Gadgets, Review

လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်နိုင်တဲ့ Gi-Bike စက်ဘီး

လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်နိုင်တဲ့ Gi-Bike စက်ဘီး

မော်တော်ကားပိတ်ဆို့လှတဲ့ မြို့ပြများမှာ လျှင်မြန်စွာ သွားလာဖို့အတွက် စက်ဘီးများကို အသုံးပြုနေရတုန်းပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ စမတ်မျက်မှန်၊ စမတ်ဖုန်း၊ စမတ်လက်ပတ် စတဲ့ ထူးခြားဆန်းသစ်တဲ့ အတွေးအခေါ်များနဲ့ တီထွင်ထားတဲ့ လူသုံးကုန်အီလက်ထရောနစ် ပစ္စည်းများ အပြိုင်အဆိုင်ထွက်ပေါ်နေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တီထွင်အသုံးပြုခဲ့တဲ့ စက်ဘီးတွေဟာလည်း စမတ် စက်ဘီး အဖြစ် ထွက်ပေါ်လာပြီဖြစ်ပါတယ်။

Gi-Bikeလို့ အမည်ပေးထားပြီး ပေါ့ပါးတဲ့ သတ္တုကိုယ်ထည် တပ်ဆင်ထားပါတယ်။ သာမာန်စက်ဘီးများမှာလိုပဲ ဘီးနှစ်ဘီး တပ်ဆင်ထားပါတယ်။ ဘီးများကို မောင်းနှင်မယ့် ခြေနင်းခုံပါရှိပါတယ်။ ထူးခြားတာက လစ်သီယမ် အိုင်ယွန် ဘက်ထရီ ပါရှိပြီး လျှပ်စစ်စွမ်းအင်နဲ့ စက်ဘီးကို မိုင်လေးဆယ် (၆၄ ကီလိုမီတာ) အထိ ခြေနင်းကို နင်းစရာမလိုဘဲ မောင်းနှင်ပေးနိုင်ပါတယ်။ လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်မယ်ဆိုရင် အမြန်ဆုံးနှုန်းက တစ်နာရီလျှင် ၁၅ မိုင် ဖြစ်ပါတယ်။ မတ်စောက်တဲ့ တောင်ကုန်းများမှာ မောင်းနှင်ရင် လျှပ်စစ်စွမ်းအင်က သင့်တော်ပါတယ်။ စမတ်ဖုန်းအတွက် Appထုတ်လုပ်ပေးထားပြီး Appမှ စက်ဘီးရဲ့ အမြန်နှုန်းကို ထိန်းညှိနိုင်ပါတယ်။

အီလက်ထရစ်မော်တာကို စက်ဘီးနင်းရင်း အားသွင်းနိုင်ခြင်းမရှိတာက အားနည်းချက်တစ်ခုဖြစ်ပြီး USB ကနေသာ အားသွင်းနိုင်ပါတယ်။ ထူးခြားတာတစ်ခုက စက်ဘီးနဲ့ သွားလာနေတဲ့အချိန်မှာ စမတ်ဖုန်းကို အားသွင်းနိုင်တာဖြစ်ပါတယ်။ အမှောင်ထဲမှာ သွားလာတဲ့အခါမှာ အန္တရာယ်ကင်းစေဖို့ စက်ဘီးရဲ့ အရှေ့နဲ့ အနောက်မှာ လုံခြုံရေး အလင်းရောင်ပြားများတပ်ဆင်ထားပါတယ်။ မီးအလင်းရောင်ကိုလည်း စမတ်ဖုန်း Appမှ ထိန်းချုပ်နိုင်ပါတယ်။

စက်ဘီးက အလွန်ပေါ့ပါးပြီး ၁၇ ကီလိုဂရမ် အောက်သာရှိပါတယ်။ မာကျောပေမယ့် ပေါ့ပါးတဲ့ အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားလို့ ဖြစ်ပါတယ်။ စက်ဘီးကို ခေါက်ချိုးနိုင်တဲ့အတွက် သယ်ယူရလွယ်သလို ထားသိုရာမှာလည်း နေရာ သိပ်မယူပါဘူး။ စက်ဘီးပေါ်တက်ခွလိုက်တာနဲ့ Unlockလုပ်ပေးမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့နေရာရဲ့ အပြင်ဘက်ရောက်သွားရင် Lockလုပ်ပေးတဲ့ GPSစောင့်ကြည့်စနစ် ပါရှိပါတယ်။ ဘက်ထရီအားကုန်သွားရင် သာမာန်စက်ဘီးလို စီးနင်းနိုင်ပါတယ်။

စက်ဘီးများကို စတင်တီထွင် အသုံးပြုခဲ့တဲ့ ၁၈၀၀ ခုနှစ် နောက်ပိုင်းကစပြီး ထူးခြားဆန်းသစ်တဲ့ စက်ဘီးမျိုးကို ဘယ်သူမှ တီထွင်ခြင်းမရှိသေးတဲ့အတွက် Gi-Bikeကို တီထွင်ခဲ့တာပါလို့ နယူးယောက်အခြေစိုက် စက်ဘီးတီထွင်သူက ပြောပါတယ်။ Gi-Bikeကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံလျှက်ရှိပါတယ်။ ဒေါ်လာ ၂၉၉၀ ထည့်၀င်ထားသူများက စက်ဘီးကို ရောင်းချချိန်ရောက်ရင် တစ်စီးရရှိမှာပါ။ အခြားသူများကိုတော့ ဒေါ်လာ ၃၃၉၀ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင် အသုံးပြုလို့မရတဲ့၊ လုံခြုံရေးအချက်ပြမီးမပါတဲ့၊ စမတ်ဖုန်းနဲ့ ဆက်သွယ်လို့မရတဲ့ အမျိုးအစားကိုလည်း ထုတ်လုပ်ရောင်းချမှာဖြစ်ပါတယ်။ အဲဒီစက်ဘီးကတော့ ခေါက်ချိုးလို့ပဲရမှာဖြစ်ပြီး ဒေါ်လာ ၂၅၉၀ ရန်ပုံငွေ ထည့်၀င်ရမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လမှာ စတင်ဖြန့်ချီမယ်လို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *