မြန်မာစာပေ ရေစီးကြောင်းကား အားကောင်းမောင်းသန်စွာ စီးဆင်းလျက်ရှိပေသည်။ ခေတ်တစ်ခေတ်နှင့် တစ်ခေတ် သိသိသာသာ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် မြန်မာကဗျာ အရေးအဖွဲ့ပုံစံဖြစ်၏။ ရှေးယခင့်ယခင် ဂန္တဝင်ပုံစံမှ သွေဖီကာ ကာရန်မဲ့ကဗျာတွေ ရေးလာကြသည်။ ရေးသူကလည်း ရေး၍ အယ်ဒီတာတွေကလည်း ထည့်ပေးနေကြသည်။ ဤတွင် ကာရန်မဲ့ကဗျာ အရေးအသားနှင့် ပတ်သက်၍ စာရေးဆရာကြီးများ၏ ရှုမြင်ပုံကို ကောက်နုတ်တင်ပြလိုပါသည်။ စာရေးဆရာကြီး ဦးရန်အောင်ဆိုလျှင် ကာရန်မဲ့ကဗျာများနှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် ရှိပုံရသည်။ သည့်အတွက် အောက်ပါအတိုင်း တုံ့ပြန်ရေးသားခဲ့ပါသည်။
“‘ကဗျာ
မခက်ပါဘူး
စာကြောင်းလေးတွေကို
လေးငါးခြောက်ကြောင်းလောက်
အထက်အောင် စီရေးရင်
ကဗျာဖြစ်တယ်
အဲဒါ ကဗျာလို့ ခေါ်တယ်”
ဟူသတည်း။ ထိုနည်းတူ စာရေးဆရာကြီး ဦးသိန်းဖေမြင့်ကလည်း…
“ကျွန်တော် ကာရန်မဲ့ကဗျာကို အားမပေးဘူး။ မထောက်ခံဘူး။ မကြိုက်ဘူးလို့ပဲ ပြောပါတယ်။ ကျွန်တော်စဉ်းစားကြည့်တယ်။ ဘာဖြစ်လို့ ကာရန်မဲ့ချင်ကြတာလဲ။ ထူးချင်ဆန်းချင်လို့ပဲ။ ဒီ့ပြင် ဘာမှမရှိဘူးလို့ အဖြေထွက်တယ်” ဟူ၍ ပြောခဲ့ပါသည်။ ဆရာဇဝနဆိုလျှင် “ကာရန်မဲ့ ကဗျာကတော့ ဥရောပ အစရှိတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ ခေတ်စားနေတာ အတော်ကြာပါပြီ။ ဒီအယူအဆ၊ ဒါမှမဟုတ် ဒီရောဂါဟာ မြန်မာစာပေနယ်ထဲ ကူးလာတာ မကြာသေးပါဘူး။ ကျွန်တော်တို့ကတော့ ရှေးကျတယ် ပြောပြော၊ ခေတ်နောက်ကျ တယ်ပဲ ဆိုဆို သမားရိုးကျ ရေးပုံရေးနည်းပဲ ကြိုက်တယ်” ဟူ၍ ပွင့်လင်းစွာ ဆိုခဲ့ပါသည်။ ဆရာကြီး မင်းသုဝဏ်ကမူ… “ကာရန်မဲ့ဆိုတာ ကဗျာမှာ မရှိဘူး။ ကာရန်လွတ်လပ်တာပဲရှိတယ်။ အသံပါတယ်။ ရစ်သမ်ပါတယ်။ ကာရန်နဲ့ ရစ်သမ်တစ်ခုခု မပါရင် ကဗျာမဟုတ်ဘူး။ ဖရီးဗာ့ (Free Verse)ကို ကာရန်မဲ့လို့ တလွဲဘာသာပြန်နေကြတယ်။ အမှန်က ကာရန်မဲ့တာမဟုတ်ဘူး။ ကာရန်ကို လွတ်လွတ်လပ်လပ် ယူနိုင်တာပဲ။ ဖရီး (Free)ကို “မဲ့” နဲ့ “လွတ်လပ်” အဓိပ္ပာယ်မှားပြီး ဒီမှာ ယူဆနေကြတာ။ ပြီးတော့ ကဗျာလိုင်စင်-ပွတ်တစ်ပ်လိုင်စင်ဆိုတာလည်း ရှိတာပါပဲဗျာ” ဟူ၍ ကောက်ချက်ပြုသွားခဲ့ပါသည်။