“ဆရာဆေးခန်းပြချင်လို့ပါ”
“ဆရာလူနာ အရေးကြီးလို့ တံခါးလေး ခဏ ဖွင့်ပေးပါ”
အချိန်မတော်ကြီး ညဥ့်နက် သန်းခေါင် အိမ်ရှေ့မှ အော်ခေါ်သံများကြောင့် တစ်အိမ်သားလုံး နိုးလာကြသည်။ နယ်မြို့နယ်မှ သာမန်အုတ်ညှက်အိမ်လေး များဖြစ်သည့်အတွက် တစ်ခွန်းနှစ်ခွန်းအော်ရုံနှင့်ပင် ဘေးအိမ်နှစ်အိမ် သုံးအိမ်ပါ အလန့်တကြား ဖြစ်ကြရသည်။
“အချိန်ရှိတုန်း ဆေးခန်းဖွင့်ချိန်တုန်းကတော့ လာမပြဘဲ ခုမှဘဲ”
“ဟွန်း” ကျွန်တော်ဆေးခန်းဖွင့်ရာ တစ်နည်း ငှားရမ်းနေထိုင်ရာ အိမ်မှ အိမ်ပိုင်ရှင် အဒေါ် ဒေါ်တင်မြက မြီတွန်တောက်တီးနေသည်။
“ဆရာ၀န်ဟူသည် အချိန်မရှိ၊ ရောဂါဟူသည် နာရီမရှိ၊ အချိန်အခါမရွေး ကူညီပေးရမည်”ဟု ကျွန်တော်တို့ ဆရာ၀န်များက ခံယူထားသော်လည်း သာမန်လူများအဖို့တော့ ခက်ခဲပေမည်ဟု နားလည်မိသည်။ ရန်ကုန်မြို့၌ ပညာသင်ယူစဉ်၊ ဆရာ၀န်လောင်းဖြစ်စဉ်၊ လက်ထောက်ဆရာ၀န်ပေါက်စဖြစ်စဉ် အချိန်များတုန်းက Night Dutyများတွင် တစ်မှေးမျှ မငိုက်၊ မအိပ်ခဲ့ရဘဲ 24 Hr. 36 Hr Dutyများပင် ဟန်မပျက် ဆင်းခဲ့ဖူးသည်။
“ဆရာ ကျွန်တော် ကားဆရာ မြင့်နိုင်ပါ၊ အမေ ရုတ်တရက်ခေါင်းကိုက်ပြီး မူးတာ မခံနိုင်ဘူးဆိုလို့ လာရတာပါ”
ရံဖန်ရံခါ ရန်ကုန်တက်လျှင် လိုက်ပို့နေကျ ကိုမြင့်နိုင်ဆိုသူသည် ရိုးသားယဉ်ကျေးပြီး ကူညီစိတ် အပြည့်အ၀ရှိသည့် မြို့ခံတစ်ဦးဖြစ်သည်။
“လာ အမေ ကုတင်ပေါ်လှဲ၊ လှဲနိုင်ရဲ့လား အရမ်းမူးနေလား၊ ခေါင်းထဲမှာ မိုးကြိုးပစ်ခံရသလို စူးနေလား”
“ရတယ် ဆရာ၊ ဘာမှမဖြစ်ဘူး၊ ကျွန်မက ဖြစ်နေကျ”
“ဖြည်းဖြည်း အမေ”
အသက် (၆၀)ကျော် (၇၀) ကျော်လူကြီးတစ်ဦး ခေါင်းမူးခေါင်းကိုက်သည်ဆိုလျှင် သွေးတိုး၏ နောက်ဆက်တွဲရောဂါများ ဖြစ်ဖို့များသည်။ အကြောက်ရဆုံး ဦးနှောက် သွေးကြောပေါက်ခြင်း (Cerebro vascular Accidents)ကို လူတိုင်း ကြားဖူးကြသည်။ အသက်အန္တရာယ်ကို အနှေးနှင့် အမြန်ပေးတက်သော (SAH) (Subarachnoid Haemarrhage)သည် ဤကဲ့သို့ ရုတ်တရက်ခေါင်းမူး၊ ခေါင်းကိုက်ပြီး လက္ခဏာ စပေါ်တက်သည်။ လူနာများ ရုတ်တရက်ထိုင်ရာမှ စောင့်ထလိုက်ခြင်း၊ ၀မ်းညစ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အခြားအင်အားရုတ်တရက်သုံးစွဲခြင်းတို့ကြောင့် သွေးကြောအတွင်း ဖိအားစောင့်တက်ပြီး ပေါက်ထွက်ကာ သွေးယိုခြင်း ဖြစ်တက်သောကြောင့် “ဖြည်းဖြည်းလှဲ၊ ဖြည်းဖြည်းလှဲ၊ ဖြည်းဖြည်းထ” စရှိသဖြင့် “ဖြည်းဖြည်း” ဆိုသော စကားလုံးသည် သွေးတိုးရောဂါသည်များအတွက် အသက်ကယ်ဆေးတစ်ခွက်ဖြစ်ကြောင်း ဆေးပညာပါမောက္ခကြီးတစ်ဦးက ညွှန်ကြားပြသဖူးသည်။
“ချိန်မနေပါနဲ့ ဆရာရယ်၊ ကျွန်မသိပါတယ် သွေးတိုးနေတာပါ” သွေးပေါင်ချိန်ရန် လက်ပတ်ကို ပတ်မည်ပြုစဉ် လူနာအမေကြီးမှ ကျွန်တော်အား တားသဖြင့် အံ့သြမိသည်။
“ကျွန်မက ကိုယ့်ကို ကိုယ်သိတယ် ဘယ်အချိန်သွေးတိုးမလဲဆိုတာ၊ သွေးတိုးတာနဲ့ သွေးကျဆေး ထိုးဆေးပဲ ထိုးပေးပါ ဆရာ”
ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ လူနာက သူ့ရောဂါသတ်မှတ်ချက် Diagnosis၊ သူ့ကုထုံး Treatment နှင့် အပိုင်အနိုင်၊ အသေအချာ။ မိမိတို့ဆရာ၀န်၏ စမ်းသပ်စမ်းဆေးမှုတောင် မလိုအပ်တော့။
“ ဒီလိုပါ ဆရာ အမေက ရွာကလာတာဆိုတော့ ရွာမှာဆိုရင် သူ့ဆရာက သူ့ခေါင်းကိုက်တယ်ဆို သွေးတိုးလို့ ဆေးထိုးပေးလိုက်မယ်ဆိုပြီး ဆေးတစ်လုံး ထိုးပေးလိုက်ရင် သူလည်း သက်သာသွားပြီး၊ ပျောက်သွားရော၊ ဒါကြောင့် ဆရာကိုလည်း အဲဒီဆေးလေး ထိုးပေးဖို့ ပြောတာပါ။ ဆရာက ဆရာ၀န်ဆိုတော့ သိမှာပါ”
ယခုမှ အခက်တွေ့နေချေပြီ။ သွေးကျဆေး ထိုးဆေးဆိုသည်မှာ ဆေးရုံများတွင်သာ အရေးပေါ် အခြေအနေတွင်မှ ဆရာ၀န် ဆရာမများ၏ စောင့်ကြည့်မှုအောက်တွင်သာ သုံးလေ့ရှိသော ဆေးဖြစ်သည်။ ယခုကဲ့သို့ ဆေးခန်းများ အထူးသဖြင့် ရွာရှိဆေးခန်းတွင် ထိုးသောဆေးမှာ “သွေးကျဆေး” မည်သို့မျှ မဖြစ်နိုင်။
ခေါင်းကိုက်ပျောက်စေနိုင်သော အကိုက်အခဲပျောက်ဆေး Diclo: Injection (သို့) Analgesin Injectionသာ ဖြစ်နိုင်သည်။
သို့မဟုတ်က သွေးပေါင်ကျရာ တစ်ဖက်တစ်လမ်းမှ ကူညီသော ဆီးဆေး Lasix ဖြစ်နိုင်သည်။ ထိုဆေးများကို ပြောသူကလည်း “သွေးကျဆေး ”ဟု ပြောထိုးသည်။ ယုံသူကလည်း တရားသေ မှတ်ထားသည်။ ကျွန်တော် ရှင်းပြလျှင်ကော လက်ခံမည်လား။ နားလည်ပါ မည်လား။ ယုံကြည်ပါမည်လား။ သို့သော် ဆရာ၀န်ကောင်း
တစ်ဦးအနေဖြင့် အမှန်ကို မဖုံးကွယ်သင့်သလို အမှားတွေ့လျှင်လည်း အမှန်ပြင်ပေးရပေမည်။ ရှေးဦးစွာ သူ၏ ယုံကြည်မှုရစေရန် သူ၏ေ၀ဒနာအား အကောင်းဆုံးနည်းဖြင့် သက်သာအောင် ကုသပေးရပေမည်။
“ဒါနဲ့အမေ၊ သွေးကျဆေးရော အမြဲ ပုံမှန်သောက်ဖြစ်လား၊ အငန်တွေ အချိုမှုန့်တွေရော ရှောင်ဖြစ်ရဲ့လား”
“အို ဆရာရယ်။ ကျွန်မက ကိုယ့်အခြေအနေ ကိုယ်သိပါတယ်ဆို။ သွေးတိုးလာပြီ ထင်မှဖြင့် ဆေးသောက်လိုက်ရော။ နေကောင်းနေရင်တော့ ဘယ်သောက်ပါ့မလဲ။ တခါတခါ ဗမာဆေးရော၊ အင်္ဂလိပ်ဆေးပါ နှစ်မျိုး သုံးမျိုး ရောသောက်လိုက်သေးတယ်”
“အမေကို အခု ဆေးကုပေးပြီးရင် ဒီသွေးတိုးရောဂါအကြောင်း သိကောင်းသိစရာဆိုတဲ့ လက်ကမ်းစာစောင်လေး ပေးလိုက်မယ် ဖတ်မှာလား”
“အဲ မဖတ်အားပါဘူး၊ ဆရာရယ် အသက်ကလည်းကြီး မျက်စိကလည်း မှုံတော့”
“ဒါဆို တနေ့ဆေး ( ၂ ) ကြိမ်သောက်ဖို့ ဆေးတစ်ကဒ် ထည့်ပေးလိုက်မယ်၊ ခေါင်းကိုက်ကိုက် မကိုက်ကိုက် သောက်ရမှာနော်”
“ဆရာရယ် နေမကောင်းမှ ဆေးလာထိုးလို့ မရဘူးလား၊ အခုပိုက်ဆံတွေ အများကြီး ကုန်နေဦးမယ်”
သွေးထိန်းဆေးတစ်ကဒ်မှ ငွေ( ၂၀၀ )ကျပ်ပေးလျှင် ငါးရက်သောက်နိုင်သည်။ တစ်ရက်လျှင် ငွေ(၄၀)ကျပ်သာ ကုန်ကျသည်ကို ၀န်လေးတတ်သော ကျွန်တော်တို့ မိဘများမှာ ထို့မျှမကသော ငွေကြေးဆုံးရှုံးမှုများနှင့် အသက်ခန္ဓာတို့ကိုပါ ဆုံးရှုံးစေနိုင်သည်ကို သွေးတိုးလူနာတွေ့တိုင်း ရှင်းပြခဲ့ဖူးသည်။ ဆေးမှန်မှန်သောက်လျှင် ဆေးခန်ပင် လာစရာမလိုတော့ပါဟူ၍ မိမိ၏၀င်ငွေကို အထိအခိုက်ခံကာ စေတနာထား ကုသကြရမည်။
ကမ်ဘာပေါ်တွင် ၃၀%နှုန်းမျှသော လူဦးရေသည် သွေးရောဂါရှိမှန်း မသိဖြစ်နေကြပြီး ၄၀%နှုန်းခန့်မှာ ရှိသည်ကို သိသော်လည်း
ဆေးဝါးကုသမှုခံယူခြင်းမရှိဘဲ သွေးတိုးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံနေကြရသည်။ အချို့လူနာများ ရှိသေးသည်။
“ကျွန်တော်က 160/90 လောက်တော့အပျော့ဘဲ 200/10 လောက်ဖြစ်မှ ခေါင်းလေးစကိုက်တာ ခံနိုင်ရည်အတော်ရှိတယ်ဗျ ” ထိုကဲ့သို့ လူနာများကိုလည်း ချော့မော့ကာ မိမိဘက်သို့ သိမ်းသွင်းပြီး နေ့စဉ်ဆေးပုံမှန်သောက်ရေး၊ အစားအသောက်အနေအထိုင် ဆင်ခြေရေး၊ သွေးပေါင်ချိန်ကို ပုံမှန် 120/80 အောက်တွင်သာ မြဲမြဲရှိရေးအတွက် ပညာပေး ကုသပေးရသည်။
ဒါတွေကတော့ ကျွန်တော့်ရဲ့ သွေးတိုးလူနာတွေနဲ့ ပတ်သက်မိသမျှပဲ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့ သွေးတိုးသူတိုင်း ဆရာဝန်မှ ညွှန်ကြားထားသည့် ဆေးကို အချိန်မှန် တိတိကျကျ လိုက်နာသောက်သုံးရမည်။ သွေးပေါင်အတက်အကျ ပုံမှန်အစစ်ဆေးခံရမည်။ အခြားဒွန်တွဲတက်သည့် ရောဂါများ ဖြစ်သည့် ဆီးချိုရောဂါ Diabetes Mellitus နှင့် သွေးအဆီများခြင်း Hyperchocsterolemia တို့ ရှိမရှိပါ စစ်ဆေးရှာဖွေ အကုသခံယူသင့်ကြောင်း ဖော်ပြလိုက်ရသည်။