News

LG မှ V10 အမည်ရ စမတ်ဖုန်းသစ်ကို ထုတ်ဖော်ကြေညာ

LG ကနေပြီးတော့ အောက်တိုဘာ ၁ ရက်မှာ မျက်နှာပြင် ၂ ခုပါဝင်တဲ့ V10 အမည်ရ စမတ်ဖုန်းသစ်ကို ထုတ်ဖော် ကြေညာခဲ့တယ်လို့ သိရပါတယ်။ Android စမတ်ဖုန်းတွေထဲ ပထမဆုံး မျက်နှာပြင် ၂ ခု သုံးထားတဲ့ V10 မှာ အဓိက မျက်နှာပြင် ၅.၇ လက်မ မျက်နှာပြင်ရဲ့ အပေါ်မှာ အချိန်၊ နေ့စွဲ၊ ရာသီဥတုအခြေအနေနဲ့ ဘက်ထရီ အခြေအနေကို ပြသသွားမယ့် မျက်နှာပြင် တစ်ခု ထပ်ဆောင်းပါဝင်ပါတယ်။ ဒါ့အပြင် ယင်း ဒုတိယ မျက်နှာပြင်ကနေ အသုံးပြုသူ စိတ်ကြိုက် application တွေကို ဖွင့်သွားနိုင်မယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။

LG ဟာ V10 ကို Apple ကနေ iPhone 6S နဲ့ 6S Plus တို့ ထုတ်လုပ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ထုတ်လုပ်ခဲ့တဲ့အပြင် Google ကနေ Nexus စမတ်ဖုန်းစီးရီးသစ်တွေ ထုတ်လုပ်ခဲ့တဲ့ ရက်သတ္တပတ်မှာပဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ စတီး ဘော်ဒီနဲ့ 5 megapixel ရှိတဲ့ ရှေ့ မျက်နှာပြင် ကင်မရာ နှစ်ခုပါဝင်တဲ့ V10 ဟာ ဓါတ်ပုံရိုက်တဲ့အချိန်မှာ ၁၂၀ ဒီဂရီ ဓါတ်ပုံတွေကို ရိုက်နိုင်မယ်လို့ LG ကဆိုပါတယ်။

ဒါ့အပြင် V10 ကနေ ဗီဒီယိုရိုက်ကူးနိုင်ခြင်း၊ edit လုပ်နိုင်ခြင်း၊ share ပြုလုပ်နိုင်ခြင်းအစရှိတဲ့ ဝန်ဆောင်မှုများလည်း ထပ်ဆောင်း ပါဝင်ပါသေးတယ်။ ဓါတ်ပုံရိုက်ကူးသူတွေ သဘောကျမယ့်အချက်ကတော့ ဖုန်းကင်မရာရဲ့ ISO၊ frame rate၊ shutter speed၊ white balance နဲ့ focus တွေကို ရိုက်ကူးနေစဉ်မှာတင် ချိန်ညှိနိုင်မှာဖြစ်ပါတယ်။

“LG V10 ကို အခြေခံကနေ multimedia စမတ်တစ်လုံးအဖြစ် ရည်ရွယ်ထားပါတယ်”လို့ LG Electronics Mobile Communications ရဲ့ အမှုဆောင်အရာရှိချုပ် Juno Cho ကဆိုပါတယ်။ “G4 မတိုင်ခင်အချိန်အထိ LG ဖုန်းတွေက ခရီးထွက်ရာမှာ အသုံးပြုလို့ မကောင်းဘူး၊ ဓါတ်ပုံရိုက်လို့ မကောင်းဘူးလို့ ကျွန်တော်ပြန်ကြားရပါတယ်၊ အခု V10 နဲ့ G4 တို့က အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်မယ်လို့ ထင်ပါတယ်”လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

LG V10 မှာ နောက်ကင်မရာ 16 megapixel ရှိပြီး 4GB RAM၊ 64 GB storage နဲ့ ဘက်ထရီက 3,000mAh ရှိပါတယ်။ ဖုန်း ကို တောင်ကိုရီးယားနိုင်ငံမှာ စတင်ဖြန့်ချိမှာဖြစ်ပြီး အခြားနိုင်ငံများသို့လည်း မကြာခင်အချိန်အတွင်း ဖြန့်ချိသွားမယ်လို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *