Business, Lifestyle, News

ဆက်သွယ်မှုဆီသို့ ဦးတည်ရာလမ်း – မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အရေးပါသည့်ဖြစ်ရပ်များကို အကဲဖြတ်ခြင်း

ဆက်သွယ်မှုဆီသို့ ဦးတည်ရာလမ်း - မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အရေးပါသည့်ဖြစ်ရပ်များကို အကဲဖြတ်ခြင်း

ရန်ကုန်၊ ၂၀၁၄ ခုနှစ်၊ သြဂုတ် ၁၁ ရက် – မြန်မာနိုင်င်ငံ၏ ဆက်သွယ်ရေးဈေးကွက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုခဲ့သည့် သတင်းသည် ယခင်နှစ်က ခေါင်းကြီးပိုင်းသတင်းများတွင် နေရာယူခဲ့ပြီး မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိခဲ့ကြသည့် ကုမ္ပဏီများက ယင်းတို့၏ဝန်ဆောင်မှုများကို ဈေးကွက်မိတ်ဆက်ခြင်းနှင့်အတူ လူထု၏စိတ်လှုပ်ရှားမှု တစ်ဆင့်မြင့်တက်ခဲ့ပါသည်။ မိုဘိုင်းဖုန်း အသုံးပြုမှု ၁၀ ရာခိုင်နှုန်းသာရှိသည့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှု အသစ်များအား ယခုနှစ်ကုန်တွင် မြန်မာနိုင်ငံ၏ လူဦးရေသန်း ၆၀ ခန့်ရှိသည့်အထဲမှ သန်း ၂၀ နှင့် လာမည့်ငါးနှစ်အတွင်း၌ နိုင်ငံ့လူဦးရေ၏ ၉၇ ရာခိုင်နှုန်းကို ဝန်ဆောင်မှုပေးသွားနိုင်မည်ဟု မျှော်မှန်းထားပါသည်။

အဆိုပါအချိန် အတောအတွင်း၌ SEA-ME-WE 5 cable အား မြန်မာနိုင်ငံတွင် တပ်ဆင်ဆက်သွယ်မည့် စီမံကိန်းများကိုလည်း အပြီးသတ် အတည်ပြုထားပြီးဖြစ်ပါသလို နိုင်ငံတစ်ဝန်းတွင် အခြေခံအဆောက်အအုံ တည်ဆောက်မှု လုပ်ငန်းစဉ်များသည်လည်း အင်မတန် စိတ်လှုပ်ရှားဖွယ် အနေအထားတစ်ရပ်ကို ရောက်ရှိနေပြီဖြစ်ပါသည်။ ပိုမိုမြန်ဆန်ပြီး ဆက်သွယ်မှုပိုမို ကောင်းမွန်လာသည့် ဆက်သွယ်ရေး ကွန်ရက်များ ဈေးကွက်ထဲ ဝင်ရောက်လာမှု အရှိန်ရလာခြင်းကြောင့် အားလုံးက မြန်မာနိုင်ငံအား ကြီးမားသည့် ဖွံဖြိုးတိုးတက်မှု အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်လာကြပါသည်။

၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် Myanmar Connect ဆွေးနွေးပွဲသည် မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းလိုင်စင်အသစ် ပေးအပ်ခြင်းခံခဲ့ရသည့် ကုမ္ပဏီလေးခုကို ပထမဆုံးအကြိမ် အတူတကွ စုစည်းနိုင်ခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၏ မှတ်တမ်းတွင် အရေးပါဆုံး ဆွေးနွေပွဲတစ်ခုအဖြစ် သက်သေထူနိုင်ခဲ့ပါသည်။ လာမည့် ၁၂ လတွင် Myanmar Connect 2014 ကို ၂၀၁၃ ခုနှစ်ဆွေးနွေးပွဲ၏ အရေးပါသည့် လုပ်ငန်းအစီအစဉ်ပေါ်တွင် အခြေပြုလုပ်ဆောင်သွားဖြစ်ပြီး ပြီးခဲ့သည့် နှစ်တစ်လျှောက်တွင် လုပ်ငန်း ဆောင်ရွက်မှု ဝန်းကျင်အနေအထား မည်မျှပြောင်းလဲသွားသည်ကို တိတိကျကျ ဆန်းစစ်အကဲဖြတ်သွားမည် ဖြစ်ပါသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း၏ အဖွင့်အမှာစကားနှင့်အတူ အဆိုပါဆွေးနွေးပွဲ အစီအစဉ်တွင် ဈေးကွက်ဦးဆောင်ကုမ္ပဏီများမှ ဟောပြောသူများက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေနယ်ပယ်နှင့် လူမှုစီးပွားရေးဆိုင်ရာ အလားအလာကို တွန်းအားပေးမောင်းနှင်နေသည့် နည်းဗျူဟာ၊ အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အပေါ်ဦးတည်ပြီး ဆက်သွယ်ရေးဆိုင်ရာ ဂေဟစနစ်ရှိ အလွန်အရေးပါသည့် ဖြစ်ရပ်များကို အချေအတင် ဆွေးနွေးမှုနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာမှု ပြုလုပ်သွားမည် ဖြစ်ပါသည်။

`မြန်မာနိုင်ငံအနေနဲ့ အာရုံစိုက်မှုများစွာခံခဲ့ရပြီး အာရှ-ပစိဖိတ်ဒေသရဲ့ နောက်ဆုံးရွှေတွင်းအဖြစ် ရှုမြင်ခံထားရပါတယ်။ အာရုံစိုက် မျက်စိကျမှုများစွာ ခံရခြင်းနဲ့အတူ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနေပြီး နောက်ဆုံးမှာတော့ မိုဘိုင်းဆက်သွယ်ရေး လိုင်စင်ကိုပါ ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါကိုဖော်ထုတ် အသုံးချဖို့ အချိန်ဘယ်လောက် ကြာမလဲဆိုတာနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ထင်သလောက် မလွယ်ကူတဲ့အတွက် လုပ်ဆောင်စရာတွေ အများကြီးကျန်နေပါသေးတယ်´ဟု ယခုနှစ် ဆွေးနွေးပွဲ၏ ဟောပြောသူများထဲမှ တစ်ဦးဖြစ်သည့် Epsilon ၏ CEO ဖြစ်သူ Andreas Hipp က ပြောကြားပါသည်။

ယခုအချိန်အထိ မြန်မာနိုင်ငံ၏တစ်ခုတည်းသော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)တစ်ခုတည်းသာ ရှိခဲ့သော်လည်း Ooredoo က ၄င်း၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို မြန်မာနိုင်ငံတွင် မကြာသေးမီက ဈေးကွက်မိတ်ဆက်ခဲ့ပြီး Telenor ကလည်း စက်တင်ဘာလတွင် ဈေးကွက်ထဲ ဝင်ရောက်ရန် စီစဉ်ထားပါသည်။ သို့ရာတွင် MPT အနေဖြင့် ပြိုင်ဖက် နိုင်ငံခြားကုမ္ပဏီများထက် အသာစီးရနိုင်ကြောင်း စိစစ်လေ့လာသူအချို့က ယုံကြည်ကြပါသည်။

ပြည်တွင်းပိုင် လုပ်ငန်းတစ်ခုဖြစ်တဲ့အလျောက် MPT အနေနဲ့ မြေနေရာကို အကန့်အသတ်မရှိ ဆုပ်ကိုင်ထားနိုင်တဲ့အတွက် သီအိုရီအနေနဲ့ အနည်းဆုံးတော့ ဆက်သွယ်ရေးကွန်ယက်ကို ပိုမိုမြန်ဆန်လာအောင် လုပ်ဆောင်နိုင်မှာဖြစ်တယ်။ နိုင်ငံခြားပိုင်ကုမ္ပဏီတွေကတော့ ခက်ခဲတဲ့စမ်းသပ်မှု တွေကို ထပ်ပြီး ဖြတ်ကျော်ရမှာဖြစ်တဲ့အတွက် အဲဒါက လုပ်ငန်းဆောင်ရွက်မှုတွေကို နှေးကွေးစေနိုင်ပါတယ်´ဟု ဥပဒေအကျိုးဆောင်ကုမ္ပဏီ VDB Loi (Myanmar Connect 2014 ၏ စပွန်ဆာကုမ္ပဏီတစ်ခုဖြစ်)မှ Edwin Vanderbruggen က ဆိုပါသည်။

မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မိုဘိုင်းဆက်သွယ်ရေး လိုင်စင်ရရှိထားသည့် ကုမ္ပဏီများအနေဖြင့် ဒေသတွင်း တယ်လီဖုန်းသုံးစွဲသူအရေ အတွက်တိုးလာအောင် လုပ်ဆောင်ပေးနိုင်ရန်နှင့် နိုင်ငံ၏ ကျေးလက်ဒေသများနှင့် မြို့ပြဒေသများ နှစ်ခုစလုံးတွင် အများပြည်သူ သုံးစွဲရန် တတ်နိုင်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ရန် မျှော်မှန်းထားပါသည်။ မြန်မာနိုင်ငံကို `အာရှ၏အဖိုးတန်ရတနာ´အဖြစ် ဖန်တီးရန် Oredoo က ရည်ရွယ်ထားပြီး Ooredoo Myanmar ၏ CEO ဖြစ်သူ Ross Cormack(Myanmar Connect 2014 တွင် ဟောပြောသူတစ်ဦးအဖြစ် ပါဝင်) က Ooredoo အနေဖြင့် မြန်မာလူထုအသိုင်းအဝိုင်းကို ဆက်သွယ်ရေးကဏ္ဍအားဖြင့် ကူညီမြှင့်တင်ပေးနိုင်ဖို့ မျှော်မှန်းထားကြောင်း ပြောကြားပါသည်။

‘Ooredoo ကို လူထုအသိုင်းအဝိုင်းအားလုံးရဲ့ အချက်အချာဖြစ်စေမယ့် အင်ပြည့်အားပြည့် ဆက်သွယ်ရေး ဂေဟစနစ်တစ်ခု ဖွံဖြိုးတိုးတက်လာဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပြီး ပြည်တွင်းက စွန့်ဦးတီထွင် အစွမ်းအစရှိသူတွေကို အားပေးမြှင့်တင်တာ၊ ပြည်တွင်းက လူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးတာနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးတာတွေကို လုပ်ဆောင်နေပါတယ်´ ဟု Cormack က ဆိုပါသည်။

လုပ်ငန်းဆောင်ရွက်မှုများ၏ အရှိန်အဟုန်ကို နှေးကွေးစေသည့် အဓိကအတားအဆီးများထဲမှ တစ်ခုမှာ တာဝါတိုင်များနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် ဖြစ်သည်။ သို့ရာတွင် MPT၊ ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း KDDI နှင့် ဘဏ္ဍာရေးကုမ္ပဏီ Sumitomo Corp တို့ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် လာမည့်ဆယ်နှစ်အတွင်း အခြေခံအဆောက်အအုံ တည်ဆောက်မှု၊ မိုဘိုင်းနှင့်Broadband ဝန်ဆောင်မှုတို့အတွက် ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှပ်နှံမည့် သတင်းထွက်ပေါ်လာခဲ့ပါသည်။

အသစ်ပေါင်းစည်းလိုက်သည့် အဆိုပါကုမ္ပဏီသုံးခု၏ အနာဂတ်စီမံကိန်များကို Myanmar Connect 2014 ဆွေးနွေးပွဲ၌ ဆက်သွယ်ရေး ကုမ္ပဏီများ၏ အဓိကတင်ပြမှုများဖြစ်သည့် ”Strategic Insights” and “Planning” ကဏ္ဍတွင် အသေးစိတ် ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်များကို မိတ်ဆက်ပေးရန်အတွက် တာဝန်ပေးအပ်ခြင်းခံထားရသည့် အမှုဆောင်အရာရှိများနှင့် အင်တာဗျူး အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး မြေပိုင်ဆိုင်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ ကျွမ်းကျင်ဝန်ထမ်းများကို စီမံခန့်ခွဲမှုနှင့် စိန်ခေါ်မှုများရှိနေသည့် နေရာဒေသတို့ကို ဆက်သွယ်ခြင်း စသည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။

Myanmar Connect 2014 ထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်တွင်၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁၆-၁၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ သတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက www.capacityconferences.com/Myanmar-Connect သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *