News, Opinion

သူငါဆင်နွှဲ မီးထွန်းပွဲ

သူငါဆင်နွှဲ မီးထွန်းပွဲ

လမ်းထဲမှာ ဗျောက်အိုးဖောက်သံတွေ ကြားလာရပြီဆိုတော့ သီတင်းကျွတ်တော့မယ်၊ သီတင်းကျွတ်ဖို့ နီးလာပြီဆိုတာသိလိုက်ရတယ်။ ဘယ်လောက်လိုသေးလဲလို့ ပြက္ခဒိန်ကိုထကြည့်လိုက်တော့ ခုစာရေးနေတဲ့အချိန်ကနေ ရက်(၂၀)လောက်ပဲ လိုတော့တာတွေ့ရတယ်။ ၈-၁၀-၂၀၁၄ နေ့ဟာ သီတင်းကျွတ်လပြည့်နေမို့ပဲ ဖြစ်ပါတယ်။

ဝါလကင်းလွတ် သီတင်းကျွတ်လို့ ဆိုကြတယ်။ မြတ်စွာဘုရားရဲ့ ပညတ်ချက်ကြောင့် ဝါတွင်းသုံးလလုံး ဘယ်ခရီးယာယီမှ မထွက်ရပဲ ကျောင်းထဲမှာပဲ အောင်းနေကြရတဲ့ သံဃာတော်တွေ အတွက် လွတ်လပ်ရေးရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဝါကျွတ်မှာ သာသနာ့ဘောင်က ရဟန်း သာမဏေတွေအတွက် လွတ်လပ်ရေးရသလိုပဲ လူ့ဘောင်က ဗုဒ္ဓဘာသာဝင် လူသားတွေအတွက်လည်း တစ်ဝါတွင်းလုံး အောင့်အည်းထားရတဲ့ အာဝါဟ ဝိဝါဟ ကိစ္စတွေ ဆောင်ရွက်လို့ရပြီပေါ့။ အကြောင်းအမျိုးမျိုးကြောင့် မယူရင်မဖြစ်ကြတော့တဲ့ အခြေအနေမျိုးတွေ ကျတော့လည်း လောလောဆယ် စေ့စပ်ကြောင်းလမ်းထားရတဲ့ အနေအထားတွေရှိကြပါတယ်။
အနီးစပ်ဆုံး သာဓကတစ်ခုအနေနဲ့ပြောရရင် လမ်းထိပ်လဘက်ရည်ဆိုင်က ဒေါ်အေးသန်းရဲ့ မြေးမလေး (အသက်၁၈နှစ်သာရှိသေးပြီး ဒီနှစ်မှ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့ဆဲဆဲ) တစ်ယောက် ဟိုတလောက ခိုးရာလိုက်ပြေးသွားခဲ့ပါတယ်။ ဝါတွင်းကြီးဆိုတော့ မင်္ဂလာဆောင်ပေးဖို့ မဖြစ်သေးတာနဲ့ မနေတစ်နေ့က ယောကျာ်းလေးဘက်က ပြန်အပ်တဲ့ပွဲလေးလုပ်ပြီး ကြောင်းလမ်း ရပါတယ်။ ဝါကျွတ်မှပဲ မင်္ဂလာအခမ်းအနား လုပ်ရတော့မှာပေါ့။ ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ မစဉ်းစားမဆင်ခြင်ပဲ လုပ်လိုက်တဲ့၊ ဆန္ဒကို ဦးစားပေးလိုက်တဲ့ အလုပ်တစ်ခုဟာ လူကြီးတွေခေါင်းပေါ် ရောက်လာတာပေါ့။ ယောကျာ်းလေးဘက်ကိုလည်း ကြည့်ဦး။ ၁၇ နှစ်ပဲရှိသေးတယ်။ ဆယ်တန်းတောင် မအောင်သေးဘူးတဲ့။ နှစ်ဖက်စလုံးကတော့ အတန်အသင့် ပိုက်ဆံရှိတဲ့သူတွေပါ။ ဘာပဲဖြစ်ဖြစ် ဒါဟာ ပြည်သူ့နီတိမသင်ခဲ့ကြရတဲ့ အိမ်ထောင်သားမွေးကိစ္စတွေကို အတုမြင်အတတ်သင်ပြီး အရွယ်မတိုင်ခင် လူညွန့်တုံးကြရတာပါပဲ။ ဒါဟာ ခုခေတ်လူငယ်တွေရဲ့ စိတ်ဓာတ်တွေ လျော့ပါးနိမ့်ကျလာလို့ပဲဖြစ်တဲ့အကြောင်း ဆောင်းပါးတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ သုံးနှစ်သုံးမိုးမကအောင် စောင့်စားလို့ချစ်ရသူရယ် ဆိုတာမျိုးတွေထားတော့။ သုံးရက် သုံးလတောင် မစောင့်နိုင်တော့ဘူး။
သီတင်းကျွတ်ရင် မင်္ဂလာဆောင်ဖိတ်စာတွေ ဘယ်ကလာမလဲ စောင့်မျှော်နေရတယ်။ ဆွေမျိုးတွေ ဆီကပဲ လာမလား၊ မိတ်ဆွေအပေါင်းအသင်းတွေဆီကပဲ လာမလား။ မင်္ဂလာဆောင်တစ်ခုရှိပြီဆိုရင် ယောကျာ်းတွေအဖို့က သိပ်ကရိကထမများဘူး။ ကိုယ့်မှာရှိပြီးသား လည်ကတုံးအဖြူလေး တိုက်ပုံလေး ဝတ်ပြီး သွားရင်သွား၊ ရှပ်အင်္ကျီနဲ့ပုဆိုး ခတ်လတ်လတ်လေးဝတ် ပြီးသွားရင်သွား၊ ရှပ်အင်္ကျီနဲ့သို့မဟုတ် စပို့ရှပ်နဲ့စတိုင်ဘောင်းဘီနဲ့ ဝတ်သွားရင်သွားပြီးတာပဲ။ အမျိုးသမီးတွေကျ ဒီလိုမဟုတ်ဘူး။ မင်္ဂလာဆောင်ပဲ ဖြစ်ဖြစ်၊ ဘာအခမ်းအနားပဲဖြစ်ဖြစ် ရှိပြီဆိုရင် အင်္ကျီ လုံချည်အသစ်ဝယ်ပြီးချုပ်ရ၊ လက်ဝတ်လက်စားအတွက် ပြင်ဆင်ရ၊ ခြုံမယ့်ပဝါ၊ စီးမယ့်ဖိနပ်၊ လက်ကိုင်အိတ်က အစပေါ့။ အရမ်းအလုပ်ရှုပ်တာ၊ ဗာဟီရများတာ။ ဒါ့ကြောင့် အမျိုးသားတွေပဲ ကောင်းတယ်ပြောတာ။

သီတင်းကျွတ်လဟာ မြန်မာ့ဆယ်နှစ်လရာသီထဲမှာ ခုနှစ်လမြောက်ဖြစ်ပြီး ပုံမှန်ရာသီဥတု အတိုင်းဆိုရင် မိုးလေကင်းပြီး ခြေခင်းလက်ခင်း သာတဲ့ကာလဖြစ်ပါတယ်။ ကောင်းကင်ပြင်ကြီးက မိုးတိမ်ကင်းစင်းနေတဲ့အတွက် အသဝဏီနက္ခတ်က စန်းနှင့်တူ (လမင်းနဲ့အတူ) ယှဉ်ပြိုင်ထွန်းလင်းနေတာ တွေ့မြင်နိုင်ပါတယ်။ သီတင်းကျွတ်လကို ဗေဒင်အခေါ်အားဖြင့် “တူရာသီ”လို့ခေါ်ပြီတော့ ရာသီရုပ်က ချိန်ခွင်ကိုင်စွဲထားတဲ့ ယောကျားရုပ်သဏ္ဍာန် ဖြစ်ပါတယ်။

ရှေးခေတ်ကရေးထိုးခဲ့တဲ့ မင်စာ၊ ကျောက်စာတွေမှာတော့ သီတင်းကျွတ်လကို “သန်တူလ”ဆိုပြီး ရေးသားသုံးနှုန်းခဲ့တာ တွေ့ရပါတယ်။ ဥပမာအားဖြင့် ရက်စွဲတွေကို ရေးထိုးတဲ့အခါ “သန္တူလဆုတ် ၇ ရက် ကြသပတိမ်နိယ်”ဟူ၍လည်းကောင်း၊ “သကရစ် ၆၃၃ခု၊ သန္တူလဆန်း(၅)ရက် ကြာသပတိယ်နိယ်” ဟူ၍လည်းကောင်းဖြစ်ပါတယ်။ ရှေ့ခေတ်စာဆိုတော်တွေကလည်း သန္တူလအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကဗျာလင်္ကာတွေမှာ ထည့်သွင်းရေးသားဖွဲ့ခဲ့တာ တွေ့ရပါတယ်။ စာဆိုတော်သျှင်အုံးညိုက “မိဂဒါဝယ်၊ ဓမ္မာရစက်၊ ဟောနှုတ်ပွက်က၊ လက်ဦးဆိုဝါတွင်းကျမှ၊ အခါထိမ်းမှတ် သန္တူကျွတ်သော်”လို့ စပ်ဆိုခဲ့ပြီး ပြာဋိဟာခန်းပျို့မှာလည်း “ပုဏ္ဏာတိတိ၊ ပြည့်စံညီပ သန္တူလပုံ၊ မည်ရခေါ်မြေ့၊ သုံးနေ့တွင်သုံး၊ လေ့သီလ စာရိတ္တဖြင့်”ရေးဖွဲ့ထားတာဖြစ်ပါတယ်။
သီတင်းကျွတ်ဆိုတဲ့ အသုံးအနှုန်းကို အင်းဝခေတ်လောက်မှ သုံးနှုန်းလာကြတာပါ။ ဒါတောင် ရှေးဦးအရေးက အသံထွက်အတိုင်း“သတင်းကျွတ်လ”လို့ သကို လုံးကြီးတင်ဆံမခတ်ပဲ ရေးသားခဲ့ ကြပါတယ်။
အများသိကြတဲ့အတိုင်း သီတင်းကျွတ်လဟာ မြတ်စွာဘုရား တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်ကို ပြန်လည်ဆင်းသက်လာတဲ့အခါ ဆီမီးတွေ ထွန်းညှိပြီး ပူဇော်ကန်တော့ကြတာကို အစွဲပြုပြီး မီးထွန်းပွဲတော်ပြုလုပ်ကြတာဖြစ်ပါတယ်။

ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ခဲ့တဲ့ မယ်တော်မာယာဒေဝီဟာ ဘုရားအလောင်းကို ဖွားမြင်ပြီး ၇ ရက်အကြာမှာပဲ နတ်ရွာစံလို့ တာဝတိံသာနတ်ပြည်မှာ သန္တုဿိတ နတ်သားဆိုပြီး သွားဖြစ် ပါတယ်။ မြတ်စွာဘုရားက မယ်တော်ကို မွေးကျေးဇူးဆပ်တဲ့အနေနဲ့ ဝါတွင်းသုံးလပတ်လုံး မယ်တော်မိနတ်သားနဲ့တကွ နတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာ(၇)ကျမ်းကို ဟောကြားတော်မူပြီး သီတင်းကျွတ်လပြည့်နေ့မှာ တာသတိံသာနတ်ပြည်မှ လူ့ပြည်က သင်္ကဿနဂိုရ်ပြည်ကို ပြန်လည် ကြွချီ ဆင်းသက်ခဲ့ပါတယ်။ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်းနဲ့ ပတ္တမြားစောင်းတန်းဆိုတဲ့ စောင်းတန်းသုံးသွယ်ကို ဖန်းဆင်းပေးတော်မူပါတယ်။ မြတ်စွာဘုရားက အလယ်ပတ္တမြားစောင်းတန်းက ဆင်းတော်မူပြီး နတ်တွေက ရွှေစောင်းတန်းကလည်းကောင်း၊ ဗြဟ္မာကြီးတွေက ငွေစောင်းတန်းက လည်းကောင်း စည်ကားသိုက်မြိုက်စွာ လိုက်ပါဆင်းသက်ခဲ့ကြပါတယ်။ မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်က ဆင်းသက်လာပုံကို မြင်ယောင်ကြည့်လိုက်ရင် အလွန်ကြည်နူး ပူဇော်ဖို့ကောင်းပါတယ်။ တာဝတိံသာဘုရားတည်ထားတဲ့ မြို့တွေမှာဆိုရင် သီတင်းကျွတ်လပြည့်နေ့ညမှာ တာဝတိံသာ နတ်ပြည်မှ မြတ်စွာဘုရား ဆင်းသက်လာဟန် ဆင်းယင်ကျင်းပကြတာဟာ အလွန်ပင် စည်ကားသိုက်မြိုက်လှပါတယ်။

မြတ်စွာဘုရားသာနတ်ပြည်မှ ဆင်းသက်ကြွချီလာတာကို သင်္ကဿနဂိုရ်ပြည်က တိုင်းသူပြည်သား တွေနဲ့ အခြားတိုင်းပြည်တွေဖြစ်တဲ့ သာဝတ္ထိပြည်၊ ဝေသာလီပြည်၊ ရာဇဂြိုလ်ပြည်နဲ့ ဗာရာဏသီပြည်မှ တိုင်းသူပြည်သားတွေပါ မီးရှုးတိုင်တွေ၊ မီးပန်းတွေ၊ ဆီမီးတွေထွန်းညှိပြီး ဆီးကြိုပူဇော်ကြတယ်လို့ ဆိုပါတယ်။အဲဒါကို အစွဲပြုပြီး ဒီနေ့ဒီအချိန် ဒီအခါမှာ မီးထွန်းပွဲတော်သဘင်ဆင်ယင် ကျင်းပကြတာဖြစ်ပါတယ်။ အဲဒီလို မီးထွန်းပွဲတော်သဘင် ဆင်ယင်ကျင်းပကြတဲ့အခါ စေတီပုထိုး၊ ဘုရား၊ ကျောင်းကန် ဇရပ်၊ လူနေအိမ်ခြေများ၊ ဈေးဆိုင်များနဲ့ ရုံးအဆောက်အဦးတွေမှာပါ ရောင်စုံမီးအလှတွေ ထွန်းညှိထားကြပါတယ်။ ဒါ့အပြင် ဘုရားအလောင်းတော် တောထွက်စဉ်က ဆံတော်ကို ပယ်ပြီး အဓိဌာန်နဲ့ ကောင်းကင်ကို မြှောက်လိုက်တဲ့အခါ သိကြားမင်းက ခံယူပြီး တာဝတိံသာနတ်ပြည်မှာ တည်ထားကိုးကွယ်တဲ့ စူဠာမဏိစေတီတော်ကို ရည်စူးပူဇော်တဲ့ အနေနဲ့ မီးပုံးပျံများ ပြုလုပ်ပြီး ကောင်းကင်ကို လွှတ်တင်ကြပါတယ်။ ညအခါ အဇဋာကောင်းကင်ပြင်မှာ လပြည့်ဝန်းကြီး ထိန်ထိန်သာနေတဲ့အချိန်မြေပြင်ပေါ်က လွှတ်တင်လိုက်တဲ့ မီးပုံးပျံတွေနဲ့ အလွန်ပဲ ကြည့်လို့ကောင်းလှပါတယ်။ ကလေးဘဝတွေကတော ဝတ်ကောင်းစားလှတွေဝတ်ပြီး ဘုရားပွဲလျှောက်လည်ပြီး မုန့်တွေဝယ်စားကြတာ။ ဘုရားပွဲမှာ ရောင်းတဲ့ အရုပ်တွေဝယ်ကြတာ၊ မီးပန်းတွေနဲ့ ဆော့ကြတာ ပျော်စရာကောင်းခဲ့ကြပါတယ်။

သီတင်းကျွတ်လပြည့်နေ့ကို မြတ်စွာဘုရားအဘိဓမ္မာ(၇)ကျမ်း ဟောကြားတော်မူတာကို အကြောင်းပြုပြီး အဘိဓမ္မာ အခါတော်နေ့လို့လည်း ခေါ်ကြပါတယ်။ ဒါ့အပြင် သီတင်းကျွတ်အခါသမယမှာ ရဟန်းငယ်များဟာ ရဟန်းကြီးများကို ဖိတ်ကြားပြီး ရှိခိုးကန်တော့ကာ မိမိတို့မှာ အပြစ်ကြီးငယ်ရှိရင် ခွင့်လွှတ်ဖို့ တောင်းပန်တဲ့ ပဝါရဏာပွဲကိုလည်း ပြုလုပ်ကြပါတယ်။ ဘိုးဘွားမိဘ ဆရာသမားတွေ ကိုလည်း ပူဇော်ကန်တော့ကြပါတယ်။ ရပ်ကွက်တိုင်း လမ်းတိုင်းမှာလည်း ဆွမ်းသိမ်းအောင်ပွဲ အလှူတွေ ပြုလုပ်ကြတာဟာ သိုက်သိုက်ဝန်းဝန်းနဲ့ စည်းကားလှပါတယ်။ လမ်းထဲက ဓမ္မာရုံက ဝေယျာဝစ္စ လူငယ် လူကြီးတွေလည်း ဝါတွင်းတစ်တွင်းလုံး တာဝန်ကျေကြပါတယ်။ တနင်္ဂနွေမနက် အာရုံဆွမ်းလောင်း လှူကြတာ၊ ဥပုဒ်နေ့တွေမှာလည်း သီလပေးတရား၊ အလုပ်ပေးတရားတွေ ကျင်းပနိုင်အောင် အလှူခံထွက်ကြ၊ ဝေယျာဝစ္စလုပ်ကြနဲ့ အင်မတန်မှပဲ ကုသိုလ်ရကြမှာပါ။ ကိုယ်မလုပ်နိုင်ပေမယ့် လုပ်နိုင်တဲ့သူတွေအတွက် သာဓု အကြိမ်ကြိမ်ခေါ်ပါတယ်။

“ကြော် သဲအုတ်အော်၊ ပူဇော်ဆီမီး၊ ညီးညီးဝင်းဝင်း၊ ထွန်းလင်းရောင်ရှိန်၊ အာလိန်ငါးဆင့်၊ ရွှန်းရွှန်းတင့်သား၊ နတ်မင်စံရာ၊ ဝတိံသာသို့၊ လေးဖြာရောင်စို၊ မြင့်မိုရ်ပွဲကြီး၊ ယှဉ်မီးတဝ၊ မြောက်လေသ၍၊ သက်မျှကြင်သူ၊ ဆင်းရွှေအူနှင့်၊ အတူတကွ၊ မောင်ကတိုင်မြှောက်၊ မယ်ကဖေါက်၍၊ နှစ်ယောက်စုံလင်၊ စွယ်တော်စင်တွင်၊ ပန်းတင်ရေသွန်း၊ ဆုယူညွှန်းသည်”လို့ ကုန်းဘောင်ခေတ်မြို့သူမြို့သား လုလင်ပျိုလုံမပျိုတို့ မီးထွန်းပွဲသဘင် ပျော်ရွှင်စွာ ဆင်နွှဲကြပုံကို စာဆိုတော်ဦးယာက စာပန်းချီခြယ်မှုန်းထားခဲ့တာ တွေ့ရပါတယ်။
ဒါ့ကြောင့် မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ် အခါသမယဟာ သာသာယာယာရှိတဲ့အတွက် သက်ကြီးဝါကြီးတွေကို ကန်တော့ရင်း မီးထွန်းပွဲတော်ကြီးကို ပျော်ပျော်ပါးပါး ဆင်နွှဲကြပါစို့၊ ပြီးတော့လည်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် အလှူအတန်းတွေလည်း ပြုနိုင်ကြပါစေလို့ ဆုမွန်ချွေအပ်ပါတယ်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *