ အပုံ(၄)နဲ့ (၅)က လူတွေကို ပြန်ခိုင်းပြီး မနက်ဖန် ချိန်းလိုက်ပါတယ်။ အပုံ(၃)ကိုတော့ ဒီနေ့ပဲကုန်အောင်ခေါ်ပေးမယ်ဆိုပြီး စောင့်ရမယ့်လူတွေရဲ့ နာမည်စာရင်းကို အော်ပေးပါတယ်။ ငါးယောက် တစ်သုတ်သွင်းပါတယ်။ (၃)နာရီခွဲကျော်တော့မှ ကိုသန့်စင်ရဲ့ နာမည်ကြားရပါတယ်။ ဒါတောင် မဝင်ရသေးဘူး စောင့်နေရဦးမှာ။ ကိုယ့်နာမည် ထွက်လာတော့မှပဲ ကိုသန့်စင်လည်း ဗိုက်ဆာလာတာနဲ့ ရုံးဘေးက လ္ဘက်ရည်ဆိုင်မှာ အအေး တစ်ပုလင်းနဲ့ ပဲပေါင်မုန့်တစ်လုံးနဲ့ ဗိုက်ဖြည့်ရပါတယ်။ နောက်ပြီးတော့ ကိုယ့်အလှည့်က လိုသေးတာ နဲ့ အိမ်ကိုဖုန်းလှမ်းဆက်ပြီး ကိုသန့်စင်ရဲ့ မဟေသီကို ပင်စင်စာအုပ်ရှာပြီး မိတ္တူပါ တစ်ခါတည်းဆွဲပြီး စာတိုက်ကိုလိုက်ခဲ့လို့ မှာရပါတယ်။ e-pension  ကတ်တွေထုတ်ပေးထားတာ ဆိုတော့ စာအုပ်တော့ မလိုလောက်ဘူးဆိုပြီး ကိုယ်က မယူခဲ့ဘူးလေ။ ဒါပေမယ့် ပင်စင်စာအုပ်ပြရတယ်။ ပင်စင်စာအုပ်နဲ့ စစ်တယ် ပင်စင်စာအုပ်မိတ္တူလည်းပါရတယ်ဆိုတော့။ နာရီဝက်လောက်နေတော့ မဟေသီလည်း ရောက်လာပြီး ပင်စင်စာအုပ်လည်းပါတယ်။ မိတ္တူလည်းဆွဲခဲ့တယ်ဆိုတော့ စိတ်အေးသွားရပါတယ်။ ခြောက်နာရီ ခွဲလောက်ကျတော့ ကိုသန့်စင်နာမည်ကိုခေါ်ပါတယ်။ ကိုယ့်ရှေ့မှာလည်း စာတိုက်မှူး စစ်နေတာ လေးငါးယောက်ရှိနေသေးလို့ နောက်ကတန်းစီရပါတယ်။ ဒီနေ့အတွက်က စောင့်ရကြိုးနပ်တယ်လို့ ပြောရပါမယ်။ ကိုသန့်စင်ရဲ့နောက်မှာ အမျိုးသမီးတစ်ယောက်ပဲ ရှိပါတော့တယ်။ ခုနှစ်နာရီထိုးလောက် ကျတော့ ဇွဲဆုအဖြစ် စလစ်လေး တစ်စောင်ရပါတယ်။ နံပါတ်က ၂၇၅ပါ။ (ချဲထိုးချင်တဲ့သူတွေလည်း ထိုးနိုင်တယ်နော်) စိတ်ရှည်ရှည်နဲ့ ဆောင်ရွက်ပေးတဲ့ စာတိုက်က ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါ တယ်။

ဆင်းမ်ကတ်တွေကို မတ်လ(၁၇)ရက်ကစပြီး ထုတ်ပေးမှာဖြစ်ပေမယ့် ကိုသန့်စင်ရဲ့ စီရီယာနံပါတ်က နှစ်ရာကျော်မို့လို့ ၂၀ ရက်နေ့ကို ချိန်းလိုက်ပါတယ်။ လျှောက်လွှာလာတင်တဲ့ သူတွေထဲကတစ်ယောက်ကတော့ ပြောတာတော့ သာကေတကDown Town  မြို့နယ်ဆိုတော့ ၃၀ဝ နဲ့ ၄၀ဝ ပတ်ဝန်းကျင်လောက်တော့ ခွဲတမ်းရနိုင်မယ်လို့ပြောတယ်။ ဆင်းမ်ကတ် ၃၀ဝ ဆိုရင်တောင် ကိုသန့်စင်နံပါတ်က ၂၇၅ ဆိုတော့ သေချာနေပြီပေါ့။ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ဖေဖော်ဝါရီလအတွင်း ရောင်းချပေးခဲ့တဲ့ ဖုန်းဆင်းမ်ကတ်အရေ အတွက်မှာ စီဒီအမ်အေ ၈၀ဝ ကတ်ရေ ၂၅၀ဝ၀ဝ ၊ ဂျီအက်စ်အမ်ကတ်ရေ ၅၀ဝ၀ဝ နှင့်WCDMAကတ်ရေ ၅၀ဝ၀ဝ ဖြန့်ဖြူးရောင်းချခဲ့တယ်လို့ သိရပါတယ်။ မတ်လအတွက်လည်း ဒီအရေအတွက်ထက်တော့ မလျော့နိုင်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ ခုနှစ်လပိုင်း ၊ ရှစ်လပိုင်းလောက်ဆိုရင် အော်ရီဒူနဲ့ တယ်လီနောတို့က ဆင်းမ်းကတ်တွေ ထုတ်တော့မှာ။ အလကားတောင်ပေးရင် ပေးမယ်ပြောနေတာ။ အဲဒီတော့ MEC က သူ့ကတ်တွေ အမြန်ထုတ်မှ ဖြစ်တော့မှာပေါ့။

ဒီနေရာမှာ ကိုသန့်စင်တစ်ခုပြောချင်တာက လူတွေရဲ့ လောဘအကြောင်းပါ။ ကိုယ်လည်း လောဘ ရှိလို့ တစ်နေကုန်အောင် တန်းစီခဲ့တာပေါ့။ ပုထုဇဉ်တွေပဲ လောဘ ၊ ဒေါသ ၊ မောဟတွေ မကင်းနိုင်ပါဘူး။ အဲဒီတရားတွေ နည်းပါးသွားအောင်ပဲ ကြိုးစားကြရမှာ မဟုတ်လား။ လောဘရှိတဲ့ နေရာမှာ မတရားလောဘ မဖြစ်ဖို့လိုတယ်။ ခုပဲကြည့်လေ ဖုန်းဆင်းမ်းကတ်တွေကို ခုတစ်သုတ်က သက်ပြည့်ပင်စင်သမားတွေပဲ ပေးဦးမယ် ပြောတာ။ နှစ်ပြည့်ပင်စင်သမားတွေရော တခြားပင်စင်တွေ ရော လာလျှောက်ကြတာ။ စာတိုက်မှူးဆီမှာ စစ်တော့ အဲဒါတွေက ကြာနေတာပေါ့။ လေးငါးယောက် တစ်သုတ်ကို နာရီဝက်လောက်ကြာနေတယ်။ ထားတော့ အဲဒါကတော့ ရလိုရငြားဆိုပြီး လာထပ်ကြတာ ပေါ့။ အဲဒီထက်ဆိုးတာက လျှောက်လွှာလည်း ထပ်မထားဘဲ လျှောက်လွှာအပုံမှာ ကိုယ့်လျှောက်လွှာပဲ ရှာသလိုလိုနဲ့ ဟိုလှန်ဒီလှန်လုပ်ရင်း သူ့အိတ်ထဲက လျှောက်လွှာကိုထုတ်ပြီး အပုံပေါ်မှာ တင်လိုက်တယ်။ အဲဒါ စာတိုက်ဝန်ထမ်းတွေ ရှေ့မှာနော်။ သူတို့ကလည်း သူတို့အာရုံနဲ့သူတို့ သတိမထားမိဘူး။ ကောင်တာအပြင်ကစောင့်နေတဲ့ သူတွေကတွေ့တာ။ ကိုသန့်စင်လည်း ရုံးထဲမှာ အိုက်တာနဲ့ အပြင်ထွက်နေတာ ရုံးထဲက အော်ကျယ်ဟစ်ကျယ်အသံတွေ ကြားတော့ ဝန်ထမ်းတွေနဲ့ စကားများကြတယ်ထင်တာ။ လူတွေများတော့လည်း စိတ်မရှည်ကြတော့ဘူးပေါ့လေလို့ ထင်လိုက်တာ။ နောက်တော့မှ ရုံးထဲမှာရှိနေတဲ့ မဟေသီက ပြောပြတော့မှ အော်-ဒီလိုဒီလိုကိုးလို့။

ရှင်းရှင်းပြောရရင် ပင်စင်စားဆိုမှ အသက်ကြီးပါပြီ။ ခြောက်ဆယ်ကျော်ရင် အဖိုးကြီးလို့ပဲ သတ်မှတ်တော့တာ။ ဒီအရွယ်ကြီးကျမှ မသမာမှုလုပ်ချင်တဲ့ စိတ်ရှိတာကို အံ့သြမိတာပါ။ လူလည်ကျချင်တာပေါ့ သူများတွေ အပင်ပန်းခံပြီး (တချို့မနက် ၅ နာရီလောက်ထဲက လာထပ်ကြတာ တဲ့။ သူတိုကတော့ ဝီရိယ အကျိုးခံစားရပြီး စောစောပြီးသွားတာပေါ့လေ) တစ်နေကုန် စောင့်နေရတာကို သူက လျှောက်လွှာမထပ်ထားပဲ လူလည်ကျပြီး သူများတွေရဲ့ လျှောက်လွှာအပုံပေါ်မှာ (လက်ရှိနာမည်ခေါ်ပြီးသွင်းနေတဲ့ လျှောက်လွှာတွေပေါ်မှာ) သူများမမြင်ဘူးထင်ပြီး သူ့လျှောက်လွှာကို ကမန်းကတန်းတင်လိုက်တာ။ ဒါပေမယ့် ရုံးထဲမှာက လျှောက်လွှာတင်ပြီး စောင့်နေတဲ့သူတွေက မျက်လုံးပေါင်း တစ်ထောင်လေ။ ဒီလူက သူ့ရဲ့ဝန်ထမ်းဘဝမှာ လည်း ဒီလိုပဲ မသမာမှုတွေ လုပ်ခဲ့သလား။ ဒါပေမယ့် သက်ပြည့်အငြိမ်းစားယူတဲ့အထိ နေခဲ့ရတာဆိုတော့ ဘာမှမဖြစ်ခဲ့လို့ပေါ့နော်။ တွေးကြည့်တာပါ။ လောဘရဲ့စေ့ဆော်မှုကြောင့် ဒီလိုလုပ်လိုက်တာဖြစ်မှာ သူ့ရဲ့လုပ်ရပ်က လျှောက်လွှာထပ်ထားပြီး ပုံမှန်အတိုင်းစောင့်နေရတဲ့ သူတွေကို ဒေါသထွက်စေတာပေါ့။ တကယ်တော့ ဒီလမရလည်း နောက်လရမှာပါ။ တစ်ကြိမ်ပြီးတစ်ကြိမ် ပေးသွားမှာပါ။ သူများလို လိုချင်ရင် သူများလိုပဲ စောစောလာထပ်ပေါ့နော်။ ကိုသန့်စင်တောင် စာတိုက်ကို ကိုးနာရီခွဲမှ ဖွင့်မှာလေဆိုပြီး ကိုးနာရီ ကျော်ကျော်လောက် လာထပ်တာ မနက်ငါးနာရီလောက် လာထပ်တဲ့ သူတွေရှိနေတော့ တစ်နေကုန်အောင် စောင့်လိုက်ရတယ်။ တစ်နေ့ထဲနဲ့ ရလိုက်လို့ တော်သေးတာပေါ့။ အမှန်က ဆက်သွယ်ရေးက လိုသလောက် ရောင်းပေးနိုင်မယ်ဆိုရင်တော့ ဒီလိုအဖြစ်မျိုးရှိမှာ မဟုတ်ဘူး။ ဒီလိုလည်း အပင်ပန်းခံရမှာ မဟုတ်ဘူး။ အေးလေ သူတို့ကလည်း သူ့အစီအစဉ်နဲ့ သူရှိမှာပေါ့လေ။ ခုခေတ်မှာကလည်း ဟန်းဖုန်းလေးတွေ ကိုယ်စီနဲ့ သူကိုင်ကိုယ်ကိုင် ဖြစ်နေတော့ ဈေးပေါပေါနဲ့ သုံးနိုင်တဲ့အတွက် လိုချင်တာပေါ့နော်။ တစ်ချိန်တုန်းကဆိုရင် ဆယ့်ငါးသိန်း ၊ သိန်းနှစ်ဆယ်လောက် တတ်နိုင်မှ ဖုန်းကိုင်နိုင်တာမဟုတ်လား။ တစ်ခြားမြို့နယ်တွေမှာလည်း တစ်ပြိုင်တည်းပေးတာဆိုတော့ ဒီလိုပဲ တိုးနေကြမှာပဲ။ ကျောက်မြောင်းက သူငယ်ချင်းဆီကို အခြေအနေ မေးချင်လို့ ဖုန်းဆက်ကြည့်တာ လူကြီးမင်းနဲ့ပဲ တွေ့နေတယ်။ သူတို့ကလည်း ဖုန်းကမမြဲဘူး။အရင်ဖုန်း ရောင်းလိုက် နောက်တစ်လုံးဝယ်လိုက်။ ပြန်ရောင်းလိုက် ၊ ပြန်ဝယ်လိုက်နဲ့ ပိုက်ဆံလိုတာလည်း မဟုတ်ဘူး။ တိုက်ခန်းရောင်းထားတဲ့သူတွေ။ တိုက်ခန်းလည်းဒီလိုပဲ။ ကျောက်မြောင်းက အမွေရတဲ့ တိုက်ခန်းကိုရောင်းပြီး သင်္ဃန်းကျွန်းမှာ (၁)ခန်းသွားဝယ်နေတယ်။ ဟော ကြည့် အခုသင်္ဃန်းကျွန်းက တိုက်ခန်းကို ပြန်ရောင်းပြီး ကျောက်မြောင်းမှာ ပြန်ဝယ်နေပြန်တယ်။ သူတို့က အဲဒီလို။ ဟဲ ဟဲ သူများအကြောင်းပြောရင် အတင်းဖြစ်ဦးမယ်။ ကိုမျိုးမြင့်က မယကဥက္ကဋ္ဌ သိပ်လုပ်ချင်တာ။ ရုံးချုပ်က နယ်ကို ပေးမဆင်းလို့။ ဒီတော့ ပင်စင်ယူပြီးမှပဲ အိမ်မှာ မယကဥက္ကဋ္ဌလုပ်နေတာ။ မင်းသဘောမင်းသဘော ဆိုတာမျိုးပေါ့။ မိန်းမခြေ မိန်းမလက်ပဲ။ ကိုသန့်စင်နဲ့တော့ကွာပါ့။ အထင်တော့ သိပ်မကြီးနဲ့ ၊ ကိုသန့်စင်လည်း စာထဲမှာပဲ ရေးရဲတာ ဟဲ ဟဲ။

ကဲ ဘာပဲပြောပြော နိုင်ငံတော်ရဲ့ ကျေးဇူးနဲ့ ကိုသန့်စင်တို့ သက်ပြည့်အငြိမ်းစားကြီးတွေ ဒဗလျူ ကိုင်ရတော့မယ်။ ကိုသန့်စင်တို့ နိုင်ငံမှာ ဖုန်းမကိုင်နိုင်တဲ့သူတွေအများကြီး ရှိပါသေးတယ်။ ခုလိုတန်ဖိုးနည်း ဖုန်းတွေကို ဆက်လက်ချထားပေးသွားမယ်ဆိုရင် မြန်မာပြည်သူတွေအဖို့ လူမှုရေး ၊ ကျန်းမာရေး ၊ စီးပွားရေး တွေနဲ့ ပတ်သက်လို့ ဆက်သွယ်ရေးအတွက် ရတက်မအေးစရာမလိုတော့ကြောင်းနဲ့ ပင်စင်စားကြီးရဲ့ ဖုန်းလျှောက်ရတဲ့ အတွေ့အကြုံကို မျှဝေပေးလိုက်ပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *