News, Opinion, Policy & Law

လော်စပီကာကြိုက်တဲ့ မြန်မာတွေ

လော်စပီကာကြိုက်တဲ့ မြန်မာတွေ

ခုအချိန်ဟာ ကထိန်ရာသီဖြစ်တာနဲ့အညီ နေရာအနှံ့အပြားမှာ ဘုံကထိန်အလှူ ခံ မဏ္ဍပ်တွေဟာ မှိုပေါက်သလို များပြားလှပါတယ်။ ကထိန်ရာသီဟာ တခြားပွဲတော်ရာသီတွေနဲ့ မတူဘဲ အလှူ ခံမဏ္ဍပ်တွေက ပိုများပါတယ်။ ဆိုက်ကားဂိတ်ကအစ ကထိန်ခင်းကြတာဆိုတော့ လမ်းမတွေ တစ်လျှောက်မှာ အလှူ ခံမဏ္ဍပ်တွေက စီတန်းနေတာပေါ့။ ကထိန်ခင်းတာကို တချို့က တစ်ပိုင်တစ်နိုင် တစ်ဦးတည်းခင်းကြတာရှိပြီး အများအားဖြင့်တော့ စုပေါင်းပြီး လုပ်ကြတဲ့ ဘုံကထိန်တွေပဲ များပါတယ်။ ကိုဘအေးတို့ လမ်းထိပ်က ဒေါ်အေးသန်း လဘက်ရည် ဆိုင်ကတော့ သူတစ်ဦးတည်းပဲ ခင်းသွားပါတယ်။ အများနဲ့စုပေါင်းလုပ်တဲ့ ဘုံကထိန်ကတော့ များများလှူ နိုင်တာပေါ့နော်။ ပြောချင်တာကတော့ ကထိန်အလှူ အကြောင်းတော့ မဟုတ်ပါဘူး။ ဘုံကထိန်အလှူ ခံ  မဏ္ဍပ် တွေကဖွင့်တဲ့ လော်စပီကာတွေ အကြောင်းပြောမလို့ပါ။ ကိုဘအေးတို့ မြန်မာလူမျိုးတွေက လော်စပီကာကို အတော်ကြိုက်ကြတဲ့ လူမျိုးပါ။ ဘာပဲလုပ် လုပ် လော်စပီကာပါမှ ကျေနပ်ကြပါတယ်။ ရပ်ကွက်ထဲက အလှူ အတန်း ၊ မင်္ဂလာဆောင်တွေမှာ လော်စပီကာမပါရင် မပြီးပါဘူး။ တချို့အရပ်ဒေသတွေမှာဆိုရင် နာရေးကိစ္စတောင် လော်စပီကာ ဖွင့်ကြပါတယ်။ အဲဒီလောက် လော်ဝါသနာပါကြတယ်။လော်စပီကာ ဆိုတာကတော့ အသံချဲ့စက်နဲ့တွဲပြီး ဖွင့်တဲ့ကန်တော့ပုံ အော်လံကြီးတွေကို ပြောတာပါ။ အသံအကျယ်ကြီး ထွက်တဲ့အတွက် လော်စပီကာ လို့ခေါ်တာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို Loud Speaker ပေါ့။ အဲဒါကို လော်စပီကာလို့ မြန်မာမှုပြုလိုက်တာပါ။

ခုခေတ်မှာတော့ အင်ပီယာများတဲ့ ဆောင်းဘောက်စ်ကြီးတွေကိုလည်း သုံးကြပါတယ်။ အသံချဲ့စက် သုံးတာ ကတော့ လူအများ ကြားအောင် အရပ်ကကြားအောင် သုံးကြဖွင့်ကြတာပါ။ အရပ်ရှစ်မျက်နှာက ကြားအောင် ဓမ္မာရုံပြဿဒ်ထိပ် ပေါ်မှာဖြစ်ဖြစ် သစ်ပင်ထိပ်ဖျားပေါ်မှာဖြစ်ဖြစ် တပ်ဆင်ပြီးတော့ အသံကုန်ဖွင့်ကြတာ။ အရပ်ရှစ်မျက်နှာတွင် မကဘူး။ တာဝတိသာကရော အဝီစိကပါ ကြားလောက်ပါတယ်။ နိဗ္ဗာန် ဆော်လုပ်တာ ပေမယ့် အသံကိုအစွန်းကုန်ချဲ့ပြီး ဖွင့်ကြတာဆိုတော့ နားတွေက မခံသာတော့ပါ။မခံနိုင်တော့ပါ။တစ်ခါတစ်လေ နားထဲကတောင် စီစီ စီစီနဲ့ ဖြစ်လာပါတယ်။

တကယ်တော့ အသံချဲ့စက်သုံးမယ်ဆိုရင် အခြားဝန်ကြီးဌာနတွေက အပ်နှင်းထားတဲ့ အာဏာအရ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ ခွင့်ပြုမိန့် တောင်းရပါတယ်။ မြို့နယ်ထွေအုပ်ရဲ့ ခွင့်ပြုချက်ရမှ မနက်(၆)နာရီကနေ ညနေ (၆)နာရီအတွင်း ဘယ်နှစ်ရက် သုံးမယ်စသဖြင့်ပေါ့။ ဆယ်တန်းစာမေးပွဲဖြေနေတဲ့ ရက်တွေမှာဆိုရင် လုံးဝ ဖွင့်ခွင့် မပေးပါဘူး။ ဒါပေမယ့် ဒီနေ့ ဒီကာလမှာတော့ ပွဲကြီးလမ်းကြီးတွေ လုပ်မှာကလွဲရင် ဘယ်သူကမှလည်း ခွင့်ပြုချက် မတောင်း တော့ပါဘူး။ နေရာတကာမှာ ဖွင့်နေတဲ့အသံချဲ့စက်တွေကို ဘယ်တာဝန်ရှိသူကမှလည်း လိုက်ပြီး စစ်ဆေးအရေးယူ မနေနိုင်တော့ပါဘူး။ လဘက်ရည်ဆိုင်က ဖွင့်တယ်။ ထီလှည်းတွေကဖွင့်တယ်။ သာရေး ၊ နာရေးမဏ္ဍပ်က ဖွင့်တယ်။ အလှူခံမဏ္ဍပ်ကဖွင့်တယ်။ တစ်လမ်းဝင်တစ်လမ်းထွက် အလှူ ခံတွေကလည်း ဖွင့်တယ်။

ရှောက်သီးသုပ် ၊ သင်္ဘောသီးသုပ်သည်က ဖွင့်တယ်။ ရေခဲမုန့်၊ ရေခဲချောင်းသည်ကဖွင့်တယ်။ ဓမ္မာရုံတွေက ဖွင့်တယ် ။ ဘုန်းကြီးကျောင်းတွေက ဖွင့်တယ်။ (အချို့ ရွှေကျင်ဂိုဏ်းကျောင်းတွေကတော့ အသံချဲ့စက် မသုံးရဘူး ၊ သီချင်းတွေဘာတွေ မဖွင့်ရဘူးလို့ သိရပါတယ်။) သူ့အလုပ်နဲ့သူ ၊ သူ့အကြောင်းနဲ့သူ ဖွင့်တာတော့ ဖွင့်ကြပါ။ ပတ်ဝန်းကျင်ကနားမခံနိုင်အောင်တော့ ဖွင့်ဖို့မကောင်းဘူး။ ကိုယ့်လမ်းထဲက ကြားရုံလောက် ဖြတ်သွားဖြတ်လာတွေ ကြားရုံလောက်ဆိုရင် တော်ပြီပေါ့။ အခုတော့ တာဝတိသာနဲ့ အဝီစိကပါကြားအောင် ဖွင့်နေကြတာဆိုတော့။ ကျောင်းသူ ၊ ကျောင်းသားတွေရှိတယ်။ ဝန်ထမ်းတွေ၊ အလုပ်သမားတွေရှိတယ် ၊ သက်ကြီးရွယ်အိုတွေရှိတယ် ၊ နာမကျန်းတဲ့သူတွေ ရှိတယ်။ အသံချဲ့စက်ကို ဆင်ဆင်ခြင်ခြင်နဲ့ ဖွင့်သင့်ပါတယ်။ ဒီကြားထဲမှာ လော်စပီကာဆိုတာကြီးတွေကိုလည်း လေးဘက်လေးတန် လှည့်ပြီး ဖွင့်ကြတာ။ ဆောင်းဘောက်စ်ကြီးတွေဆိုရင်လည်း တဒုန်းဒုန်းနဲ့မြည်တာ ရင်ထဲမှာတောင် တုန်တုန် သွားပါတယ်။ ဘာသာရေးနဲ့ ပတ်သက်နေတာ ကျတော့လည်း ပြောရမှာ ကုသိုလ်တစ်ပဲ ၊ ငရဲတစ်ပိဿာ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ တစ်ရက် ၊ နှစ်ရက်ကမှ လှိုင်ဘက်မှာနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့လို့ သူကပြောတယ်။ သူတို့ရပ်ကွက်မှာ ဘုံကထိန်မဏ္ဍပ်တွေဟာ လမ်းမကြီးတစ်လျှောက်တန်းစီပြီး ရှိနေကြောင်း ၊ အဲဒီဘုံကထိန် အလှူ မဏ္ဍပ်တွေဟာ အချိန်အခါအလိုက် ရာသီပွဲတော်တွေနဲ့ ယှဉ်ပြီး ပေါ်ထွက်လာတဲ့ အလှူ ခံမဏ္ဍပ်တွေ ဖြစ်ပေမယ့် ၄င်းတို့မှ အသံမစဲ ဖွင့်နေတဲ့ လော်စပီကာသံများကြောင့် ပတ်ဝန်းကျင်မှ လူများကို များစွာ နားဒုက္ခ ၊ စိတ်ဒုက္ခရောက်စေပြီး အိပ်ကောင်းခြင်း မအိပ်ရအောင် ဖြစ်နေတာကို တွေ့ရကြောင်း ၊ မနက် (၈)နာရီမှ ည (၉)နာရီ (၁၀)နာရီအထိ ဒီအတိုင်း ဆောင်းဘောက်စ်နဲ့ လော်စပီကာတွေကို တောက်လျှောက် ဖွင့်ထားကြတာဟာ ပတ်ဝန်းကျင်က လူတွေကို ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်နေစေကြောင်း ၊ ဒီကြားထဲ အထိုင်မဏ္ဍပ်ကဖွင့်တဲ့ အသံများတင်မကသေးပဲ တရစပ်ဖွင့်နေတဲ့ ကထိန်အလှူ ခံ မဏ္ဍပ်မှ အသံမစဲ ဆူညံသံ များထဲကို ကြားဖြတ်ဝင်လာတတ်တဲ့ အလှူ ခံပေါင်း သောင်းခြောက်ထောင်ရဲ့ လော်စပီကာသံ တွေကလည်း ရှိသေးတဲ့အပြင် အဲဒီအသံတွေနဲ့အပြိုင် အနားက ဘုန်းကြီးကျောင်းကဖွင့်တဲ့ တရားခွေအသံကလည်း နဂိုရှိပြီး ဆူညံသံတွေကို ကျော်ထွက် ဖောက်ထွက်အောင် ဖွင့်တတ်သေးရာ လူတစ်ယောက်မှာရှိတဲ့ နားနှစ်ဖက်ဟာ ဘယ်နားနဲ့ ဘယ်တရားကို နာယူပြီး ဘယ်နားနဲ့ ဘယ်သီချင်းကို နားဆင်လို့ ဘယ်နားက ဘယ်အလှူ ခံအော်သံ ကို လက်ခံနားထောင်ရမှန်း မသိနိုင်အောင်ပင် ဖြစ်နေကြောင်း ပြောလာပါတယ်။

ဒါ့အပြင် ဒီလော်စပီကာတွေဟာ အလုပ်ပိတ်ရက် ၊ ရုံးပိတ်ရက် စနေ ၊ တနင်္ဂနွေနေ့တွေမှာ အဆိုးဆုံးဖြစ်ပြီး ကျန်ရက်တွေမှာလည်း သက်သာလှသည်တော့ မရှိကြောင်း ၊ ဒါ့ကြောင့်အလုပ်ပိတ် ရက် ၊ ရုံးပိတ်ရက်တွေမှာ အလုပ်သမား ၊ ရုံးသမားတွေ နားအေးပါးအေး နားနားနေနေ နေချင်ပေမယ့် မနေရကြောင်း ၊ ကျန်းမာရေး မကောင်းတဲ့ သက်ကြီးရွယ်အိုတွေမှာလည်း ကောင်းကောင်း မနေရကြောင်း ၊ ခေါင်းအေးအေးနဲ့ စာကျက်မှတ် လေ့လာလိုတဲ့ ကျောင်းသူကျောင်းသားတွေလည်း စာထဲမှာ စိတ်ကိုနှစ်ပြီး မလေ့လာ ၊ မကျက်မှတ်နိုင် ဖြစ်နေ ရကြောင်း၊ ဒီဆောင်းဘောက်စ်နဲ့ လော်စပီကာသံတွေကို တိုးတိုးညှင်းညှင်းဖွင့်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေအနေနဲ့ ကြပ်မတ်ပေးသင့်ပါကြောင်း သူငယ်ချင်းက သူ့သဘောထားကို ပြောပါတယ်။ လော်စပီကာသံ ကြောင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဖြစ်ရတဲ့အကြောင်းလေး ပြောဦးမယ်။ ဇာတိမြို့က ကိုဘအေးတို့ လမ်းထဲကဘုရားမှာ တစ်နှစ်တစ်ခါ အသံမစဲ ပဋ္ဌာန်းပွဲလုပ်ပါတယ်။ တစ်ပတ်လောက်ကြာပါတယ်။ ပဋ္ဌာန်းပွဲဆိုတော့လည်း အရပ်ဆယ်မျက်နှာက ကြားရနာရအောင် ဆိုပြီး လော်စပီကာကြီးနဲ့ ဖွင့်ပါတယ်။ ပဋ္ဌာန်းတရားတော်နာရတာဟာ ကုသိုလ်ရပါတယ်။ ဒါပေမယ့် သံဃာတော်တွေက အလှည့်ကျ ရွတ်ဖတ်ကြတာ ဖြစ်ပြီး နာတဲ့သူက မအိပ်မနေ ဘယ်နာနိုင်မလဲနော။ မေမေက ခေါင်းချတာနဲ့ အိပ်မပျော်တတ်တဲ့အပြင် အသက်ကြီးသူတွေရဲ့ ထုံးစံအတိုင်းလည်း တော်ရုံတန်ရုံနဲ့ အိပ်လို့မပျော်တတ်ဘူး။ အဲဒီတော့ ညဖက်ဆိုရင် လော်စပီကာနဲ့ ဖွင့်ထားတဲ့ ပဋ္ဌာန်းရွတ်သံကြောင့် အိပ်လို့မပျော်ဘူးပေါ့။ ပဋ္ဌာန်းပွဲလဲပြီးရော မေမေ လဲတော့ တာပဲ။ နဂိုက သွေးအားနည်းတတ်တဲ့ မေမေဟာ သွေပေါင်တွေကျပြီး ဆရာဝန်ခေါ်ရပါတော့တယ်။ အဲဒါကတော့ နှစ်စဉ်ပဋ္ဌာန်းပွဲရှိတိုင်း ဖြစ်ပါတယ်။ အဲဒါကြောင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာလို့ ပြောတာပါ။

ကိုဘအေးတို့လည်း ကျောင်းဖွင့်ရက်တွေမှာဆိုရင် နာရီ alarm ပေးထားပြီးတော့ အမေကို သုံးနာရီနှိုး ၊ သမီးကို ငါးနာရီမှာနှိုးပြီးရင် ကိုယ်လည်းထပြီး သနပ်ခါးလိမ်းဖို့ ကျောက်ပျဉ်ရယ် ၊ ရေဗူးရယ် ပြင်ဆင်ပေး ၊ အမေဖျော်ထားတဲ့ ကော်ဖီနဲ့ မုန့်နဲ့ချပေး၊ ကျောင်းယူသွားဖို့ သောက်ရေဘူး ထည့်ပေး ။ ၆နာရီ ၁၅ လောက် သူတို့သားအမိတွေ ကျောင်းသွားတာနဲ့ ကိုယ်ကခဏ ပြန်မှေး။ အိပ်လို့တော့ မပျော်တော့ပါဘူး။ ပတ်ဝန်းကျင် ကအသံဘလံတွေ ကြားနေရပြီလေ။ အဲဒီလိုကျောင်းဖွင့်ရက်မှာ နေ့တိုင်း စောစောထနေရတော့ ကျောင်းပိတ်ရက်မှာ ၇ နာရီ ၈ နာရီလောက်အထိ အိပ်ချင်တယ်။ ၈ နာရီလောက်မှထပြီး ဈေးသွားမယ်ပေါ့။ ဇိမ်လုပ်နေလို့ မရပါဘူး။ ကိုယ့်အိမ်နဲ့ ၁၀ အိမ်ကျော် လောက်မှာရှိတဲ့ ဓမ္မာရုံက မနက် ငါးနာရီလောက်မှာ အသံချဲ့စက် ထဖွင့်ပါတယ်။ တချို့အသံချဲ့စက် အသံနဲ့ အိပ်လို့ရတဲ့သူကရတယ်။ ကိုယ်တွေကတော့ အမေ တူတယ်ပြောရမယ်။ တော်ရုံတန်ရုံ အိပ်လို့မပျော်တတ်ဘူး။ ဒီတော့ ၅ နာရီထဲက နိုးနေပြီး ပြန်အိပ်လို့ မရတော့ဘူး။ ခဏမှေးနေပြီး ခြောက်နာရီလောက်ဆို ဈေးသွားဖို့ ထရတော့တယ်။ ဈေးသွားတာ နေမြင့်ရင် လည်း လဘက်ရည်ဆိုင်မှာ နံပြားကုန် ၊ ပဲပလာတာမရှိ ၊ စမူဆာနဲ့ အီကြာကွေးပြတ် ၊ မုန့်ဟင်းခါး ဆိုင်ကလည်း ဟင်းရည်ပဲကျန်တော့တာ။ အဲဒီတော့ စောစောသွားတာပဲ ကောင်းပါတယ်ပေါ့။ ကိုယ့်ကို စောစောနှိုးတဲ့ ဓမ္မာရုံကလော်စပီကာကြီးကိုပဲ ကျေးဇူးတင်ရဦးမယ်။

လော်စပီကာနဲ့ မြန်မာတွေက ခွဲခြားလို့မရပါ။ ဘာပဲလုပ်လုပ် လော်စပီကာပါမှ ဖြစ်တဲ့ မြန်မာ တွေပါ။ လော်စပီကာ မပါရင် ဘာလိုနေမှန်းမသိတဲ့ မြန်မာတွေပါ။ လော်စပီကာမပါရင် အလုပ်မဖြစ် ဘူးထင်တဲ့ မြန်မာတွေပါ။ ဒီလောက်လော်စပီကာကြိုက်တဲ့ မြန်မာတွေ ၊ လော်စပီကာတွေ ဆောင်းဘောက်စ်တွေ လိုအပ်လို့ ဖွင့်တာလည်းဖွင့်ပါ။ ဒါပေမယ့် ပတ်ဝန်းကျင်ကိုတော့ စိတ်အနှောင့်အယှက် ကိုယ်အနှောင့်အယှက် မဖြစ် အောင်ဖွင့်ပါ။ နားမခံသာအောင်မလုပ်ပါနဲ့။ ပတ်ဝန်းကျင်မှာ ကျောင်းသူ၊ ကျောင်းသားတွေရှိတယ်။ သက်ကြီးရွယ်အိုတွေရှိတယ်။ နာမကျန်းသူတွေလည်း ရှိချင် ရှိနိုင်တယ်။ အဲဒီအတွက် ကိုယ်ချင်းစာပါ။ အသိစိတ်ဓါတ်လေးရှိပါ။ အဲဒါလေးတစ်ခုပါပဲ။ နို့မဟုတ်ရင်လည်း သူငယ်ချင်းပြောသလို တာဝန်ရှိသူတွေက ကြပ်မတ်ပေးကြဖို့ ။ ဒါကလည်း ဖြစ်တော့မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ အဲဒီတော့လည်း ဝဋ်ရှိလို့ပဲလို့ သဘောထားလိုက်တာပဲ မကောင်းဘူးလား။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *