Opinion

ပညာ ပေးမှာလား၊ ပညာ စမ်းမှာလား

ပညာဆိုတာ လူတိုင်းနဲ့ နိစ္စဓူ၀ တွေ့ကြုံ နေရတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ လူ့ လောကကို ရောက်ရှိလာ ကတည်းက မွေးဖွားပြီး ၃နှစ်၊ ၄နှစ်မှ စတင်ပြီး မူကြိုလို့ ခေါ်တဲ့ ကျောင်းပညာရေးနဲ့ ထိတွေ့ လာရပါတော့တယ်။ ဒါကနေ တစ်ဆင့် သူငယ်တန်းမှ မသေခင် စပ်ကြားထိ ပညာ ဆိုတာတွေ လေ့လာ သင်ယူမှုတွေနဲ့ လူတိုင်း အစပျိုးလာရမှာပဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ် စတက် ကတည်းက ကျောင်းပညာရေးဟာ လူ့ဘ၀ တစ်သက်တာမှာ အရေးကြီးဆုံးပါပဲ။ ကလေးတစ်ယောက်ရဲ့ ဘ၀လမ်းကြောင်း အစ ကောင်းမှသာ အနှောင်း သေချာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ လက်ဦးဆရာဟာ မိဘတွေ ဖြစ်သလို ဒုတိယကတော့ ကျောင်းနေတဲ့ အရွယ်ကစပြီး ပညာ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေပဲ ဖြစ်ပါတယ်။ ဆရာတွေ၊ ဆရာမတွေ မကောင်းခဲ့ရင်တော့ ဒီကလေးရဲ့ ဘ၀လမ်းကြောင်းဟာ အရာအားလုံး ကျွမ်းထိုး မှောက်ခုံ ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ပြောကြတာ သင်လည်း ကြားဖူးမှာ ဖြစ်ပါတယ်။ တပည့်မကောင်း ဆရာ့ခေါင်းဆိုတဲ့ လူတွေရဲ့ ပုံသေနည်းတွေလည်း သိမယ်လို့ ထင်မြင်မိပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ လမ်းကြောင်း မှန်ကန်ဖို့ ဆရာတွေ၊ ဆရာမတွေသာ အခရာပင် ဖြစ်ပါတယ်။
ပညာဆိုတဲ့ မြန်မာ ေဝါဟာရ အဓိပ္ပာယ်ကို လေ့လာ သုံးသပ် ကြည့်မိ တယ်။ ပညာဆိုတာ ပါဠိကလာတဲ့ မြန်မာ စကား တစ်လုံးပါပဲ။ ပညာကို မြန်မာ အဘိဓာန်မှာ အခြေခံအဓိပ္ပာယ် နှစ်မျိုး ပေးတယ်။
(၁) အသိဉာဏ်၊ ခွဲခြား ေ၀ဖန်နိုင်သော အသိဉာဏ်။
(၂) အတတ်

ဒါကြောင့် ပညာသင်တယ်ဆိုတာ အတတ်ပညာ ဆည်းပူး လေ့လာတာ ဖြစ်သလို၊ အသိဉာဏ် မြင့်မားအောင် အားထုတ် လေ့ကျင့်တဲ့သဘောလည်း ပါ၀င်ပါတယ်။ ပညာရှိနှင့် ပညာတတ် ဆိုတာ ပညာရဲ့ အဲဒီ အဓိပ္ပာယ်နှစ်မျိုးကို အခြေခံပြီး ခွဲခြား ပြောဆိုကြတဲ့ သဘောပဲ။ ပညာရှိဆိုတာက အကြားအမြင် ဗဟုသုတ နှင့် ပြည့်စုံပြီး အကောင်းအဆိုး ေ၀ဖန် ခွဲခြားနိုင်တဲ့ ပုဂိ္ဂုလ်ကို ဆိုလိုတာ။ ပညာတတ် ဆိုတာက အသိပညာတွေ၊ အတတ်ပညာတွေ လေ့လာသင်ယူ တတ်မြောက်ထားတဲ့ ပုဂ္ဂိုလ်လို့ ခွဲခြား သတ်မှတ်ထားလို့ ရပါတယ်။ သို့သော် ပညာရှိလောက်တော့ မရင့်ကျက်၊ မပြည့်၀၊ မမြင့်မားဘူးပေါ့။ မြန်မာမှာ ပညာနဲ့ တွဲစပ်ပြီး သုံးတဲ့ စကားလုံးတွေ အများကြီး ရှိသေးတာကို လေ့လာမှတ်သား ရပါတယ်။ ဥပမာ – ပညာပြတယ်။ ပညာ ပေးတယ်။ ပညာ စမ်းတယ်။ ပညာ ပြတယ်ဆိုတာ ညစ်တဲ့သဘော၊ ပညာပေးတယ် ဆိုတာ ဆုံးမတာ၊ ပညာ စမ်းတာက ကျွမ်းကျင်မှု အရည်အသွေးကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒါတွေနှင့် ဆက်စပ် လာတဲ့အခါကျတော့ ပညာရဲ့ အဓိပ္ပာယ်တွေက ပိုမို ကျယ်ပြန့် နက်ရှိုင်း လာတာကို တွေ့ရှိရပါတယ်။
မြန်မာ – အင်္ဂလိပ် အဘိဓာန်မှာ ပညာကို အင်္ဂလိပ်ဘာသာနှင့် ဖွင့်တဲ့အခါ စကားလုံး ခြောက်လုံးကို လေ့လာ သုံးသပ် မိပါတယ်။
(၁) Knowledge, Learning, Education, Schooling
(၂) Skill, Craftဆိုတဲ့ စကားလုံး ခြောက်လုံးကို တွေ့ရှိရပါတယ်။

အဲဒီထဲကမှ Learningဆိုတဲ့ အပိုင်းလေး အဓိကထား ပြောချင်မိပါတယ်။ ဒီလို မပြောခင် Learnဆိုတဲ့ ေဝါဟာရနဲ့ ပတ်သက်တာကတော့ သင်အံ လေ့ကျင့် သည်။ သင်ကြားသည်။ လေ့လာ တတ်မြောက်သည်။ အာဂုံဆောင်သည် ဆိုတာတွေပေါ့။ ဒီတော့ ပြောချင်တာက ဆရာဆိုတာ တပည့်များကို သင်ကြား ပြသတဲ့အခါ နာသုံးနာ ဆိုတာကို အဓိက ထားရမှာပဲ ဖြစ်ပါတယ်။ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတာနဲ့ ဖန်တီးထားတဲ့ ကိုယ့်ရဲ့ တပည့်တွေကို ကျောသား ရင်သား မခွဲခြားပဲ ဆရာဆိုတဲ့ ဂုဏ်နဲ့ လိုက်လျော ညီထွေစွာ နေထိုင် ကျင့်ကြံနိုင်ဖို့ အလွန်တရာမှ အရေးကြီး လှပါတယ်။ ကိုယ်မသိတာ၊ မတတ်တာကို သင်ကြား ညွှန်ပြတဲ့ သူတွေကိုလည်း ဆရာအရာ အလေးထားကြတဲ့ မြန်မာလူမျိုးတွေရဲ့ အကျင့် လက္ခဏာဟာ ဆိုရင်ဖြင့် အတုယူစရာ ကောင်းလှပါတယ်။ ဆရာတွေကလည်း ကိုယ်သိတာ၊ တတ်တာကို ဖြန့်ေ၀ပေးပြီး ဆရာစားမချန် သွန်သင် လေ့ကျင့် ပျိုးထောင်သင့်ပါတယ်။ ဒါမှသာ ဆရာကောင်း ပီသမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြောချင်တာက ယနေ့ခေတ် ကျောင်းပညာရေးမှာ ကျောင်းသား၊ ကျောင်းသူတွေကို ဘယ်လို သင်နေတာလဲဆိုတာ မိဘတိုင်းက စောင့်ကြည့်နေကြတယ် ဆိုတာပါပဲ။ ကျွန်မတို့ ခေတ်တုန်းကတော့ ကျောင်းပညာပဲ အားထားရတယ်။ ကျူရှင်တို့၊ ဂိုက်တို့၊ စာကျက်၀ိုင်းတို့ဆိုတာ ေ၀လာေ၀းပဲ။ ကျောင်းစာကို ကျောင်းမှာပဲ အပြီး ဆရာတွေ၊ ဆရာမတွေက အားကြိုး မာန်တက် သင်ကြား ပြသကြတယ်။ မုန့်စား ဆင်းချိန်တောင် မသိတဲ့စာ လာမေး၊ ရှုပ်တယ်လို့ မတွေးတဲ့ အလွန်တရာ ချစ်ဖွယ်ကောင်းတဲ့ နာသုံးနာနဲ့ ပြည့်စုံတဲ့ ဆရာတွေ၊ ဆရာမ တွေပါပဲ။ လေးစားဖို့လည်း အလွန် ကောင်းလှပါတယ်။

ဒီတော့ ကိုယ်က ဘယ်လောက် ပေးနိုင်သလဲ။ ပညာဆိုတာ ပေးတိုင်းလည်း မယူတတ်သူတွေ တစ်ပုံကြီး ရှိပါတယ်။ ဒီလိုကျရင် ယူတတ်အောင် သင်ကြား ပြသရမှာက ဆရာတွေရဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ အဲ ယူချင်တာတောင် မပေးတတ်ဘူး ဆိုရင်တော့ ဆရာဆိုတဲ့ ဂုဏ်နဲ့ ထိုက်တန်လားဆိုတာ စဉ်းစားဖို့ လိုလာပြီ ဖြစ်ပါတယ်။ ငယ်တုန်းအရွယ် ကလေးတွေကို ပြုပြင် ရတာဟာ အမှန်တကယ်တော့ ထည့်တဲ့ခွက်ထဲ ပုံစံတစ်ကျ ၀င်ဖို့ အလွန်ပဲ ကောင်းလှပါတယ်။ ထည့်တတ်ဖို့လည်း လိုပါတယ်။ ကလေးတွေရဲ့ စိတ်ဟာ အန်မတန်မှ နူးညံ့ လှတဲ့အတွက် ဘ၀တစ်လျှောက် အစွန်းအထင်း မပါသွားဖို့ အရေးကြီးဆုံးပါပဲ။ ဒါတွေ ဘာကြောင့် ပြောနေရသလဲ ဆိုတော့ ဆရာဆိုတာ ငါပြောသလိုလုပ်၊ ငါ လုပ်သလို မလုပ်နဲ့ဆိုတဲ့ လွဲမှားစွာ ကျင့်သုံး နေကြသူတွေ အများအပြား တွေ့ရှိ နေရလို့ပါပဲ။ နောက်တစ်ချက်က ကျောင်းတွေမှာ ကလေးတွေ ပညာရေး မပြိုင်ဆိုင်ပဲ သူ့ထက်ငါ ပိုတတ်အောင်၊ ပိုတော်အောင် သင်ပေးမယ်ဆိုတဲ့ စိတ်ထားတွေ မထားရှိကြပဲ ကျောင်းစိမ်း ၀တ်စုံတောင် အပြိုင်အဆိုင် ဒီဇိုင်းတွေ လုပ်လားလုပ်ရဲ့၊ နောက် အိမ်မှာရှိသမျှ လက်၀တ် ရတနာများ အပြိုင်အဆိုင် ထုတ်ဆွဲလား ထုတ်ဆွဲနဲ့ နောက် ကလေးတွေ ထမင်းဗူး ဘာတွေပါလဲ၊ လာတစ်ယောက် တစ်မျိုး ယူလာခဲ့လို့ ဆိုသူကလည်း ရှိသေးတာကို လေ့လာ တွေ့ရှိမိတော့ ကလေးတွေရဲ့ နောင် အနာဂတ် ပညာရေးကို အတော် ရင်လေးဖွယ် ဖြစ်မိပါတယ်။
ဟော ခုနောက်ပိုင်းလည်း ရောက်ရော ဘာတဲ့ ကျောင်းမှာ စာကို သေချာ မသင်တော့ပဲ အိမ်မှာ ခေါ်သင်တဲ့ ကျူရှင်တွေ၊ စာကျက်၀ိုင်းတွေ၊ ဂိုက်တွေ မှိုလို ပေါက်လာတော့တာပါပဲ။ ဒီလို အနေအထား ဖြစ်ပေါ် လာတာဟာ နောင်အနာဂတ် မျိုးဆက်တွေအတွက် တစ်နည်းကောင်းသလို မိဘတွေ အတွက်တော့ အင်း အများအားဖြင့် တစ်နေ့ လုပ်မှ တစ်နေ့စားရတဲ့ မိဘတွေအတွက်တော့ အလွန်တရာ ရင်လေးဖွယ်ပါပဲ။ ဘာကြောင့် ဒါကို ပြောရသလဲဆိုရင် မိသားစု တစ်စုမှာ သားသမီး ငါးယောက် ရှိတယ် ဆိုပါစို့။ မိဘက လက်လုပ် လက်စား ဘ၀ဖြစ်ပြီး သားသမီးတွေက ကျောင်းနေတုန်း အရွယ်ဆိုရင် သားသမီး ငါးယောက်ရဲ့ ခုခေတ် ကျောင်းစရိတ်တွေ ဘယ်လောက် လဲ ဆိုတာ သင်ပဲ စဉ်းစား မြင်ယောင် ကြည့်လိုက်လေ။ ဘယ်လောက်တောင် ကသီလင်တ နိုင်မယ့် ဘ၀အခြေအနေလဲ ဆိုတာကိုပေါ့။ ဒါကို ဆရာတွေ၊ ဆရာမတွေက နားလည်မှု မပေး နိုင်ဘဲ ငါ့ကျောင်းသားက ငါ့ကျူရှင် တက်ရမယ်ဆိုတဲ့ (ကိုယ့်ဘာသာ ထုတ်တဲ့) ဥပဒေ တစ်ရပ်က ထုတ်ထားပြန်တော့ တကယ် မလွယ်တ့ဲ ဘ၀တွေကို ရင်ဆိုင် ရမှာ အမှန်ပဲ မဟုတ်ပါလား။ ဒီတော့ ဘာတွေ ဖြစ်လာသလဲဆိုတော့ ကျူရှင် မယူနိုင်တဲ့ကလေးက ကျောင်းမှာ မျက်နှာကောင်း မရတဲ့ဘ၀ကို အလိုလို ရောက်ပြီး ကျောင်းမတက်ချင်တဲ့ ရောဂါတစ်ခု စွဲကပ် အမြစ်တွယ်လာ ပါတော့တယ်။ ဒီကြားထဲ ဘာတွေ သင်လဲ ဆိုတော့ ကျောင်းမှာ ကိုယ်သင် ကိုယ်ထုတ် မေးခွန်း စနစ်က ကြီးစိုးနေတော့ ဒါသင် ဒါကျက် ဒါဖြေဆိုတဲ့ ပုံသေကားချပ်လည်း ချထားလေရဲ့။ ဒီတော့ ကလေးတွေရဲ့ စိတ်မှာ ဒီထက်ပိုပြီး တွေးခေါ်တတ်တဲ့ စိတ်ဓာတ်တွေ ပျောက်ဆုံးကုန်တယ်။ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့ ကလေးတွေမှာ ကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ စွမ်းအား မရှိတော့ပဲ သူများကိုပဲ အားကိုး လိုတဲ့ စိတ်တွေ ကိန်းအောင်းနေတဲ့သူတွေ ဖြစ်လာတော့မှာပေါ့။

ဒါနဲ့ ဟိုတစ်နေ့က အလုပ်က ပြန်တော့ ကျောင်းသားတစ်ယောက်ရဲ့ မိခင်က ရင်ဖွင့်ရှာတယ်။ သူ့ရဲ့ သားက ယခု သုံးတန်း တက်နေပါတယ်တဲ့။ အရင်ကတော့ အတန်းပိုင် ဆရာမဆီမှာ ကျူရှင်ထားတယ် ပေါ့လေ။ နောက် အတန်းပိုင် ဆရာမက ကလေး မီးဖွားတော့ စာမသင်နိုင်တော့ မိဘတွေရဲ့ ကိုယ့်သားသမီးပေါ် ထားတဲ့ မေတ္တာ တရားက အလွန် ကြီးမားတယ် ဆိုတာ ယုံကြည်မိပါတယ်။ သားကလေးရဲ့ ပညာရေး နှောင့်နှေးမှာစိုးလို့ အတန်းပိုင် ဆရာမက စာမသင်နိုင်တော့ အတန်းငယ် တုန်းက ထားတဲ့ ဆရာမဆီမှာ ကျူရှင် ပြောင်းထားလိုက်တယ်။ ဒါနဲ့ အတန်းပိုင် ဆရာမက ကလေးမွေးဖွားပြီး ကျောင်းပြန် တက်တော့ ကလေးက ဟိုပြောင်း၊ ဒီပြောင်း ပြောင်းနေရမှာစိုးလို့ မိဘက မပြောင်းပဲ ဒီတိုင်းပဲ ကျူရှင်ကို ထားလိုက် တော့တယ်။ ကျောင်းသားဆိုတာ ဘယ်မှာ ထားထား၊ ကလေး စာတတ်ဖို့ပဲ မဟုတ်ဘူးလား။ အဲဒီလို မဟုတ်ပဲနဲ့ တစ်ရက်တော့ အတန်းပိုင်ဆရာမက ကလေးကို ခေါ်ပြီး ကျူရှင် တက်နေတယ် မဟုတ်လားလို့ မေးပါတယ်။ ကလေး ဆိုတာ အပြစ်ကင်းတဲ့ အရွယ်လေ။ သူက မလိမ်ညာပဲ ဟုတ်ပါတယ်လို့ ပြောလိုက်တော့ ကလေးကို ကျူရှင် စာအုပ် သွားယူခိုင်းပါတယ်။ ကလေးက သွားယူပေးတော့ သူက သင်ပုံ သင်နည်း တွေ ကြည့်ပြီး ကျောင်းမှာ ကလေးရဲ့ ကျူရှင် စာအုပ်ထဲက ပုံစံအတိုင်း သင်ကြားပါတော့တယ်။ တစ်မျိုးပဲနော်။ ပြောပြတုန်းက မယုံကြည်ဘူး။ ဆရာမ ဆိုတာ ပညာရည် ပြည့်၀လို့ နိုင်ငံတော်က ကလေးတွေရဲ့ ဘ၀အတွက် ရွေးချယ်ပြီး အပ်ထားတာ မဟုတ်ဘူးလား။ ခုတော့ ကိုယ်ပိုင် အတွေးအခေါ် မရှိ၊ အိုင်ဒီယာ မထုတ် ကိုယ့်ပညာနဲ့ မသင်ပဲ ဘာလို့ သူများ သင်တာကို လိုက်အတုခိုးပြီး သင်တာပါ လိမ့်ပေါ့။ ပညာရေးခေတ်ကြီးက ဒါကြောင့် ဆုတ်ယုတ် ကုန်တာပါလား လို့လည်း တွေးမိတယ်။ ဒါနဲ့ ကလေးက တစ်ရက်တော့ ကျူရှင်စာအုပ် မယူ သွားမိဘူး။ ဆရာမက ယူလာခိုင်းတော့ ကလေးက မပါဘူးပြောတာ သူ့ကို လိမ်တယ် ညာတယ်လို့ ကလေးကို ပြောပါလေရော။ အတန်းထဲမှာလည်း ကလေးကို အကြောင်းမရှိ အကြောင်းရှာ ရိုက်လာပါတယ်။ ဒီလို ဖြစ်လာတော့ မိဘ အနေနဲ့ကလည်း သွားပြောလည်း အခက်၊ မပြောလည်း ကိုယ့်သားသမီးက တဖြည်းဖြည်း ကျောင်းကြောက်တဲ့သူ ဖြစ်လို့ လာနေတယ်။ သွားပြော ပြန်ရင်လည်း ကိုယ့်သားသမီးကို မဲပြီး ဆူမှာလည်း စိုးနေပြန်တော့ သင်လည်း မိဘနေရာကနေ ၀င်ပြီး ခံစားကြည့် စေချင်တယ်။ ဒီဆရာမကလည်း မကြာသေးခင်က သားသမီး မွေးထားတာပဲ ကိုယ်ချင်းစာ တရားထားပြီး ဆရာဆိုတဲ့ ဂုဏ်ကို ထိန်းသိမ်း သင့်တာပေါ့။ ခုတော့ ဘယ်လိုလူမျိုးတွေကို ဆရာမ ခန့်ထားသလဲ ဆိုတာတောင် စဉ်းစား မရဘူး ဖြစ်နေတယ်။

ဒါနဲ့ ဟောပြောပွဲတစ်ခုမှာ ဆရာ အော်ပီကျယ် ပြောတဲ့ စကားတွေကို ကြားယောင် မိသေးတယ်။ ပညာရေး စနစ်ရဲ့ ပြယုဂ်ပေါ့လေ။ သူအိမ်မှာရှိတုန်း သူ့ရဲ့သားက စာအော်ကျက်နေတယ်တဲ့။ ကျက်တဲ့စာက ဘာစာလည်း ဆိုတော့ စာစီစာကုံးပါတဲ့။ ဟင် ကိုယ်တွေလက်ထက် ကတော့ စာစီစာကုံးက ကိုယ့်စိတ်မှာ ရှိတာကို ချရေးရတာပဲ၊ ကျက်ရတဲ့ စာမှ မဟုတ်တာပေါ့။ ဒါနဲ့ ဘာအကြောင်းလဲ ဆိုတော့ ကျွန်ုပ်၏ အကြောင်းတဲ့၊ ကလေးက အော်ဆိုနေတာက “ကျွန်တော်၏ အဖေသည် ဦးဘ ဖြစ်ပါသည်” ဆိုပြီး ထပ်ကာ ထပ်ကာ ဆိုနေတော့ အဖေဖြစ်တဲ့သူက မိန်းမကို လှည့်မေးပါတော့တယ်။ “မိန်းမရေ… အိမ်ကို ဘယ်သူလာသေးလဲတဲ့” မိန်းမဖြစ်သူက “ဘယ်သူမှ မလာပါဘူးတော်။ ဘာဖြစ်လို့လဲ” ဆိုပြီး မေးတော့ “မသိဘူးလေကွာ။ မင်းသားက ဆိုနေတာ သူ့အဖေက ဦးဘတဲ့” နောက်ပြီး မေးလိုက်ပါတယ်။ ဒါနဲ့ သူ့သား ဖြေပုံကြောင့် ဆရာ အော်ပီကျယ်လည်း ကိုယ့်နဖူးကိုယ်သာ ရိုက်လိုက်ပါတော့တယ်။ သားဖြေပုံက “အဖေကလည်း ဘာသိလဲ။ သား သူငယ်ချင်းရဲ့ အဖေလည်း ဦးဘပဲ”တဲ့လေ။ ကဲ ကောင်းကြရောပဲ။ စာစီစာကုံးတောင် ကိုယ့်အကြောင်း အရာကို ဘယ်လိုလမ်းကြောင်းနဲ့ ဘယ်လို ရေးရတယ် မပြောပြပဲ ကျက်ဖြေဘ၀တွေ ရောက်လို့နေတဲ့ ပညာရေး ခေတ်ကြီး ဖြစ်လို့ နေပါတော့တယ်။ ပညာရေးစနစ်ကို ဒီလိုသာ လုပ်နေမယ်ဆိုရင်တော့ နောင် အနာဂတ် သားကောင်းများ ဘယ်လို ဘ၀မှာ ဖြတ်သန်းကြရမလဲဆိုတာ စဉ်းစားမိ တာကြောင့် အပြုသဘောဖြင့် ရေးသား တင်ပြ လိုက်ရခြင်းပင် ဖြစ်ပါတော့တယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *