Health, Opinion

ကိုယ့်အသက်ကိုယ် နှမြောကြရင်ဖြင့်

ကိုယ့်အသက်ကိုယ် နှမြောကြရင်ဖြင့်

မြန်မာနိုင်ငံမှာ အသက်(၄၅)နှစ်မှ (၆၅)နှစ်အရွယ်ရှိ လူလတ်ပိုင်းထက်ဝက်ကျော်ဟာ ခံတွင်းကင်ဆာ ခံစားနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ စာရင်းများအရ သိရတယ်လို့ဆိုပါတယ်။ ခံတွင်းကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းတွေမှာ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ တွေကြောင့်ဖြစ်ပြီး ကွမ်းတစ်မျိုးတည်း စားသုံးသူ (၁၀ဝ)မှာ (၃၄)ဦးနှုန်းနဲ့ အများဆုံးဖြစ်နေပြီး ဆေးလိပ်နဲ့ကွမ်းကို နှစ်မျိုးစလုံး သုံးစွဲတဲ့သူ (၁၀ဝ)မှာ (၂၂)ဦးနှုန်း၊ ဆေးလိပ်တစ်မျိုးတည်း သောက်တဲ့သူ (၁၀ဝ)မှာ (၁၉)ဦးနှုန်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

WHOရဲ့ ဖေါ်ပြချက်အရ အမျိုးသားများမှာ ခံတွင်းကင်ဆာဖြစ်ပွားမှု အဖြစ်များပြီး အရှေ့တောင်အာရှနိုင်ငံများတွင် အမျိုးသား(၃၀)ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး (၁)ဒဿမ (၈)ရာခိုင်နှုန်းမှ (၁၅)ဒဿမ (၆)ရာခိုင်နှုန်းဟာ ဆေးလိပ်နဲ့ဆေးရွက်ကြီး တစ်မျိုးမျိုးကို သုံးစွဲနေကြတယ်လို့ဆိုပါတယ်။ ဆေးလိပ်မှာ အဆိပ်သင့်စေတဲ့ ပစ္စည်းများဖြစ်တဲ့ ဆေးရွက်ကြီးတွင် ပါဝင်သည့် စွဲလန်းစေသော နီကိုတင်းအပြင် ဖေါ်မလင်ဆေးရည်၊ သန့်စင်ခန်းသုံးဆေး၊ ကြွက်သတ်ဆေး၊ လက်သည်းဆိုးသန့်စင်ဆေး၊ ကားမောင်းလျှင် ထွက်သောဓာတ်ငွေ့၊ မီးခိုးငွေ့၊ ကတ္တရာစေးချေး၊ အိမ်သုတ်ဆေး၊ ဓာတ်မြေသြဇာတွင် ပါဝင်သော ဓါတ်ပစ္စည်းတို့ ပါဝင်သဖြင့် (ကဲ – ဆေးလိပ်သောက်ရဲရင် သောက်ကြစမ်း) ကင်ဆာရောဂါဖြစ်ပွားစေကြောင်း သိရပါတယ်။ ကွမ်းစားရာမှာ ပါဝင်တဲ့ ဆေးရွက်ကြီးကြောင့် ကင်ဆာရောဂါ အဓိကဖြစ်ပွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကွမ်းလည်းစားပြီး ဆေးလိပ်လည်း သောက်တဲ့လူငယ်တစ်ဦးက “ကွမ်းစားဆေးလိပ်သောက်ရင် ဘယ်လိုမျိုးတွေ ဖြစ်တယ်ဆိုတာကို သိတယ်။ ဒါပေမယ့် အခုချက်ချင်း ဖြစ်တာမှမဟုတ်တာ။ စားတဲ့သူတိုင်း မဖြစ်ဘူး။ သူ့ကံနဲ့သူပဲ။ ဖြစ်ဖို့ပါရင်တော့ ဖြစ်မှာပဲ။ တချို့ကွမ်းမစား ဆေးလိပ်မသောက်ပဲနဲ့လည်း ကင်ဆာရောဂါဖြစ်နေတဲ့ သူတွေအများကြီးပဲ”လို့ ပြောပါတယ်။ သူ့လိုလူစား အများကြီးပဲလို့ ဆိုရမယ်။ နောင်ခါလာ နောင်ခါဈေးပေါ့။ ဖြစ်ခါမှ ဖြစ်ရော။ မဖြစ်သေးခင် တွေးပူချင်ဘူး။ ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ ဖြစ်နိုင်တယ်။ ကွမ်းစားရင် ခံတွင်းကင်ဆာဖြစ်နိုင်တယ်ဆိုတာ စာတတ်တဲ့သူရော၊ စာမတတ်တဲ့သူရော အများအားဖြင့် သိနေကြပြီးသား။ ဒါပေမယ့် မဖြတ်နိုင်ကြဘူး။ မဆင်ခြင်နိုင်ကြဘူး။ ခုနင်ကလို ဆင်ခြေတွေပေးနေကြမှာပဲ။ စွဲနေကြပြီလေ။ ဒီနေရာမှာ အရက်လည်းပါတာပေါ့။ ဘာပဲဖြစ်ဖြစ် အစမလုပ်မိရင် အကောင်းဆုံးပဲ။ အဲဒါတွေ မပြောနဲ့။ လဘက်ရည်၊ ကော်ဖီတောင်စွဲတာ။ သောက်နေကျအချိန်မှာ သောက်လိုက်ရမှ။ တချို့ကပြောတယ်၊ လဘက်ရည်သောက်ရင် အိပ်မပျော်ဘူးလို့။ လဘက်ရည်ကြိုက်တဲ့သူ လဘက်ရည်စွဲနေတဲ့သူကတော့ မသောက်ရရင် အိပ်မပျော်ဘူး။ တစ်ခုခု အလေ့အကျင့်ဖြစ်သွားရင် မလွယ်ဘူး။ အလေ့အကျင့်က ဖျောက်လို့မရဘူး။ သူ့အချိန်ကျရင် လုပ်နေကျအလုပ်တစ်ခုက လုပ်လိုက်ရမှ။ ဥပမာ နေ့စဉ်မနက်စောစောထပြီး လမ်းလျှောက်တတ်တဲ့သူဟာ နေပူပူ မိုးရွာရွာ လမ်းထလျှောက်ရမှ။ ဒါကတော့ ကောင်းတဲ့အလေ့ အကျင့်ပါ။ အစွဲအလမ်းတစ်ခုဆိုတာ ဖျောက်ရခက်တယ်။ အမှန်ကတော့ စိတ်သာအဓိကလို့ ပြောရမှာပဲ။ ကိုယ့်စိတ်ကိုယ်နိုင်ရင် စောစောကပြောတဲ့ ကွမ်းတို့ဆေးတို့ဆိုတာ ဖြတ်နိုင်မှာပါ။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးလိပ်၊ ဆေးရွက်ကြီးတို့ရဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ပြည်သူ့ဆေးရုံများမှာလည်း ဆေးလိပ်နဲ့ ကွမ်းစားသုံးခြင်းကို ဖြတ်ပေးနေတယ်လို့ သိရပါတယ်။ “ဆေးရုံတွေမှာတော့ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ ပတ်သက်ပြီးတော့ ဟောပြောပွဲတွေ အမြဲတမ်းလုပ်ပါတယ်။ နယ်တွေမှာလည်း သွားလုပ်ဖြစ်ပါတယ်”လို့ အင်းစိန်ပြည်သူ့ဆေးရုံကြီးက အထူးကုဆရာဝန်ကြီး(ဆေးပညာ) ဒေါက်တာ ဒေါ်တင့်တင့်ကြည်က ပြောတယ်လို့ဆိုပါတယ်။ အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးမှာ ၂၀၁၃-၂၀၁၄ခုနှစ်အတွင်း ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ် အသိပေးဟောပြောပွဲ တက်ရောက်သူ ၂၇၃ဦး ရှိသော်လည်း ဆေးလိပ်နှင့်ကွမ်းစားခြင်းကို ဖြတ်တဲ့လူနာ ၃၃ ဦးသာ ရှိတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ကွမ်းစားတဲ့ဓလေ့ဟာ ပုံဂံခေတ်မှာကတည်းက ရှိနေပြီလို့ဆိုရပါမယ်။ ပုဂံ ရာဇဝင်အရ နရပတိ စည်သူမင်းလက်ထက်မှာ ကွမ်းစားတဲ့အမတ်တွေဟာ ကိုယ့်မှာပါလာတဲ့ ကွမ်းအစ်တွေနဲ့ ကွမ်းကိုယာပြီးစားရင် လက်ညှိုးမှာ ပေနေတဲ့ ထုံးတွေကို နန်းတော်တိုင်တွေကို သုတ်ကြတဲ့အတွက် အလွန်ပဲ အရုပ်ဆိုးနေတာကြောင့် ထုံးသုတ်တဲ့သူတွေ့ရင် လက်ညှိုးကို ဖြတ်စေလို့ ရှင်ဘုရင်က အမိန့်ထုတ်တော့ ဘယ်အမတ်မှ ထုံးမသုတ်ရဲကြတော့ဘူးတဲ့။ ဒါပေမယ့် တစ်ခါတော့ ရှင်ဘုရင်က သူ့ဟာသူမေ့ပြီး အမှတ်တမဲ့ တိုင်ကို ထုံးသုတ်လိုက်မိတယ်။ အဲဒီအခါ သူထုတ်ထားတဲ့ အမိန့်အရ သူ့လက်ညှိူးသူ ပြန်ဖြတ်ပစ်တယ်လို့ ကြားဖူးပါတယ်။ တစ်ခါကုန်းဘောင်ခေတ်မှာ ဘကြီးတော်မင်းတရားလက်ထက်က စာဆိုတော် ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းတို့ရဲ့ ကွမ်းယာနဲ့ ပက်သက်ပြီး အတိုင်အဖောက်စပ်ဆိုခဲ့ကြတဲ့ “တံတားဦးက ကွမ်းနုဝါ ငါန်းမြာကဆေး ၊ ကွမ်းသီးတောင်ငူနဲ့ ကိုင်းထုံးဖြူ၊ ပြည်ရှားသာဝါးလို့ထွေး” ဆိုတဲ့ ကဗျာလေးကလည်း ကွမ်းယာမှာ ပါဝင်တဲ့ ဒေသထွက် ပစ္စည်းတွေကို ဖော်ပြနေပါတယ်။

ရှေ့တုန်းက လူကြီးတွေဟာ ယောကျာ်းရော ၊ မိန်းမရော ကွမ်းကို ကိုယ်တိုင်ယာစားကြပါ တယ်။ ငွေကွမ်းအစ်၊ ကြေးကွမ်းအစ်၊ ယွန်းကွမ်းအစ် စသဖြင့် ရှိကြပြီး ကွမ်းအစ်အောက်အံထဲမှာ ကွမ်းရွက်တွေ ထပ်ထည့်ထားပြီး အပေါ်အံမှာ ကွမ်းသီးစိတ်တွေရယ်၊ ဆေးရွက်ကြီးရယ်၊ ရှားစေးရယ် ထုံးဘူးလေးရယ် ရှိပါတယ်။ ခုချိန်ထိ တချို့က ပလတ်စတစ် ထမင်းဗူးလေးထဲမှာ ထည့်ဆောင်ပြီး စားလေ့ရှိကြပါတယ်။ ခုခေတ်မှာတော့ ရှားစေး မသုံးကြတော့ဘူး။ အရင်တုန်းကတော့ ကွမ်းယာ ဆိုင်တွေက အခုလောက် မပေါသေးပါဘူး။ ကွမ်းယာကို ကုလားတွေပဲ ရောင်းတာများတယ်။ ကွမ်းယာဆိုင်ဆိုပေမယ့် စတိုးဆိုင်အသေးစားလေးလို့ ပြောရမယ်ထင်ပါတယ်။ အပ်၊ အပ်ချည်၊ နားဖာကလော်ကအစ မီးလုံး၊ မီးသီး အကုန်ရောင်းပါတယ်။ အင်္ဂလိပ်ဆေး၊ ဗမာဆေးဝယ်လို့ ရပါတယ်။ အခုခေတ်မှာတော့ ကွမ်းယာနဲ့ ဆေးလိပ်ပဲ ရောင်းတဲ့ဆိုင်တွေကများတယ်။ ဆေးလိပ်က တင်ထားပေမယ့် ကွမ်းယာကို အဓိကထားရောင်းကြတယ်။ တချို့ကလည်း ဆိုင်နေရာကြီးရင် အရင်တုန်းကလိုပဲ ဆပ်ပြာကအစ မုန့်မျိုးစုံပါ တင်ရောင်းကြတာရှိတယ်။

ကွမ်းယာကို ဟိုတုန်းက အချိုစားကြတယ်။ စမုန်စပါး၊ နွယ်ချိုထည့်စားကြတယ်။ ဖာလာကြိုက်ရင် ဖာလာထည့်စားကြတယ်။ မဂိုလမ်း (ရွှေဘုံသာလမ်း) မှာ ရောင်းတဲ့ ကွမ်းယာအချို ဆိုရင် အုန်းသီးစိပ်တွေရော နှမ်းတွေရော ဘာတွေပါသေးလဲ မသိဘူး ကြည့်ရတာ ရောင်စုံပဲ။ ဆေးနဲ့စားတဲ့ သူကတော့ အရင်တုန်းက ဆေးရွက်ကြီး ထည့်စားတာပဲရှိတယ်။ ခုနောက်ပိုင်းတော့ ဆေးမွှေးအာမွှေး၊ ဖော့တီဖိုက်၊ နိုင်တီတူး၊ ဆစ်ဂနယ်၊ နှပ်ဆေးအရည် အဖတ်စုံနေတာပဲ။ တချို့ များ ဆေးစုံ ထည့်စားကြတာ ရှိသေးတယ်။ ကိုယ်တွေနိုင်ငံတော် ကောင်စီရုံးမှာ လုပ်တုန်းက (အဲဒီတုန်းက စနေနေ့တစ်ဝက် ရုံးတက်ရတယ်) စနေနေ့ရုံးဆင်းရင် သူငယ်ချင်း တစ်သိုက် ဘားလမ်းက ရွှေမင်းသမီး လဘက်ရည်ဆိုင် (ဘုရင့်ရုံဘေး) မှာ သွားထိုင်လေ့ရှိကြတယ်။ ရုံးကဝင်ဒါမီယာမှာဆိုတော့ ဟံသာဝတီမှတ်တိုင်မှာ ဘတ်စ်ကားစောင့်ရင်း ကွမ်းယာဆိုင်မှာ သူငယ်ချင်းတွေက ကွမ်းယာဝယ်စားကြတယ်။ ကိုယ်က သူငယ်ချင်းတစ်ယောက်ဆီက (နောက်ပိုင်းမှာ ဒုရဲအုပ်ဝင်ဖြေပြီး ရဲတပ်ဖွဲ့ထဲဝင်သွားတဲ့ ကိုမြင့်ဆွေဖြစ်ပါသည်) ကွမ်းယာတစ်ယာကို ဆေးပါလား ဘာလားမမေးပဲ ယူပြီး ဝါးလိုက်မိပါတယ်။ တစ်ခါနှစ်ခါပဲ စားရသေးတယ် အကုန်လုံးပြန်ပြီး ထွေးထုတ်လိုက်တာတောင် ဆေးရွက်ကြီး အရှိန်ကြောင့် ရင်ထဲမှာ အီလည်လည်နဲ့ ဘတ်စကားပေါ်ပါသွားတာ။ လူလည်းချွေးတွေပြန်ပြီး မအန်မိအောင် မနည်းထိန်းသွားရတယ်။ ကွမ်းမူးတာ အတော်ခံရခက်ပါတယ်။ ဗိုက်ထဲမှာကို လှိုက်လှိုက်ပြီးတော့ မူးတာ ကိုယ်က ငယ်ငယ် တုန်းကတော့ ကွမ်းယာအချိုကို တစ်ခါတစ်လေ စားတတ်တယ်။

ကွမ်းစားရင် ခံတွင်းကင်ဆာဖြစ်မယ်၊ ဘာဖြစ်မယ်ညာဖြစ်မယ် ပြောနေကြသိနေကြပေမယ့် လူတွေကတော့ ကွမ်းစားတာကို မလျှော့ကြဘူး။ တချို့ဆိုရင် ကွမ်းယာကို တစ်နေ့တစ်ထောင်ဖိုးလောက်တောင် စားကြတယ်လို့သိရတယ်။ ဒီထက်မကတဲ့သူတွေလည်း ရှိချင်ရှိမယ်။ အလယ်တန်း ကျောင်းသားလေးတွေတောင် ကွမ်းနဲ့ဆေးနဲ့ ဖြစ်နေတာတွေ့ရတယ်။ ကွမ်းယာဆိုင်တွေလည်း မှိုပေါက်သလို များသထက် များလာပြီး ကွမ်းယာရောင်းပြီး စီးပွားဖြစ်တဲ့ သူတွေလည်း ဖြစ်ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြီးခဲ့တဲ့သင်္ကြန်တုန်းက နေ့လည်ပိုင်း ရေပက်နားကြတဲ့အချိန် လဘက်ရည်ထွက်သောက်တော့ လဘက်ရည်ဆိုင်နားမှာရောင်းနေတဲ့ ကွမ်းယာဆိုင်က ပြောနေသံကြားနေရတာ တစ်နေ့ကို နှစ်သိန်းဖိုးလောက်တောင် ရောင်းရတယ်တဲ့ သင်္ကြန်မတိုင်ခင်တုန်းကဆိုရင် နှစ်သိန်းခွဲဖို့လောက်တောင် ရောင်းရတယ်လို့ပြောတယ်။ တစ်နေ့ကို ကွမ်းနှစ်ပိဿာလောက် ကုန်တယ်တဲ့။ ကွမ်းယာရောင်းတဲ့သူဟာ လက်မလည်ဘူး။ လူလဲနဲ့တောင် ရောင်းရတယ်။ ကဲ-ဒီတော့ ဒီလိုကွမ်းယာဆိုင်က စီးပွားမဖြစ်ပဲ နေပါ့မလား။ ဒီလောက်ဝင်ငွေကောင်းနေတော့ ကိုယ်တောင် ကွမ်းယာထွက်ရောင်းရရင်ကောင်းမလားလို့ စိတ်ကူးမိသေးတယ်-ဟဲ-ဟဲ။

ပြောသာပြောတာပါ။ ကိုယ်ကကွမ်းစားတာကိုတော့ သိပ်ပြီးအားမပေးချင်ဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာကို အသာထား။ ပတ်ဝန်းကျင်ညစ်ပတ်လို့။ လမ်းသွားတဲ့လူက လမ်းပေါ်မှာ ကွမ်းတံတွေးထွေးတယ်။ ကားပေါ်ကနေလည်း ကိုယ်ပိုင်ကားမောင်းတဲ့သူရော၊ တက္ကစီကားမောင်းတဲ့သူရော၊ ဘတ်စ်ကားမောင်းတဲ့သူရော၊ စပယ်ယာရော၊ ခရီးသည်တွေရော အားလုံးက ကွမ်းတံတွေးကို လမ်းပေါ်ကို ပျစ်ခနဲ ပျစ်ခနဲ ထွေးချကြတယ်။ လမ်းတွေပေါ်မှာကို ကွမ်းတံတွေးတွေချည်းပဲ။ ဓါတ်မီးတိုင်အခြေတွေမှာ ထွေးတယ်။ အဆောက်အဦးထောင့်တွေမှာ၊ နံရံတွေမှာ၊ လှေကားထောင့်တွေမှာ၊ စည်းကမ်းမရှိထွေးကြတယ်။ မြင်လို့ကောင်းမကောင်းဆိုတာ မစဉ်းစားကြဘူး။ ပညာပေးကြ၊ သတိပေးကြ၊ ပြောကြဆိုကြပေမယ့် မဆင်ခြင်ကြပါဘူး။ ကိုယ့်အကြိုက်နဲ့ကိုယ်၊ ကိုယ်အခွင့်အရေးနဲ့ကိုယ်မို့ ကွမ်းမစားနဲ့လို့ မပြောချင်ပေမယ့် ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် စည်းကမ်းလေးရှိစေချင်တာပါ။ တစ်ခါက နိုင်ငံခြားသတင်းတစ်ပုဒ်မှာ ဘင်္ဂလားဒေ့နိုင်ငံမှာ တံတားတစ်ခုပေါ်ကနေ ဖြတ်သန်းသွားလာကြတဲ့ လူတွေက ကွမ်းတံတွေးတွေ ထွေးထွေးသွားကြလို့ တံတားလက်ရမ်းသံတိုင်တွေဆွေးပြီး အန္တရာယ်ဖြစ်နိုင်ခြေ ဖြစ်ပေါ်နေတယ်လို့ ဖတ်လိုက်ရဘူးပါတယ်။ ဒီအမြစ်စွဲနေပြီဖြစ်တဲ့ ကွမ်းယာယဉ်ကျေးမှုကတော့ အမြစ်ဖြတ်ဖို့ သိပ်မလွယ်ပါဘူး။ ဒီလိုလုပ်ရင်မကောင်းဘူးလား။ နိုင်ငံတော်အစိုးရရဲ့အမိန့်နဲ့ တစ်နိုင်ငံလုံးက ကွမ်းယာဆိုင်တွေ အားလုံးပိတ်ဆိုပြီးတော့လေ။ သူများထမင်းအိုးခွဲရာကျမှာမို့လို့ အဲဒါမျိုးကလည်း မကောင်းပြန်ဘူး။ ရောင်းတဲ့သူကတော့ စားတဲ့သူရှိနေရင် ရောင်းနေမှာပဲ။ အဲဒီလိုလုပ်လိုက်လို့ ကွမ်းယာမှောင်ခို ဈေးကွက်ဖြစ်သွားရင် ပိုပြီးခက်နေအုံးမယ်။

အဓိက ကတော့ စားသုံးသူတွေပါပဲ။ ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာကို မကြောက်လို့၊ ခုချက်ချင်းဖြစ်သေးတာမှ မဟုတ်တာ၊ ဖြစ်ချင်မှလည်း ဖြစ်မှာဆိုပြီး ကွမ်းစားနေတဲ့သူတွေ ကွမ်းတံတွေးကို ဆင်ဆင်ခြင်ခြင်နဲ့ ထွေးစေချင်တာပါ။ အင်းလေ ပြောလည်း မောင်ပြောပဲဖြစ်မှာပါ။ ကင်ဆာအပါအဝင် ဆီးချို၊ သွေးချို၊ နှလုံးစတဲ့ ရောဂါတွေဟာ ကူးစက်တတ်တဲ့ရောဂါတွေ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီကူးစက်ခြင်းကြောင့် မဟုတ်တဲ့ရောဂါတွေဟာ ဖြစ်နှုန်းများသလိုပဲ ကုသရတဲ့ ကုန်ကျစရိတ်ကလည်း များပြားပြီး အသက်ဆုံးရှုံးမှုကလည်း များပြားတယ်လို့ သိရပါတယ်။ ဆေးလိပ်ဆေးရွက်ကြီး၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းနဲ့ အရက်သေစာ အလွန်အကျွံသောက်သုံးခြင်းတို့ကို ပြည်သူလူထုအတွင်းမှာ ကာကွယ်ပေးနိုင်ပြီး ပြည်သူလူထုကလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အပြုအမူ၊ အနေအထိုင်များနဲ့ နေထိုင်နိုင်မည်ဆိုပါက အဆိုပါကူးစက်နိုင်ခြင်းမရှိတဲ့ ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်တမ်းတွေအရ ကင်ဆာအပါအဝင် ကူးစက်ခြင်းကြောင့် မဟုတ်တဲ့ ရောဂါများရဲ့ ဖြစ်ပွားနှုန်းဟာ ၄၂ရာခိုင်နှုန်းတောင်ရှိနေပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ ရောဂါများက နံပါတ်တစ် လူသတ်သမားဖြစ်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆီးချို၊ သွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေး စီမံချက်၊ စီမံချက်မန်နေဂျာ ပါမောက္ခဒေါက်တာတင့်ဆွေလတ်က ထုတ်ဖေါ်ပြောကြားနေပါပြီ။ မြန်မာမှာ “အသက်ကို ဉာဏ်စောင့်” ဆိုတဲ့ စကားရှိပါတယ်။ ကွမ်းပဲစားစား၊ ဆေးလိပ်ပဲသောက်သောက် သူများက ဘယ်လောက်ပြောပြော ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်ကြည့်ပြီး လုပ်ကြဖို့သာ ဖြစ်ကြောင်းပါခင်ဗျာ။

TZO

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *