Opinion

ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ

ကမ္ဘာတစ်ဝှမ်း လူတွေ သေဆုံးရခြင်း၏ အဓိက အကြောင်းများထဲတွင် ဆေးလိပ်သောက်ခြင်းဟာ တစ်ခု အပါ အဝင် ဖြစ်ပါတယ်။ အမေရိကတွင် နေ့စဉ် ပျမ်းမျှ လူ ၁,၀၀၀ ခန့်ဆေး လိပ် သောက်ခြင်းကြောင့် သေဆုံးနေပြီး၊ သေဆုံးသူ (၆) ဦးတွင်(၁) ဦးမှာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟု ဆိုရာတွင် စီးကရက်၊ ဆေးတံ၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ် စတဲ့ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် ရှူရှိုက်သောက်သုံးခြင်းများ ပါဝင်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ကြီးစွာသော ကျန်းမာရေး ခြိမ်းခြောက်မှု ကို ဖြစ်စေ ရုံသာမက လူမှုဆက်ဆံရေးမှာလည်း အနှောင့်အယှက် တစ်ခုဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်း ကြောင့် ခန္ဓာကိုယ် တွင်းသို့ ဓာတုပစ္စည်း အမျိုး ၄,၀၀၀ ကျော် ဝင်ရောက်ပြီး ဇီဝကမ္မ လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီးစေပါတယ်။ ၎င်းတို့ထဲတွင် နီကိုတင်းဓာတ် (Nicotine)၊ ကတ္တရာ (Tar)၊ ကာဗွန်မိုနောက်ဆိုဒ် (Carbon Monoxide)၊ နိုက်ထရိုဂျင်အောက်ဆိုဒ်များ (Nitrogen Oxides)၊ ဟိုက်ဒရိုဂျင် ဆိုင်ရာနိုက် (Hydrogen Cyanide)၊ သတ္တုဓာတ်များ (Metals)၊ အမိုးနီးယား (Ammonia) နဲ့ ရေဒီယိုသတ္တိကြွ ဓာတ်ပေါင်းများ (Radioactive Compounds) တို့ ပါဝင်ပါတယ်။

ဆေးလိပ်ရှိုက်ဖွာလိုက်တာနဲ့ တစ်ပြိုင်နက် လတ်တလော ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများမှာ
* အဆုတ်လေပြွန်ကို ကျဉ်းစေခြင်း
* နှလုံးခုန်နှုန်းကို မြန်စေခြင်း
* သွေးဖိအားကိုတိုးစေခြင်း
* သွေးကြောငယ်များကို ကျဉ်းစေခြင်း
* ဆေးလိပ်တွင် ပါဝင်သော ကာဗွန်မိုနောက်ဆိုဒ်က ခန္ဓာကိုယ်တစ်ရှူး များရဲ့ အောက်ဆီဂျင် လိုအပ်မှု ကို အဟန့် အတား ဖြစ်စေခြင်း တို့ဖြစ်ပေါ်စေပါတယ်။

ဆေးလိပ်သောက်ခြင်းကြောင့် ရေရှည် ဆိုးကျိုးများ လည်း ခံစားရမှာ ဖြစ်ပါတယ်။ အဆုတ်ကင်ဆာ (Lung Cancers)၊ အဆုတ်လေပြွန် ကျဉ်းစေသော ရောဂါ (Emphysema)၊ နာတာရှည် အဆုတ်လေပြွန်ရောင် ရောဂါ (Chronic Bronchitis) စတဲ့ အဆုတ်ရောဂါများအပြင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ကိုလည်း ဖြစ်ပွားစေပါတယ်။ နောက်ထပ် ဖြစ်နိုင် တဲ့ရောဂါများကတော့ ခံတွင်းနှင့် လည်ချောင်း ကင်ဆာများ၊ ဆီးအိမ်၊ ကျောက်ကပ်၊ ပန်ကရိယ ရောဂါများ ဖြစ်ပွားစေပါတယ်။ သွား၊ လက်ချောင်း၊ ဆံပင်တို့ကိုလည်း ဆေးလိပ်ငွေ့ အရောင်စွန်းထင်းမှု ရှိစေခြင်း၊ ခံတွင်းနှင့် အဝတ်အစားများကိုလည်း အနံ့ အသက်စွဲစေခြင်းတို့ကြောင့် လူမှု ဆက်ဆံရေး နယ်ပယ်တွင်လည်း အနှောင့်အယှက် ဖြစ်စေပါတယ်။

ဆေးလိပ်မှာ ပါဝင်တဲ့နီကိုတင်း (Nicotine) ဟာ အာရုံကြောနဲ့ ကြွက်သားဆုံချက် (Nerve Muscle Junction) တွင် အကျိုးသက်ရောက်မှု ကြောင့် ခြေလက်များ တုန်ခြင်း၊ သွေးကြောငယ်များကို ကျဉ်းစေခြင်း ကြောင့် နှလုံးအတွက်ဝန်ပိစေခြင်း၊ သွေးတိုးစေခြင်း၊ ခြေဖျားလက်ဖျားများ အေးစေခြင်း၊ အာရုံကြောစနစ်ကို လှုံ့ဆော်မှုကြောင့် စိတ်လှုပ်ရှား နိုးကြား မှုဖြစ်ခြင်း (Excitement)၊ စိုးရိမ်ပူပန်ခြင်း (Anxiety) များ တစ်ဒင်္ဂဖြစ်ပေါ်ပြီး နီကိုတင်း ပြယ်သွားသည်နှင့် စိတ်ကျခြင်း (Depression) ဖြစ်ပေါ်လာတတ်ပါတယ်။ နီကိုတင်းဟာ စွဲစေတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။
ဆေးလိပ်သောက်သူအတွက်တော့ ဗီတာမင်အားဆေးများ သုံးစွဲခြင်း၊ လေ့ကျင့် ခန်းလုပ်ခြင်း တို့ထက် ကျန်းမာရေးအတွက် အကောင်းမွန်ဆုံးနည်းလမ်း မှာ ဆေးလိပ် ဖြတ်ခြင်းပင် ဖြစ်ပါ တယ်။ ဆေးလိပ် ဖြတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကိုယ်ခန္ဓာ ကျန်းမာရေးသည်လည်း အကောင်းဘက်သို့ ဦးတည်လာပါတယ်။ တစ်နေ့လျှင် မိနစ် (၂၀) တစ်ပတ် (၃) ကြိမ် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ခန္ဓာကိုယ်မှ ဆေးလိပ်အဆိပ်သင့်မှုများ တဖြည်းဖြည်း လျော့ပါးလာပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ချေွးထွက်ခြင်းကြောင့် လည်းကောင်း၊ အောက်ဆီဂျင်ကို လုံလောက်စွာ ရှူရှိုက်ရ၍ လည်းကောင်း၊ နီကိုတင်းဓာတ်များ လျော့ပါးလာစေပါတယ်။ ဆေးလိပ်ဖြတ်စတွင် အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ချောင်းဆိုးခြင်း အစရှိတဲ့လက္ခဏာများ ခံစားရနိုင်ပြီး ဆေးလိပ် အလွယ် တကူ ရှိသောနေရာ၊ ဆေးလိပ်သောက်သူ ရှိသော နေရာများကို ရှောင်ရှား ရပါမယ်။ နီကိုတင်း အစားထိုး ဆေးများကို ဆရာဝန် ညွှန်ကြားချက်နှင့် သုံးစွဲပြီး ဖြတ်နိုင်ပါတယ်။ အခြား နီကိုတင်း အစားထိုးစရာများကတော့ နီကိုတင်းပါသော Gum၊ ရှူဆေးများ (Inhaler)၊ နှာခေါင်းဖျန်းဆေးများ (Nasal Spray)တို့ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ရောဂါများ ရရှိနိုင်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါကြောင်း ပြောပြလိုက်ရခြင်း ဖြစ်ပါတယ်။ မသိတာများကို စိတ်ရှည်စွာ ရှင်းပြပေးတဲ့ မိုးကုတ်မှ အစ်ကိုဒေါက်တာ ၀င်းသိန်းကို ကျေးဇူးတင်လျက် . . .

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *