မြန်မာနိုင်ငံ၏ အင်တာနက် ထိုးဖောက်မှုနှုန်းသည် အရှေ့တောင်အာရှဒေသတွင်း ဆယ်နိုင်ငံတွင် နောက်ဆုံး၌ ရပ်တည်နေပြီး Cambodia နိုင်ငံက ၄ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံက ၉ ရာခိုင်နှုန်းတို့ဖြင့် ဇယားအောက်ဆုံး သုံးနေရာတွင် နေရာယူထားကြကြောင်း ယမန်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် 3RD Into Myanmar Telecom and Summit 2014 ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံတကာအဖွဲ့အစည်းမှ ဆက်သွယ်ရေးဆိုင်ရာ အရာရှိများက ပြောကြားသည်။
စင်ကာပူနိုင်ငံ၏ အင်တာနက် ထိုးဖောက်မှုနှုန်းသည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် ထိပ်ဆုံးနေရာမှ ရပ်တည်နေပြီး မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ၆၁ ရာခိုင်နှုန်းနှင့် ၄၀ ရာခိုင်နှုန်းတို့ဖြင့် အစီအစဉ်အလိုက် ရပ်တည်နေကြသည်။ မြန်မာနိုင်ငံတွင် နှစ်အနည်းငယ်အတွင်း မိုဘိုင်းဖုန်းအသုံးပြုသူ၊ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူများ တိုးတက်လာခဲ့သော်လည်း အရည်အသွေးပြည့်ဝပြီး ကောင်းမွန်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ရရှိမှုနည်းပါးကြသဖြင့် ယင်းကဲ့သို့ နောက်ဆုံးအဆင့်ကို ပိုင်ဆိုင်ထား ရခြင်းဖြစ်ကြောင်း အဆိုပါ ဆက်သွယ်ရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် နိုင်ငံတကာမှ ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ အင်တာနက်ထိုးဖောက်မှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းအောက်တွင် ရပ်တည်နေကြသည်။