ခေတ်နောက်ကျတယ်ပဲ ဆိုချင်ဆို လူနေထူထပ်တဲ့ မြိုပြများမှာ စက်ဘီးများဟာ အလွန်အသုံး၀င်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ်များ ဖြစ်နေပါတယ်။ ဒါပေမယ့် စက်ဘီးခိုးယူမှုများဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကြီးထွားလာနေပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာတော့ စက်ဘီးခိုးယူမှုများဟာ ၂၀၀၆ ခုနှစ်ကတည်းကနေ ဒီနေ့အထိ ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွက် ရဲများက နည်းပညာကို အသုံးပြုပြီး စက်ဘီးသူခိုးများကို ဖမ်းဆီးတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပညာကို GPS Bikes and Twitterလို့ နာမည်ပေးထားပါတယ်။ အဲဒီနည်းပညာက အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဆန်ဖရန်စစ္စကိုရဲ့များက စက်ဘီးသူခိုးများကို ဖမ်းဖို့ စက်ဘီးမှာ GPS Trackerတပ်ဆင်ထားပါတယ်။ စက်ဘီးများကို မြို့အနှံ့မှာ ငါးစာချထားပြီး ခိုးယူခံရတာနဲ့ သူခိုးကို ဖမ်းဆီးနိုင်ပါတယ်။ ဥပမာအနေနဲ့ ဒေါ်လာ ၁၅၀၀ တန်စက်ဘီး ခိုးယူခံရပြီး နာရီ၀က်အတွင်းမှာပဲ သူခိုးကို ဖမ်းဆီးနိုင်ခဲ့ပြီး စက်ဘီးပြန်ရခဲ့ပါတယ်။
စီမံကိန်းမှာ တာ၀န်ယူထားရတဲ့ ရဲအရာရှိဖြစ်သူ Matt Friedmanက သူခိုင်းဖမ်းပြီးတဲ့အခါမှာ Twitterမှာ စက်ဘီးသူခိုးဖမ်းမိကြောင်း တွတ်ထိုးပါတယ်။ အဲဒီလို တွတ်ထိုးတဲ့အတွက် စက်ဘီးသူခိုးများက လန့်ဖျပ်ပြီး မခိုးရဲ့တော့ဘူးလို့ ဆိုပါတယ်။
စက်ဘီးသူခိုးကို နည်းပညာနဲ့ ဖမ်းတဲ့ စီမံကိန်းကို ဒီနှစ်မှာ စတင်ခဲ့ပြီး ဆန်ဖရန်စစ္စကို ရဲအဖွဲ့ကို စီမံကိန်းအတွက် ရန်ပုံငွေ ဒေါ်လာ ၇၅၀၀၀ ပေးအပ်ထားပါတယ်။ ဒီစီမံကိန်းကို ဦးဆောင်တဲ့ အဖွဲ့အစည်းက ၀စ္စကွန်ဆင် တက္ကသိုလ်ဖြစ်ပါတယ်။ စီမံကိန်းစတင်ပြီးနောက်မှာ စက်ဘီးခိုးမှု လေးဆယ်ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ တက္ကသိုလ်က ပြောပါတယ်။
Twitterအပြင် စက်ဘီးမှာ “Is this a bait bike?”လို့ ရေးထားတဲ့ စတစ်ကာကိုလည်း ကပ်ပြီး သူခိုးကို ခြောက်လှန့်ထားတဲ့နည်းကိုလည်း အသုံးပြုပါတယ်။ ဒါဟာ ငါးစာချထားတဲ့ စက်ဘီးလားလို့ အဓိပ္ပါယ်ရပါတယ်။ ခိုးယူမှုအများစုဟာ နေအိမ်မှာ ဖြစ်တဲ့အတွက် အရာရှိ Friedmanက နေအိမ်မှာ ကင်းစောင့်ဖို့ ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်လို့ Twitterမှာ သူခိုးများကို တွတ်ထိုးခြောက်လှန့်ပါသေးတယ်။