News, Opinion

နှင်းယွန်းဟေမန်နှင့် ဖက်ဆစ်တော်လှန်ရေး

နှင်းယွန်းဟေမန်နှင့် ဖက်ဆစ်တော်လှန်ရေး

နှင်းယွန်းတော့မည်
ဖျော့ဖျော့ကလေး ၊ မြူဝတ်မြှေးလည်း
နှေးနှေးသက်ဆင်း ၊ နှင်းအကြွင်းတို့
ဖြေးညှင်းသာသာ ကျလေပြီ။
မြိုင်ကျေးငှက်တို့
ရွတက်ခုန်ပျံ ၊ သိုက်မြုံယံမှ
တေးသံကျူးရင့် ၊ ဂါထာဆင့်၍
ဖွင့်ဟသီချင်းညည်းလေပြီ။
တသွင်သွင်လျှင် 
ရေယဉ်စမ်းချောင်း ၊ မြစ်ရိုးကြောင်းဝယ်
ပျံ့လှောင်းစိမ်းနံ့ ၊ ရော်ရွက်ဖန့်လည်း
ငံ့ငံ့မနေမျောလေပြီ။
နီရဲရဲလျှင်
ပေါက်လဲပွင့်ငုံ ၊ သရက်ထုံ၍
အစုံရောဖက် ၊ နီသစ်ရွက်တို့
နီလျက်နီကာ မြန်းလေပြီ။
သည်ချိန်ရောက်တိုင်း
မြေအောက်စမ်းဝှက် ၊ သိုလက်နက်ဖြင့်
ချိန်းချက်ထကြွ ၊ ခုခံကြသည့်
ဖော်ပြသဏ္ဍာန် ၊ ကြေးမုံမှန်လျှင်
တော်လှန်ရေး၏ နိမိတ်တည်း။

အထက်ဖော်ပြပါ ကဗျာလေးဟာ စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာ ရေးဖွဲ့ခဲ့တဲ့ “နှင်းယွန်းဟေမန်” အမည်ရတဲ့ ကဗျာ လေးပဲဖြစ်ပါသည်။ နဝမတန်းမြန်မာစာ သင်ရိုးထဲမှာ ထည့်သွင်းပြဌာန်းခံရတဲ့ ကဗျာလင်္ကာလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ပေါက်ပွင့်တွေ ၊ လဲပွင့်တွေနဲ့ ရနံ့သင်းထုံနေတဲ့ သရက်ပွင့်တွေဟာ အနီရောင်သစ်ရွက်တို့နဲ့ ရောယှက်ပြီး ရဲရဲနီလျက်ရှိတဲ့ နွေဦး ရာသီမှာ မြန်မာတစ်နိုင်ငံလုံး ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲဖို့ လက်နက်များစု ဆောင်းသိုဝှက်ပြီး ဖက်ဆစ်တော်လှန်ရေး လှုပ်ရှားမှုများဟာ နိမိတ်ပုံသဏ္ဍာန်အဖြစ် ထင်ဟပ်လျက် ရှိတယ်လို့ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဆိုတာ မြန်မာက စခဲ့တာလို့ ထင်ပါတယ်။ ၁၉၄၅ ခုနှစ် ၊ မတ်လ (၂)ရက်နေ့ကစပြီး အနီးကပ်ဆုံး ရန်သူ ဖြစ်တဲ့ ဖက်ဆစ်ဂျပန်တွေကို မြန်မာတစ်နိုင်ငံလုံး အုံနဲ့ကြင်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုကြီး ဆင်နွှဲခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း ၇၀ ကြာညောင်းခဲ့ပါပြီ။

မြန်မာနိုင်ငံဟာ မိအေးနှစ်ခါနာတောင် မဟုတ်ဘဲ မိအေးသုံးခါနာလို့ ပြောရမှာပါ။ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေလာခဲ့တဲ့ ပဒေသရာဇ် မြန်မာနိုင်ငံကို ကျူးကျော်စစ်သုံးခါ ဆင်နွှဲပြီး အင်္ဂလိပ်တွေရဲ့ နယ်ချဲ့အုပ်စိုးမှုကို ပထမဆုံးအကြိမ်ခံခဲ့ရပါတယ်။ အဲဒီနောက် ဂျပန်ရဲ့ အကူအညီနဲ့ အင်္ဂလိပ်တွေကို တိုက်ထုတ်ပြီး ဖက်ဆစ်ဂျပန်တို့ရဲ့ ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်မှုကို ဒုတိယအကြိမ် ခံခဲ့ရပြန်တယ်။ လူမဆန်တဲ့ ဖက်ဆစ်ဂျပန်တွေကို အင်္ဂလိပ်အပါအဝင် မဟာမိတ်တွေရဲ့ အကူအညီနဲ့ ပြန်လည်တိုက်ထုတ်ပြီးတဲ့ နောက် အင်္ဂလိပ်တွေ ပြန်ဝင်လာပြီး သူတို့ရဲ့ အုပ်ချုပ်မှုကို ဒုတိယအကြိမ်ခံခဲ့ရပြန်တယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မဆုတ်မနစ် လုံ့လထုတ်ကြိုးပမ်းမှုကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ကြီးဟာ အချုပ်အခြာ အာဏာပိုင်တဲ့ လွတ်လပ်ရေးကြီးကို ရယူနိုင်ခဲ့တာပါ။ ဒါကြောင့် ဖက်ဆစ်ဂျပန်တွေကို တွန်းလှန်တိုက် ထုတ်ခဲ့တဲ့ အခုလိုနွေဦးရာသီဟာ တော်လှန်ရေးအငွေ့အသက်တွေ ထင်ဟပ်ခံစားနေရတုန်းပဲ ရှိပါတယ်။ ကဗျာဆရာကြီး ဒဂုန် တာရာဟာ အဲဒီလို ခံစားမှုမျိုးနဲ့ နှင်းယွန်းဟေမန် ကဗျာကို ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။

ဆောင်းအကုန် နွေအကူး နွေဦးကာလမှာ နှင်းမြူမှုန်များ ရွေ့လျားပျောက်ကွယ်တော့မယ်။ နှင်းကြွင်းနှင်းကျန်တို့ဟာလည်း ပါးလျလာပြီး ခပ်ဖြည်းဖြည်းသာ ကျဆင်းနိုင် တော့တဲ့ နွေဦးသဘာဝကို “နှင်းယွန်းတော့မည် ၊ ဖျော့ဖျော့ကလေး မြူဝတ် မြှေးလည်း ၊ နှေးနှေးသက်ဆင်း နှင်းအကြွင်းတို့ ၊ ဖြေးညှင်းသာယာကျလေပြီ”လို့ ရေးဖွဲ့ခဲ့ပါတယ်။ နှင်းမြူမှုန်တို့ ကင်းစင်တဲ့ အခါ လောကကြီး ကြည်လင်သာယာတော့မှာ ဖြစ်သလို ဖက်ဆစ်စနစ်ကြီး ချုပ်ငြိမ်းတဲ့အခါ မြန်မာနိုင်ငံကြီး သာယာဝပြော တော့မယ့် ၊ သိုက်မြုံယံမှ နိုးထခုန်ပျံလာတဲ့ မြိုင်ကျေးငှက်တို့ ပျော်ရွှင်မြူးထူး ရသလိုပဲ ဖက်ဆစ်စနစ်ကြီး တိုက်ထုတ်ဖယ်ရှား ပြီးရင် မြန်မာပြည်သူ ပြည်သားတို့လည်း လွတ်လပ်ပျော်ရွှင်ရမယ့် အဖြစ်နဲ့ ထပ်တူပြု ဆက်စပ်ပြီး “မြိုင်ကျေးငှက်တို့ ၊ ရွတက် ခုန်ပျံ သိုက်မြုံယံမှ တေးသံကျူးရင့် ၊ ဂါထာဆင့်၍ ၊ ဖွင့်ဟသီချင်းညဉ်းလေပြီ” လို့ ဖွဲ့ဆိုထားတာ တွေ့ရပါတယ်။

နွေဦးရာသီမှာ ရော်ရွက်ဟောင်းတို့ဟာ မြေပေါ်ကြွေသက်ပြီး ရွက်ကြွေတို့ဟာ မြစ်ရိုးတစ်လျှောက်၊ စမ်းချောင်းတစ်လျှောက် မျောပါ နေကြပါတယ်။ ရွက်သစ်တွေကလည်း ဝေဝေဆာဆာ ထွက်ပြုနေကြပြီဖြစ်ရာ သစ်ရွက်စိမ်းရနံ့တို့ဟာ ပတ်ဝန်းကျင်မှာ ပျံ့လွင့်လို့နေပါတော့တယ်။ ထို့အထူပဲ စနစ်ဟောင်းဖြစ်တဲ့ ရွက်ဟောင်းတွေ ခေတ်ရေးစီးမှာ မျောပါစမြဲဖြစ်သလို စနစ်ဟောင်း ရွက်ဟောင်းချုပ်ငြိမ်းလျှင် စနစ်သစ် ရွက်သစ်တို့ ဝေစမြဲ ပေါ်ပေါက်ရစမြဲဖြစ်တဲ့ နိယာမသဘောကို “တသွင်သွင်လျှင် ၊ ရေယဉ် စမ်းချောင်း ၊ မြစ်ရိုးကြောင်းဝယ် ၊ ပျံ့လှောင်းစိမ်းနံ့ ၊ ရော်ရွက်ဖန့်လည်း ၊ ငံ့ငံ့မနေ မျောလေပြီ”လို့ ဖော်ထုတ်ထားပါတယ်။

တဖန်ခါ နွေဆန်းစကာလဟာ ပေါက်ပွင့် ၊ လက်ပံပွင့်တို့ ရဲရဲနီအောင် ပွင့်ကြတဲ့ အချိန်ဖြစ်ပါတယ်။ သရက်ပွင့်တို့ကလည်း ရနံ့ သင်းပျံ့ ကြိုင်လှိုင်လျက်ရှိတယ်။ ပေါက်ပွင့် ၊ လက်ပံပွင့်တို့ဟာ အနီရောင်သစ်ရွက် တို့နဲ့ ရောယှက်ကာ ရဲရဲတောက်နေတာဟာ မြန်မာပြည်သူပြည်သားတွေရဲ့ ဖက်ဆစ်တော်လှန် ရေး သတ္တိနီရဲပုံနဲ့ ခိုင်းနှိုင်းဆက်စပ်ပြထားပါတယ်။ “နီရဲရဲလျှင် ၊ ပေါက်လဲပွင့်ငုံ ၊ သရက်ထုံ၍၊ အစုံရောဖက် ၊ နီသစ်ရွက်တို့ ၊ နီလျက် နီကာ မြန်းလေပြီ။”

ဆန်းစနွေဦးရဲ့ မြင်ကွင်းများဟာ မြင်မြင်ရာမှာ ဖက်ဆစ်တော်လှန်ရေးရဲ့ သရုပ်သကန်တွေချည်းပဲ ဖြစ်ပါတယ်။ ခုလိုနွေဦး ရာသီမှာ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးလည်း နေလှေအောင်း ၊ မြင်းဇောင်းမကျန် ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲဖို့ လက်နက်တွေ စုဆောင်း သိုဝှက်သိမ်းဆည်းခဲ့ကြတယ်။ တော်လှန်ရေး ဆင်နွှဲရမယ့်အချိန်ကို အချိန်းအချက်ပြုလုပ်ကာ တပ်လှန့်နှိုးဆော် ခဲ့ကြတယ်။ နေရာဒေသ ၊ အချိန်ကာလကို ညှိနှိုင်းတိုင်ပင်ခဲ့ကြတယ်။ ထိုကဲ့သို့သော တော်လှန်ရေးရဲ့ သရုပ်သဏ္ဍန်ဟာ နွေဦး ရောက်တိုင်း နိမိတ်ထင်ဟပ်လျက်ရှိပုံကို စာဆိုက “သည်ချိန်ရောက်တိုင်း၊ မြေအောက်စမ်းဝှက် ၊ သိုလက်နက်ဖြင့် ၊ ချိန်းချက်ထကြွ ၊ ခုခံကြသည့် ၊ ဖော်ပြသဏ္ဍန် ၊ ကြေးမုံမှန်လျှင် ၊ တော်လှန်ရေး၏ နိမိတ်တည်း” လို့ ဖွဲ့ဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဗမာ့ကာကွယ်ရေး တပ်မတော်ဟာ ယခုရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တော်လှန်ရေး ပန်းခြံမှာ စစ်ထွက်အခမ်းအနား ကျင်းပခဲ့တာဖြစ်ပါတယ်။ စစ်ထွက် မိန့်ခွန်းကိုလည်း တိုတိုတုတ်တုတ်ပဲ ရဲဘော်တွေ အနေဆင်းရဲ အစားဆင်းရဲမှာဖြစ်ကြောင်း ၊ အနီးကပ်ဆုံး ရန်သူကို တိုက်ရန်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အရင်တုန်းက တော်လှန်ရေးနေ့တွေ မှာ ညဖက်စစ်သားတွေချီတက်တော့ မီးတုတ်တွေကိုင်ပြီး ချီတက်ကြတာ မှတ်မိနေတယ်။ မီးရှူး မီးပန်းတွေ ပစ်ပေါက်တာလည်း သိပ်ကြည့်လို့ကောင်းပါတယ်။ ရန်ကုန်မှာတော့ တော်လှန်ရေး ပန်းခြံကို ချီတက်ကြပြီး ပုသိမ်မှာတော့ ကန်သုံးဆင့် (ယခုကန်သာ ယာပန်းခြံကို ချီတက်ကြတာ ပါ။ နောက်ပိုင်းမှာတော့ လုံခြုံရေးအခြေအနေတွေကြောင့် စစ်ကြောင်းချီတက်တာကို မနက်ပိုင်း ပြောင်းလိုက်ပါတယ်။

မနောဟရီလမ်းမှာနေတော့ ဦးဝိစာရလမ်းက ချီတက်လာတာကို မောင်နှမတွေ အပြေးအလွှား သွားကြည့်ကြရတာ မမောနိုင်ပါ။ ဖက်ဆစ်တော်လှန်ရေးကို မမီခဲ့တဲ့ လူတစ်ယောက်အနေနဲ့ အဲဒီလို စစ်သားတွေချီတက်တာကို ကြည့်ရတာပဲ စိတ်တက်ကြွစရာ ကောင်းပါတယ်။ အသက်အရွက်တွေလည်း ကြီးလာကြတော့ နောက်ပိုင်းမှာ TV ကနေ လွှင့်တာပဲ ကြည့်ဖြစ်ပါတော့တယ်။
အလုပ်ထဲရောက်လာတော့ ဝန်ထမ်းရေးရာဌာနကနေ တခြားဌာနတစ်ခုကို promotion နဲ့ ပြောင်းရတဲ့အခါ လွတ်လပ်ရေး မော်ကွန်းနဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဌာနကို ရောက်သွားပါတယ်။

ပထမတော့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်အပိုင်းကိုပဲ သုံးနှစ်လောက်လုပ်ရပြီး အရေးအခင်း ဖြစ်ပြီးတော့ လွတ်လပ်ရေးမော်ကွန်း အပိုင်းကိုပါ တစ်ပေါင်းတည်းတွဲပြီး လုပ်ရပါတယ်။ လွတ်လပ်ရေး မော်ကွန်းဝင်တံဆိပ်ဟာ ဖက်ဆစ်တော်လှန်ရေးအပါအဝင် လွတ်လပ်ရေးကြိုးပမ်းမှုအတွက် ပေးတာပါ။ BIA ဗမာ့လွတ်လပ်ရေး တပ်မတော်ခေတ် ၊ BDA ဗမာ့ကာကွယ်ရေး တပ်မတော် ခေတ်၊ PBF မျိုးချစ်ဗမာ့တပ်မတော်ခေတ်လို့ ခေတ်(၃)ခေတ်ခွဲခြားပြီး အဲဒီခေတ်(၃)ခေတ်စလုံး ပါဝင်ခဲ့တဲ့သူကို လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) ၊ ခေတ်(၂)ခေတ်ပါဝင်တဲ့သူကို လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယဆင့်) နဲ့ တစ်ခေတ်ပဲပါဝင်တဲ့သူကို လွတ်လပ်ရေးခေတ်မော်ကွန်းဝင် (တတိယဆင့်)လို့ ချီးမြှင့်ပါတယ်။

လွတ်လပ်ရေးမော်ကွန်းဝင် လျှောက်ထားတဲ့သူတွေကို လွတ်လပ်ရေးမော်ကွန်းဝင် စိစစ်ရေးကော်မတီက သက်ဆိုင်ရာပြည်နယ် ၊ တိုင်းတွေအထိ သွားရောက်တွေ့ဆုံမေးမြန်း စိစစ်ပြီး တင်ပြတဲ့အပေါ် နိုင်ငံတော်အကြီးအကဲတွေရဲ့ သဘောတူ အတည်ပြုချက်နဲ့ နိုင်ငံတော် အထူးအမိန့်ပြန်တမ်းများ ထုတ်ပြန်ပြီး ချီးမြှင့်ခဲ့တာပါ။ လွတ်လပ်ရေး မော်ကွန်းဝင်တံဆိပ်အတွက် တစ်လုံးတစ်ခဲ တည်း ချီးမြှင့်ငွေတို့ လစဉ်ချီးမြှင့်ငွေတို့ မပေးပါဘူး။ ဘာငွေကြေး အကျိုးခံစားခွင့်မှ မရှိပါဘူး။ တစ်ချိန်တုန်းကတော့ ကုန်သွယ်ရေးကနေ လေးဘီးကားလေးတွေ ရောင်းပေးတာတို့ ဈေးဆိုင်ခန်းတွေချပေးတာတို့ လောက်ပဲရှိပါတယ်။

၁၉၈၀ ခုနှစ် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ပြဌာန်းတော့ အကျုံးဝင်တဲ့သူတွေကတော့ ပထမအဆင့်အတွက် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ကျပ်သုံးသောင်းနဲ့ လစဉ်ချီးမြှင့်ငွေ ၆၀ဝ ကျပ် ၊ ဒုတိယအဆင့်အတွက် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ တစ်သောင်းငါးထောင် ကျပ်နှင့် လစဉ်ချီးမြှင့်ငွေ ၃၀ဝ ကျပ်ရရှိကြပါတယ်။ လွတ်လပ်ရေး မော်ကွန်းဝင်အတွက်ရတာ မှန်ဘောင်သွင်းထားတဲ့ ဂုဏ်ပြု စာလွှာ တစ်စောင်ရယ် ၊ တံဆိပ်တစ်ခုရယ် ၊ ရင်ထိုးတစ်ခုရယ်ပဲဖြစ်ပါတယ်။ အစဦးဆုံးမှာ တံဆိပ်နဲ့ ရင်ထိုးကို ယူဂိုဆလပ်က မှာပြီးလုပ်တယ်လို့ သိရပြီး အခုမရှိတော့ပြီဖြစ်တဲ့ ပန်းဆိုးတန်းက ပီအောထွန်းရင် မှာလည်းလုပ်တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ အခုငွေစက္ကူတွေရိုက်တဲ့ ဝါဇီစက်ရုံက ထုတ်လုပ်ပေးပါတယ်။ တကယ်တော့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင် ကြိုးပမ်းခဲ့ကြတဲ့သူတွေဟာ ဘာအကျိုးခံစားခွင့်မှ မျှော်ကိုးပြီး လုပ်ခဲ့ကြတဲ့ သူတွေမဟုတ်ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ တစ်ခုတည်းကိုပဲ ရည်မှန်းထမ်းဆောင်ခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ကို ထိုက်သင့်တဲ့အကျိုးရလာဒ် ချီးမြှင့်မှု ကိုတော့ ဒီလောက်တင်မကပဲ လုပ်ပေးခဲ့သင့်တာပေါ့နော်။

နိုင်ငံတော်ကောင်စီအနေနဲ့ လွတ်လပ်ရေးမော်ကွန်းဝင် လျှောက်လွှာတွေကို ၁၉၇၆ ခုနှစ်အထိ လက်ခံခဲ့ပြီး ၁၉၈၆ ခုနှစ်အထိ စိစစ်ထုတ်ပြန် ချီးမြှင့်ပေးခဲ့ကာ အဲဒီနှစ် (ဒီဇင်ဘာလလို့ ထင်ပါတယ်) လွတ်လပ်ရေးမော်ကွန်းတင် လုပ်ငန်းရပ်ဆိုင်းကြောင်း နိုင်ငံတော်ကောင်စီက ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အထိ လွတ်လပ်ရေးမော်ကွန်း ဝင်ဦးရေ ခြောက်သောင်းကျော်လောက် ချီးမြှင့်ပေးခဲ့တာပါ။

ဒါကတော့ ဆရာဒဂုန်တာရာရဲ့ နှင်းယွန်းဟေမာန်ကဗျာလေးမှာ နွေဦးရာသီသဘာဝရဲ့ သရုပ်ကို ဖော်ထုတ်ရင်း ဖက်ဆစ်ဂျပန် တော်လှန်ရေးရဲ့ နိမိတ်ပုံ ထင်ဟပ်ဖွဲ့နွဲ့တာကို တင်ပြတာနဲ့ ဆက်စပ်ပြီး ဖက်ဆစ်တော်လှန်ရေး ကြိုးပမ်းသူတို့ရဲ့ လွတ်လပ်ရေး မော်ကွန်းဝင်ပုံအကြောင်း ၊ တပ်မတော်နေ့ ဂုဏ်ပြုဆောင်းပါးအနေနဲ့ မှတ်မိသလောက် တစ်စေ့တစ်စောင်း ပြန်လည်ဖော်ပြပေးရ ခြင်းပါ။ နှင်းယွန်းဟေမာန်နှင့် ဖက်ဆစ်တော်လှန်ရေးလို့ပဲ ဆိုပါရစေတော့။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *