News

အိုင်စီတီနှင့် ချိတ်ဆက်ထားသည့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများကို သုံးစွဲသူပေါင်း ငါးနှစ်အတွင်း သန်းငါးဆယ်အထိ ရှိလာမည်ဟု ဂျပန်ခန့်မှန်း

အိုင်စီတီနှင့် ချိတ်ဆက်ထားသည့် အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများကို သုံးစွဲသူပေါင်း ငါးနှစ်အတွင်း သန်းငါးဆယ်အထိ ရှိလာမည်ဟု ဂျပန်ခန့်မှန်း

မြန်မာနိုင်ငံတွင် လာမည့်ငါးနှစ်အတွင်း၌ အိုင်စီတီနှင့်ချိတ်ဆက်ထားသော ဝန်ဆောင်မှုများကို သုံးစွဲသူပေါင်း သန်းငါးဆယ်အထိ ရှိလာမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ အိုင်စီတီဆိုင်ရာ အကြံပေး လုပ်ငန်းစု တစ်ခုဖြစ်သည့် Nomura Research Institute ကခန့်မှန်းထားကြောင်း သတင်းရရှိသည်။

အိုင်စီတီနှင့်ချိတ်ဆက်နေသည့် Mobile Payment, Internet Banking, e-Payment, Mobile Entertainment, e-Microfina- nce, Mobile Commerce အစရှိသည့် ခေါင်းစဉ်များဖြင့် ကဏ္ဍအများအပြားကို သုံးစွဲသူပေါင်း သန်းငါးဆယ်အထိ ရှိလာမည်ဟု Nomura Research Institute ကခန့်မှန်းလိုက်ခြင်း ဖြစ်သည်။ မိုဘိုင်းဖုန်းပေါ်မှ ငွေပေးချေ ခြင်းလုပ်ငန်းများနှင့် အင်တာနက်ပေါ်မှ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို သုံးစွဲသူသည် နှစ်အနည်းငယ်အတွင်း ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ အိုင်စီတီဆိုင်ရာ ကြံပေးလုပ်ငန်းစု၏ အထွေထွေ မန်နေဂျာဖြစ်သူ Mr.Kotaro Kuwaduက ပြောကြားသည်။ ထို့အပြင်အင်တာနက် စနစ်ချိတ်ဆက်ထားသော မိုဘိုင်းဖုန်းများကို အသုံးပြုပြီး ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို အသုံးပြုကြသူ ပမာဏသည်လည်း တချိန်တည်းမှာပင် မြင့်တက်လာမည်ဟု အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် အင်တာနက်ဆက်သွယ်မှု အမြန်နှုန်းများနှင့် ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်မှုများကို လက်ရှိအနေအထားမှ ပြောင်းလဲနိုင်မှသာ နိုင်ငံတကာ၏ ခန့်မှန်းချက်များနှင့် တထပ်တည်းကျနိုင်မည် ဖြစ်ကြောင်း ကွန်ပျူတာပညာရှင် အချို့ကသုံးသပ်ပြောကြားသည်။ အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး Nomura Research Institute၏ အထက်ပါ တာဝန်ရှိသူက “အားလုံးသိပြီးသား ဖြစ်သလို နိုင်ငံတစ်နိုင်ငံရဲ့ အိုင်စီတီကဏ္ဍ တိုးတက်လာမယ့် လမ်းကြောင်းမှာ အင်တာနက်ဆက်သွယ်မှုကောင်းမွန်ဖို့နဲ့ မိုဘိုင်းဖုန်းကွန်ရက်တွေကို အဆင့်မြင့်မြင့် အသုံးပြုနိုင်ဖို့က အခြေခံအချက်တွေပါ။ အခြေခံအဆောက်အဦ ကောင်းမွန်မှနိုင်ငံတကာ လမ်းကြောင်းကို လှမ်းနိုင်မှာပါ။ မြန်မာနိုင်ငံရဲ့အိုင်စီတီ ကဏ္ဍကိုတော့ နှစ်အနည်းငယ်အတွင်း တိုးတက်လာမယ့်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။ ထို့အပြင် Nomura Research Institute အနေဖြင့် ငါးနှစ်တာ အချိန်အတွင်း မြန်မာနိုင်ငံ၏ အိုင်စီတီတိုးတက်မှုသည် အလျင်မြန်ဆုံး ပြောင်းလဲလာမည်ဖြစ်ပြီး ဂျပန်အပါအဝင် နိုင်ငံတကာမှ ဆက်သွယ်ရေး ကုမ္ပဏီများ၏ အာရုံစိုက်မှုကိုလည်း အထူးရရှိနေသည့် အခွင့်အရေးကို အကောင်းဆုံး အသုံးချသင့်ကြောင်း အကြံပြုပြော ကြားသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *