News

ခိုကိုးရာမဲ့ ဂီလာန မိအိုဖအိုတွေကို ဘယ်လိုများ ကူညီပေးနိုင်မလဲလို့ စဉ်းစားကြည့်ရအောင်

ခိုကိုးရာမဲ့ ဂီလာန မိအိုဖအိုတွေကို ဘယ်လိုများ ကူညီပေးနိုင်မလဲလို့ စဉ်းစားကြည့်ရအောင် -

“မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏အစ” ဟူသော လူ့လောက သဘာဝတွင် အိုနာသေရေးနှင့် မလွဲမသွေရင်ဆိုင်ကြရမည်မှာ အမှန်တရားပင်ဖြစ်ပေသည်။ ထိုရှောင်လွှဲမရသော အကြောင်းတရားများနှင့် ရင်ဆိုင်ကြရသူများ တွင် ကုသိုလ်ကံကောင်းသူများအဖို့ ၎င်းတို့၏ ဘဝနေဝင်ချိန်ထိ မရောက်ခင်အကြား ဘဝကို ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်ကျော် နေရရှာသည်။ အကျိုးပေး ကံကောင်းသည့် ဘိုးဘွားများအဖို့ သား၊ သမီး၊ မြေးများနှင့် ပျော်ရွှင်နေချိန်တွင် ကံအကျိုးပေးနည်း လှသည့် ဘိုးဘွားများမှာ ပြုစုစောင့်ရှောက်မည့်သူများ မရှိ၍သော်လည်းကောင်း၊ အခြေအနေ အရပ်ရပ်ကြောင့် လက်ခံ စောင့်ရှောက် ထားရသော်လည်း ဘိုးဘွားများအပေါ် မနှစ်မြို့သဖြင့် ငြူစူမှုမျိုးစုံအောက်တွင် သိမ်ငယ်စွာ ခံစားနေထိုင် ကြရကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရပါသည်။

ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ် နွေးထွေးစွာ စောင့်ရှောက်ပေး နိုင်သော သီးသန့်ရိပ်သာကလေး တစ်ခုလိုအပ်လာပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့နေကြသော ဂီလာနဘိုးဘွား များအား ကြင်နာစွာဖြင့် ၎င်းတို့ အပေါ်တွင် နားလည်စာနာစိတ်၊ သည်းခံစိတ်ဖြင့် ပြုစုယုယပေးမည့် နွေးထွေးသော မေတ္တာ များဖြင့် ဖေးမကူညီနိုင်ကြစေရန် မတည်ငွေဖြင့် “ဆည်းဆာရိပ်´´ ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းကို အကောင်အထည် ဖေါ်ခဲ့ကြပါသည်။ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် အများပြည်သူ စေတနာရှင်များ၏ အကူအညီများ လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့နှင့်အတူ ဘိုးဘွားများအား နွေးထွေးသော လက်များဖြင့် ဖေးမကူညီကြပါရန် မေတ္တာ ရပ်ခံပါသည်။

အဖွဲ့အမည်။ ။ ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
တည်နေရာ။ ။ (၁) မစိုးရိမ်ကျောင်းလမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ သန်လျင်မြို့။
(၂) အမှတ်-803/805၊ မဟော်သဓာလမ်း၊ (၁၂)ရပ်ကွက်၊ အရှေ့ဒဂုံ။
ရည်ရွယ်ချက်။ ။ အသက်အရွယ်အိုမင်း၍ ကျန်းမာရေးချို့တဲ့ကာ ခိုကိုးရာမဲ့နေသော ဘိုးဘွားများအား မိသားစုပုံစံဖြင့် ကြင်နာယုယမှုပေးရန်။
လုပ်ငန်းအစီအစဉ်။ ။ အဖွဲ့ဝင် အလှူရှင်တစ်ဦးမှ လှူဒါန်းသော အသင်းပိုင်မြေနေရာတွင် စေတနာရှင်များ၏ အလှူငွေများဖြင့် အဆောက်အအုံဆောက်လုပ်၍ လုပ်ငန်းစတင်ရန်၊ ထိုမှတဖန် အလှူငွေတိုးတက်မှု အပေါ်တွင် အခြေခံ၍ မြေနှင့် အဆောက်အအုံတိုးချဲ့၍ ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထပ်မံလက်ခံရန်။

လက်ခံမည့်ဘိုးဘွား။ ။(၁) လူမျိုး၊ ဘာသာမရွေး ကျွေးမွေးထောက်ပံ့မည့် သားသမီး၊ ဆွေမျိုးများမရှိသည့် ကျန်းမာရေးချို့တဲ့နေသော ဘိုးဘွားများ။
(၂) သား၊ သမီး၊ ဆွေမျိုးများရှိသော်လည်း ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေမရှိသည့် ဘိုးဘွားများ။

အသက်ကန့်သတ်ချက်။ အသက်(၇၀)နှင့် အထက် ဘိုးဘွားများ (လိုအပ်ပါက ကျန်းမာရေးနှင့် အခြားအချက်အလက်များကို ထည့်သွင်းစဉ်းစား၍ ကန့်သတ်ချက်ကို အမှုဆောင်အဖွဲ့မှ ညှိနှိုင်းလက်ခံပါမည်။)

ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်မှု။
(၁) ဂီလာနဘိုးဘွားများ၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် လှုပ်ရှားနိုင်စွမ်းကိုကြည့်၍ တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင်များမှ စနစ်တကျပြုစု စောင့်ရှောက်ပေးရန်။

(၂) ဘိုးဘွားများ၏ ကျန်းမာရေးကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ အခါမလပ် ကြည့်ရှုစောင့်ရှောက်သကဲ့သို့ အမှုဆောင်အဖွဲ့မှလည်း နေ့စဉ်အလှည့်ကျသွားရောက်ကြည့်ရှု၍ လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးရန်။

(၃) ဘိုးဘွားများအတွက် အာဟာရပြည့်ဝ၍ သန့်ရှင်းလတ်ဆတ်သော အစားအစာများကို စီမံကျွေးမွေးခြင်း၊ အသုံးအဆောင်၊ အဝတ်အထည်နှင့် နေရာထိုင်ခင်း စသည်တို့အား သန့်ရှင်းသပ်ရပ်စွာ ထားရှိစေခြင်း၊ ဘိုးဘွားများ ဘာသာဝင်အလိုက် ကိုးကွယ်ပွားများ အားထုတ်မှုကို ၄င်းတို့၏ဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးရန်။
ဥပမာ – တရားစာအုပ်ဖတ်ပြခြင်း
– တရားခွေဖွင့်ပေးခြင်း။
– ရှုမှတ်ပွားများရန်အတွက် လမ်းပြပေးခြင်း။

ဝန်ထမ်းရွေးချယ်။ ။ လူမှုဝန်ထမ်းကိစ္စများကို စိတ်ပါဝင်စား၍ ဆေးပညာတတ်မြောက်သူများ၊ သက်ကြီးရွယ်အို ဘိုးဘွားများကို ချစ်မြတ်နိုး၍ စိတ်ရှည်သည်းခံနိုင်သူများ ဖြစ်ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *