News, Policy & Law

ဖွဟဲ့ – လွဲပါစေ၊ ဖယ်ပါစေ

ဖွဟဲ့ - လွဲပါစေ၊ ဖယ်ပါစေ

ကိုဘအေးလည်း နိုင်ငံရေးတွေ မပြောဘူးလို့နေတာ။ ဒါပေမယ့် သတင်းစာဖတ်လိုက်ရင် နေ့တိုင်းတွေ့နေရတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ မြို့သေးသေးလေးတွေမှာရော မြို့ကြီးကြီးတွေမှာရော ဆန္ဒထုတ်ဖော်တာတို့ (တကယ်တော့ စကားလုံးလှအောင်သုံးလိုက်တာပါ၊ ဆန္ဒပြတာပါပဲ)၊ လူထုစည်း၀ေးပွဲတွေ၊ ဟောပြောပွဲတွေလုပ်တာတို့၊ လယ်သိမ်းခံ မြေသိမ်းခံ တောင်သူလယ်သမားတွေ ကျေးရွာသားတွေ က ဆန္ဒပြတာတို့၊ အဲဒီလို ဆန္ဒပြတာကို လူစုခွဲဖို့ကြိုးစားတဲ့ လုံခြုံရေးတပ်ဖွဲတွေနဲ့ ပဋိပက္ခဖြစ်ကြတာတို့၊ ပြီးတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စတွေ၊ စီမံကိန်းက စပြီးလုပ်နေပြီ၊ အခုထက်ထိ ဒေသခံအချို့နဲ့က ပြေလည်မှုမရသေးဘူး။ ဒေသခံတွေကလည်း သူတို့ပြောတာဆိုတာမရလို့ အဆင်မပြေလို့ ကျိန်စာတိုက်တာတွေ လုပ်လာကြတယ်။

ဒီနေရာမှာ ကိုဘအေးတစ်ခုပြောချင်တာက ကျိန်စာတိုက်တယ်ဆိုတာ သူတစ်ပါးဒုက္ခရောက်အောင် လုပ်တာ။ အဲဒီလိုကျိန်စာတိုက်တဲ့အတွက် အဲဒီစီမံကိန်းရဲ့ လုပ်ငန်းခွင်ထဲမှာရော လုပ်ငန်းခွင်ပြင်ပမှာပါ မတော်တဆမှုတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာတွေ ဖြစ်တယ်လို့ ကြားရတယ်။ဒါကလည်း တိုက်ဆိုင်မှုဖြစ်ရင်လည်း ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုဘအေးတို့တွေက ဗုဒ္ဓဘာသာတွေပါ။ မြတ်စွာဘုရား ဟောကြားထားတာက သတ္တ၀ါတွေအပေါ် မေတ္တာထားရမယ်၊ ကရုဏာထားရမယ်၊ မုဒိတာ ပွားရမယ်၊ ဥပေက္ခာပြုနိုင်ရမယ်။ ဗြဟ္မစိုတရားလေးပါးကို ဟောထားတယ်။ အခုလို သူများဒုက္ခရောက်အောင်၊ အန္တရာယ်တွေဖြစ်အောင် ဆုတောင်းတာမျိုး၊ ကျိန်စာတိုက်တာမျိုးတော့ ဗုဒ္ဓဘာသာ၀င်တွေအနေနဲ့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ အခြားဘာသာ၀င်တွေကလည်း အထင်သေးနိုင်ပါတယ်။

အခုဟာက ဘာစီမံကိန်းလုပ်မယ် ညာစီမံကိန်းလုပ်မယ်ဆိုတာနဲ့ ကြားတာနဲ့တင် ကန့်ကွက်တော့တာပဲ၊ ဆန္ဒပြကြတာတော့တာပဲ။ သဘာ၀ပတ်၀န်းကျင် ထိခိုက်မယ်၊ ဒေသခံတွေအတွက် ဆိုးကျိုးတွေ ဖြစ်နိုင်တယ် စသည်ဖြင့်ပေါ့။ ကိုဘအေးတို့ ပြည်သူတွေလည်း အရင်ခေတ်ကလို မဟုတ်ဘူး။ အမြင်တွေ ကျယ်လာကြပြီ။ ကိုဘအေးထင်တယ်။ သူတိုဟာ သူတို့တော့ ဒီလောက်အမြင်ကျယ်လာကြမှာ မဟုတ်ဘူး။ သူများတွေ လုပ်တာတွေ့မယ်။ အခုခေတ်မှာက လူထု အကျိုးဆောင်တွေကလည်း ပေါမှပေါ။ ဘာအလုပ်ပဲ လုပ်လုပ်ပါ။ ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတာ ဒွန်တွဲနေမှာပဲ။ တစ်ခုကိုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ရမယ်ဆိုတာ သဘောတရားတစ်ခုပါ။ ကောင်းကျိုးနဲ့ဆိုးကျိုးမှာ ဘယ်ဟာက များမလဲ။ ကောင်းကျိုးက များမယ်ဆိုရင် ဆက်လုပ်၊ ဆိုးကျိုးက များမယ်ဆိုရင် ရပ်ပစ်လိုက်။ တာ၀န်ရှိတဲ့သူတွေကလည်း ချင့်ချိန်ဖို့လိုပါတယ်။ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါတယ်။ ပြည်သူတွေကလည်း ထစ်ကနဲ့ရှိ ကန့်ကွက်တာတို့ ဆန္ဒပြတာတို့ မလုပ်ပဲ အရာရာကို စဉ်းစဉ်းစားစား၊ ဆင်ဆင်ခြင်ခြင်နဲ့ လုပ်စေချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါတွေဟာ နိုင်ငံပုံရိပ်ကို ကောင်းလာစေမှာမဟုတ်ပါဘူး။ အခု ကိုဘအေးတို့ မြန်မာနိုင်ငံကြီးဟာ ဒီမိုကရေစီအစိုးရ တက်လာပြီးကတည်းက ဟိုကပူညံ၊ ဒီကပွက်လောရိုက်နဲ့ အေးချမ်းတည်ငြိမ်တယ်လို့ ပြောလို့မရသေးပါ။ မိုးပေါ်ကနေကြည့်ရင် မင်းဘူးက နဂါးပွက်တောင်လို ဟိုနားကထပွက်၊ ဒီနားကထပွက်နဲ့ ဆိုတာမျိုး ဖြစ်နေမှာပဲလို့ တွေးကြည့်မိပါတယ်။

ကဲ – ကိုယ့်မြန်မာနိုင်ငံအကြောင်း ထားလိုက်ဦး။ အိမ်နီးချင်း ထိုင်းနိုင်ငံဘက် လှည့်လိုက်ရအောင်။ မေ(၂၂)ရက်နေ့ကတော့ ထိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီ ဖြစ်ပါတယ်။ တိုင်းပြည် ပုံမှန်အနေအထားကို  အလျင်အမြန်ရောက်ရှိဖို့အတွက် အာဏာသိမ်းဖို့ လိုအပ်လာပြီဖြစ်လို့ စစ်တပ်၊ ထိုင်းလက်နက်ကိုင် တပ်ဖွဲ့များ၊ တော်၀င်လေတပ်နဲ့ ရဲတပ်ဖွဲ့ပါ၀င်တဲ့ အမျိုးသားငြိမ်းချမ်းရေးနဲ့ ငြိမ်၀ပ်ပိပြားမှု ထိန်းသိမ်းရေးကောင်စီ(NPOMC)က ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ပဋိပက္ခအရှိန် မြင့်တက်လာခြင်းမှ ကာကွယ်ရန် စစ်တပ်က အာဏာသိမ်းရခြင်းဖြစ်တယ်လို့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုသ်ချန်အိုချာက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အထူးသဖြင့် ဘန်ကောက်မြို့တော်မှာ ၀န်ကြီးချုပ် ယင်လပ်ရှင်နာ၀ပ်ထရာ ဦးဆောင်တဲ့ အစိုးရအဖွဲ့ဆင်းပေးဖို့ အတိုက်အခံတွေ ဆန္ဒပြနေကြတာ လနဲ့ချီပြီး ကြာမြင့်နေပြီဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အရှိန်အဟုန်ကြီးမားလာတဲ့ ဆန္ဒပြမှုတွေမှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေနဲ့ ပဋိပက္ခဖြစ်တာရယ်၊ ဘယ်ကမှန်းမသိတဲ့ ပစ်ခတ်မှုတွေရယ်ကြောင့် လူတွေထောင်နဲ့ချီပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေရှိလာခဲ့ပါတယ်။ မကြာသေးမီက ၀န်ကြီးချုပ်ယင်လပ်ကို ထိုင်းအခြေခံ ဥပဒေခုံရုံးက အာဏာအလွဲသုံးစားမှုနဲ့ တရားစွဲပြီး ဖြုတ်ချခဲ့ပါတယ်။ ယင်းလပ်အစိုးရ တက်လာခါစက လုံခြုံရေးဆိုင်ရာအကြံပေးအရာရှိကို ရာထူးက ဖယ်ရှားခဲ့တဲ့ကိစ္စနဲ့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။ ယင်လပ်က ဖေဖေါ်၀ါရီလ(၂)ရက်မှာ ရွေးကောက်ပွဲလုပ်ပေးပေမယ့် ဒီရွေးကောက်ပွဲဟာ သူမတို့ပဲ အနိုင်ရဖို့ရှိတဲ့အတွက် ဒေသအချို့မှာ မဲဆန္ဒရှင်တွေ မဲမပေးနိုင်အောင် အတိုက်အခံတွေက နှောက်ယှက်လို့ အဲဒီရွေးကောက်ပွဲဟာလည်း အထမမြောက်ခဲ့ပါဘူး။ အဲဒီနောက် ယင်လပ် နှုတ်ထွက်ပေးခဲ့ရပေမယ့် လက်ရှိအစိုးရအဖွဲ့ဟာလည်း ယင်လပ်ပါတီ၀င်တွေပဲဖြစ်လို့ အစိုးရအဖွဲ့အားလုံး ဆင်းပေးဖို့နဲ့ အရွေးချယ်ခံမဟုတ်တဲ့ သူတွေနဲ့ အစိုးရဖွဲ့ဖို့ အတိုက်အခံတွေက ဆက်တိုက် တောင်းဆိုနေခဲ့ပါတယ်။

ဒီနေရာမှာ ယင်လပ် နှုတ်ထွက်ပေးခဲ့ရတဲ့အတွက် အစိုးရထောက်ခံတဲ့ ရှပ်နီတွေဟာ လမ်းပေါ်ထွက်လာကြပြီး အစိုးရဆန့်ကျင်တဲ့ အတိုက်အခံရှပ်၀ါတွေနဲ့ ထိပ်တိုက်တွေ့ဆုံကြမယ့် အခြေအနေတွေ ဖြစ်ပေါ်လာနိုင်ပြီး ဒီပဋိပက္ခတွေက ပြည်တွင်းစစ်ကို ဦးတည်သွားနိုင်တဲ့ အလားအလာတွေ ရှိနိုင်တယ်လို့ ယင်လပ်ထောက်ခံသူ ရှပ်နီတွေက သတိပေးထားပါတယ်။ ဒီလိုအခြေအနေတွေမှာ ထိုင်းစစ်တပ်က မေ(၂၀)ရက်မှာ မာရှယ်လော ထုတ်ပြန်လိုက်ပါတယ်။ အရှေ့တောင်အာရှရဲ့ ဒုတိယစီးပွားရေး အင်အားကြီးထိုင်းနိုင်ငံဟာ လွန်ခဲ့တဲ့ ဒီဇင်ဘာလကတည်းက လုပ်ပိုင်ခွင့်အာဏာအပြည့် အစိုးရ ကွယ်ပျောက်ခဲ့ရတာပါ။ အခုလို စစ်တပ်က မာရှယ်လော ထုတ်ပြန်ကြေညာခြင်းဟာ ထိုင်းနိုင်ငံရဲ့ တရားဥပဒေနှင့် ငြိမ်းချမ်းရေးကို ထိန်းချုပ်ရန်သာဖြစ်ကြောင်း၊ ယင်းသည် အာဏာသိမ်းခြင်း မဟုတ်ကြောင်း စစ်တပ်အခြေစိုက် ရုပ်သံလွှင့်ဌာနတစ်ခုက ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူများအနေဖြင့်လည်း စိုးရိမ်ထိတ်လန့်ဖို့ မလိုဟုဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံရဲ့အကြီးဆုံးရင်းနှီးမြုပ်နှံသူ ဂျပန်နိုင်ငံကလည်း ၄င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ပြန်ကြေညာခဲ့သလို ထိုင်းစစ်တပ်ရဲ့ မာရှယ်လော စစ်ဥပဒေ ထုတ်ပြန်ကြေညာခဲ့ခြင်းဟာ ယာယီသာဖြစ်သင့်ပြီး ဒီမိုကရေစီကို မထိခိုက်သင့်ဘူးလို့ အမေရိကန်ပြည်ထောင်စုကလည်း ပြောပါတယ်။

အဲဒီနောက်မှာတော့ ထိုင်းစစ်တပ်အကြီး ဗိုလ်ချုပ်ကြီးပရာယုသ်ချန်အိုချာက ကာလကြာမြင့်စွာဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းမှာ ပါ၀င်ပတ်သက်နေတဲ့ ပါတီအမျိုးမျိုးက ကိုယ်စားလှယ်တွေကို မေ(၂၁)ရက်မှာ အစည်းအ၀ေးခေါ်ယူပြီး တွေ့ဆုံညှိနှိုင်းခဲ့ပေမယ့် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့တဲ့အတွက် (၂၂)ရက်နေ့မှာ ထပ်မံတွေ့ဆုံဖို့ လုပ်ခဲ့ပါတယ်။ အဲဒီအစည်းအ၀ေးကို ဖွေထိုင်းပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ အာဏာရှင်အုပ်စိုးမှုကို ဆန့်ကျင်သော အစိုးရကို လိုလားတဲ့ ဒီမိုကရေစီညီညွတ်ရေး တပ်ဦး(ရှပ်နီ)နဲ့ အစိုးရကို ဆန့်ကျင်သော ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ မေ (၂၂) ရက်မှာလည်း အဲဒီနိုင်ငံရေး အုပ်စုတွေ တွေ့ဆုံဆွေးနွေးမှုဟာ အဖြေမရတဲ့အတွက် ညနေ (၄)နာရီခွဲမှာတော့ စစ်တပ်က အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုသ်က ကြေညာခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း ယာယီ ထိန်းသိမ်းထားပြီး ရုပ်သံဌာန အများစုကိုလည်း ပိတ်ထားခဲ့ပါတယ်။ မာရှယ်လောထုတ်တုန်းက အာဏာမသိမ်းဘူးလို့ ပြောတဲ့ စစ်တပ်ဟာ အများပြည်သူတွေ စိုးရိမ်နေသလိုပဲ ဖြစ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေအရ လိုအပ်ပါက စစ်တပ်က မာရှယ်လောထုတ်ပြန်ဖို့ အခွင့်အရေးရှိပြီး မာရှယ်လော ထုတ်ပြန်တာနဲ့အတူ ဖြစ်ပေါ်လာတတ်တဲ့ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုတွေကြောင့် အစိုးရထောက်ခံသူတွေက ဒီအချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။ ၁၉၃၂ ခုနှစ်ကစပြီး ထိုင်းစစ်တပ်က အာဏာသိမ်းယူမှု (၁၈)ကြိမ် ပြုလုပ်ခဲ့ပေမယ့် (၁၉)ကြိမ်မြောက် အာဏာသိမ်းယူမှုကိုတော့ လုံး၀လက်ခံမှာ မဟုတ်ကြောင်း အစိုးရထောက်ခံတဲ့ ရှပ်နီတွေက သတိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဘာပြောပြော စစ်တပ်ကတော့ (၁၉)ကြိမ်မြောက် အာဏာသိမ်းလိုက်ပါပြီ။ လက်ရှိအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းဖို့ တဖွဖွပြောနေတဲ့ အတိုက်အခံ (ရှပ်၀ါ)တွေရဲ့ ခေါင်းဆောင် ဆူဘက်သောင်ဆုဗန်ရဲ့ ဆန္ဒတော့ ပြည့်၀သွားတာပေါ့။ အစိုးရကို ဆန့်ကျင်တဲ့ ဆူပူမှု ဖြစ်ကြအောင်လုပ်တဲ့ သူ့ရဲ့ကံကြမ္မာ ဘယ်လိုဖြစ်လာဦးမလဲလို့တော့ မပြောနိုင်သေးပါ။

တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားသလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး နောက်ကြောင်းပြန်လှည့်လာမှာကို မြန်မာ့နိုင်ငံရေး လေ့လာသူတွေက စိုးရိမ်မှုတွေရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို အခြေအနေတွေ ဖြစ်လာမှာကို စိုးရိမ်ကြတာ ဖြစ်ပါတယ်။ “ထိုင်းနိုင်ငံရေးကတော့ အဓိကအုပ်စုကြီး နှစ်စုကြားမှာ ပဋိပက္ခကြီးမားခဲ့တော့ နောက်ဆုံးညှိမရတဲ့အဆုံး ဒီလိုအခြေအနေ ဖြစ်လာတာပါပဲ။ မြန်မာနိုင်ငံမှာလည်း အဆိုးဆုံးကို တွေးရရင် နိုင်ငံရေးက နောက်ကြောင်းပြန်လှည့်မှာ စိုးရိမ်တယ်” ဟု မြန်မာနိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးက ပြောပါတယ်။ သူကပဲဆက်ပြီးတော့ “အတိုက်အခံတွေက လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချချင်တယ်။ စစ်တပ်ပါ၀င်မှု မရှိရင် ပြည်သူတွေအတွက် ပိုကောင်းမယ်လို့ စဉ်းစားတယ်။ စစ်တပ်ကို နိုင်ငံရေးထဲက ဖယ်ထုတ်ဖို့ စဉ်းစားတယ်။ ဒါက နေ့ချင်းညချင်း လုပ်လို့မရဘူး။ စစ်တပ်ဘက်မှာလည်း စိုးရိမ်မှုတွေရှိတယ်။ အရင်က အမှားတွေကို ပြန်ပြီး အရေးယူမှာလား၊ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို ထိန်းချုပ်သွားမှာလားဆိုတာ စိုးရိမ်တဲ့ပုံရတယ်။ ဒါကို နှစ်ဖက်စလုံး နားလည်လက်ခံနိုင်တဲ့ အဖြေတစ်ခုကို ရှာရမှာဖြစ်တယ်။ မရှာနိုင်ရင်တော့ ထိုင်းနိုင်ငံလို မဖြစ်ဘူးလို့ ပြောလို့မရဘူး” ဟု ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း နိုင်ငံရေး တည်ငြိမ်မှုကင်းမဲ့သွားအောင်၊ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ ပျက်စီးသွားအောင်၊ ၂၀၁၅ ရွေးကောက်ပွဲ လုပ်လို့မရအောင် ဆိုတဲ့ ထင်မြင်ယူဆချက်တွေ ရှိလာလို့ရှိရင် အာဏာသိမ်းမှုဆိုတာ ဖြစ်လာမှာပဲ။ တပ်ကို အာဏာသိမ်းနိုင်အောင် လုပ်ကိုင်ပေးတဲ့ အဆင့်တွေ ပေါ်လာနိုင်လို့ရှိရင် လုပ်တဲ့လူက တရားခံပဲလေ။ အဲဒီလို အခုတော့ မဖြစ်သေးဘူး။ ဒီထက်ပိုပြီးတော့ လမ်းမပေါ်တက်ပြီး အော်တာ၊ ဟစ်တာတွေ သတ်တာဖြတ်တာတွေ ဖြစ်လာမယ်ဆိုရင်တော့ မလွဲမသွေ အာဏာသိမ်းတဲ့အောက် ရောက်သွားမှာပဲ။ လက်ရှိလောက်နဲ့တော့ ပြဿနာမရှိသေးပါဘူး။ တစ်ဖက်က ကြည့်တော့လည်း အာဏာရပါတီ ဒီဘက်တစ်ဖက်မှာလည်း အင်န်အယ်လ်ဒီဆိုတော့ မလုပ်ပါနဲ့လို့လည်း ပြောလို့မရဘူး။ လုပ်လို့မရဘူး။ ဒါကတော့ နှစ်ဖက်ခေါင်းဆောင်တွေရဲ့ လိမ္မာပါးနပ်မှု၊ ရှေ့ကိုကြိုမြင်မှု၊ တိုင်းပြည်ရဲ့ လွတ်လပ်မှုဆိုတာကို နားလည်ပြီး နိုင်ငံရေး အမြှော်အမြင်ရှိမှုတွေကပဲ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်” လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

နိုင်ငံတော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒု၀န်ကြီး ဦးရဲထွဋ်ကတော့ “ထိုင်းနိုင်ငံရဲ့ ဖြစ်စဉ်ကိုကြည့်ရင် အခြေခံဥပဒေဘောင်အတွင်းက ဖြေရှင်းမှု မလုပ်တဲ့အတွက် ဒီလိုအခြေအနေ ရောက်သွားတာပါ။ မြန်မာနိုင်ငံမှာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်သွားရင် အသွင်ကူးပြောင်းရေးက ချောချောမွေ့မွေ့ ဖြစ်သွားမှာပါ”ဟု ပြောပါတယ်။ လက်ရှိမှာ ၂၀၀၈ ဖွဲ့စည်းမှု အခြေခံဥပဒေပုဒ်မ ၄၃၆ကို ပြင်ဆင်ဖို့အတွက် အတိုက်အခံ အင်အားစုကြီး နှစ်ခုက အရှိန်အဟုန်မြှင့် ဆောင်ရွက်လာနေတာ တွေ့ရပါတယ်။ လက်ရှိအစိုးရအနေနဲ့ အမေရိကန်အစိုးရက Sanction တစ်နှစ် ထပ်တိုးလိုက်တာရယ်၊ ပြည်တွင်းမှာလည်း ဘက်ပေါင်းစုံက အကြပ်အတည်းတွေ တွေ့လာခဲ့ရင်တော့ အာစီယံ ဥက္ကဋ္ဌဆိုတာကိုလည်း မက်မောမနေတော့ပဲ ကာ/ချုပ်ကို  မျက်စပစ်လိုက်နိုင်ပါတယ်။

ထိုင်းမှာတော့ စစ်တပ်က အာဏာသိမ်းပြီး နောက်တစ်နေ့မှာ ဗိုလ်ချုပ်ကြီး ပရာယုသ်က ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အဖြစ် အမြဲတမ်း တာ၀န်ထမ်းဆောင်မယ့် တစ်စုံတစ်ဦး မတွေ့မီအချိန်ထိ ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူမည်ဖြစ်ကြောင်း မိမိကိုယ်မိမိ ကြေညာခဲ့ပါတယ်။ စီမံခန့်ခွဲရေးများ ပြုလုပ်ရန်အတွက် အိုချာက ၀န်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်မယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ထောက်ခံတဲ့သူတွေရှိသလို ဆန့်ကျင်ကန့်ကွက်သူတွေလည်း ရှိပါတယ်။ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူတွေနဲ့ ရဲတွေနဲ့ အဓိကရုန်းတွေ ဘန်ကောက်မြို့ပေါ်မှာ ဖြစ်လာနေပြန်ပြီ ဖြစ်ပါတယ်။ အဲဒီဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေဟာ တစ်ချိန်မှာ ထိပ်တိုက်ရင်ဆိုင် မတွေ့လာနိုင်ဘူးလို့ ပြောလို့မရပါဘူး။ ဗိုလ်ချုပ်ကြီးချာကတော့ ဆန္ဒပြရင် အင်အားသုံး နှိမ်နင်းမယ်လို့ ပြောထားပါတယ်။ ထိုင်းနိုင်ငံရေးလည်း ဘယ်လိုဖြစ်လာဦးမယ် မသိပါ။

ဒီစာရေးနေရင်းနဲ့ပဲ ထိုင်းဘုရင် ဘူမိဘောလ်အဒူယာဒက်ခ်ျက ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးပရာယုသ်ချန်အိုချာကို စစ်ကောင်စီအကြီးအကဲအဖြစ် ထောက်ခံ အတည်ပြုလိုက်တယ်ဆိုတဲ့ သတင်းရယ်၊ စစ်အုပ်ချုပ်ရေးအဖွဲ့က အထက်လွှတ်တော် ဖျက်သိမ်းခြင်းအား ထိုင်းဘုရင် အတည်ပြုတယ်ဆိုတဲ့ သတင်းရယ်၊ ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်ဆူသက် ပုန်ကန်မှုဖြင့် တရားစွဲခံရဆိုတဲ့ သတင်းတွေကို ဖတ်လိုက်ရပါတယ်။

တစ်ဆက်တည်းမှာပဲ “ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲကော်မရှင် သတိပေးစာပို့” ဆိုတဲ့ သတင်းတစ်ပုဒ် ပါလာပါတယ်။ မန္တလေးမြို့ အောင်ပင်လယ်ကွင်းမှာ ပြုလုပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်အချို့နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဌာန်းချက်များကို သတိပြုလိုက်နာဖို့ အကြောင်းကြားစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူလူထု နားလည်အောင် ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်တာဟာ ရည်ရွယ်ချက်ကောင်း ဖြစ်ပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ဥပဒေနှင့်အညီ ပြင်ဆင်ခြင်း မပြုနိုင်သေးမီ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လွှတ်တော်အတွင်း ပါ၀င်သော တပ်မတော်သား ကိုယ်စားလှယ်များကို ပြောကြားခဲ့သည့် “ကျွန်ုပ်တို့တွေဟာ အာဏာကို မက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာ မဟုတ်ဘူးဆိုတာကို သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်ဆိုတဲ့ စကားဟာ တစ်နည်းအားဖြင့်ပြောရရင် စိန်ခေါ်မှုလို့ပဲ ပြောလို့ရပါတယ်။ ကျွန်မ စိန်ခေါ်ပါတယ်” ဟု ပြောဆိုမှုများသည် အခြေခံဥပဒေမှ ခွင့်ပြုထားသည့်ဘောင်ကို ကျော်လွန်ရာရောက်ကြောင်း ယင်းအကြောင်းကြားစာမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးပါတီအနေဖြင့်ဖြစ်စေ ၊ ပါတီ၀င်တစ်ဦးချင်း အနေဖြင့်ဖြစ်စေ၊ မိမိတို့ ၀န်ခံလက်မှတ်ရေးထိုးထားသော သို့မဟုတ် ကတိသစ္စာပြုထားသော ဖွဲ့စည်းပြုစုထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လေးစားလိုက်နာရန် တာ၀န်နှင့် တည်ဆဲဥပဒေများနှင့်အညီ ဆွေးနွေးဟောပြောမှုများ ဖြစ်စေရန် တာ၀န်များအား သတိပြု ဆောင်ရွက်ကြရန် အသိပေးအကြောင်းကြားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ကိုဘအေး မှတ်မိသလောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းကတည်းက Confrontation ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်ကို ကျင့်သုံးတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို စီးပွားရေးတွေ ပိတ်ဆို့ဖို့၊ အကူအညီ အထောက်အပံ့တွေ မပေးဖို့ နိုင်ငံတကာကို တိုက်တွန်းခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံပြီး လွှတ်တော်ထဲ ရောက်လာတော့ သူမရဲ့ သဘောထားတွေ အတော်ပြောင်းသွားပြီ ထင်ခဲ့တာပါ။ ခုတော့ အရင်အတိုင်းပဲ ထိပ်တိုက် တွေ့ဆုံရေးတွေ လုပ်နေပါပြီ။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သဘောတူပေမယ့် သမ္မတကြီးက ပါတီစုံနဲ့သာ တွေ့ဆုံဆွေးနွေးလိုတဲ့ သဘောရှိတဲ့အတွက် လေးပွင့်ဆိုင်တွေ့ဆုံရေးဟာ မဖြစ်မြောက်ခဲ့ပါဘူး။ အခုဆိုရင် အရင်တုန်းက သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်တွေမှာ ဘယ်တုန်းကမှ မပါ၀င်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယခုအခါ သမ္မတခရီးစဉ်မှာ မကြာခဏဆိုသလို လိုက်ပါလာတာ ထူးထူးခြားခြား တွေ့လာကြရတယ်လို့ ဆိုပါတယ်။ သမ္မတနဲ့ ကာချုပ်တို့ရဲ့ ပျားရည်ဆမ်းခရီးစဉ်တွေဟာ နိုင်ငံရေးအရ လက်တွဲဖော်တွေဖြစ်ကြောင်း သရုပ်ပြနေပုံရတယ်လို့လည်း ယူဆကြပါတယ်။

ဖွဟဲ့ – လွဲပါစေ၊ ဖယ်ပါစေ။ ကိုဘအေးတို့ ငြိမ်းငြိမ်းလေးပဲ စားချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က အဖြစ်မျိုးကို ပြန်ပြီး မကြုံတွေ့ရပါစေနဲ့တော့။ ကျီးလန့်စာစား ဘ၀မျိုးကိုလည်း မရောက်ရပါစေနဲ့တော့၊ ယောင်လို့တောင် အိပ်မက်မမက်ချင်တော့ပါဘူး။ အဲဒီတုန်းက ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ကြရတယ်ဆိုတာ အနည်းဆုံး ဒီနေ့ အသက် ၄၀ အရွယ်ရောက်နေတဲ့ သူတွေဆိုရင် ကောင်းကောင်းမှတ်မိကြမှာပါ။ အဲဒီတော့ ဘယ်သူမှ ဒါမျိုးတွေ ကြုံချင်ဆုံချင်တော့မှာ မဟုတ်ပါဘူး။ ပြည်သူလူထုအများစုဟာ ကိုယ့်၀မ်းကိုယ် အေးအေးဆေးဆေး ကျောင်းချင်တဲ့သူတွေပါ။ ဒါကြောင့် မပြောကောင်း မဆိုကောင်း……. ဖွဟဲ့ – လွဲပါစေ ၊ ဖယ်ပါစေ။

ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *