Opinion

ကြောင်ခုတင်

catbedstead

ကြောင်ခုတင်တဲ့။ ကြောင်ခုတင်ဆိုလို့ ကြောင်တွေအိပ်တဲ့ခုတင်ကိုပြောတာတော့ မဟုတ်ပါဘူး။ ကြောင်မကြီး   ကကြောင်ကလေးတွေလေးကောင်ပေါက်ရင် ကြောင်ခုတင်လို့ပြောကြတယ်။ အဲ့ဒီအိမ်က စီးပွားလာဘ်လာဘတက် တယ်ပေါ့။ အိမ်မှာကြောင်လေးကောင်းမွေးတယ်ဆိုရင် တွေ့တဲ့လူတိုင်းက အဲ့ဒီလိုပဲပြောကြတာ။ ကိုဘအေးတို့အိမ် မှာလည်းကြောင်မကြီးကကြောင်ကလေးတွေ ငါးကောင်မွေးတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ(၂၈)ရက်၊ တနင်္ဂနွေနေ့ည မှာမွေးတာ။ ခုဆိုရင် တစ်လသားကျော်သွားပြီ။ မွေးပြီးပြီးချင်းတစ်ကောင်က အဖတ်မတင်ဘူး။ သေသွားတယ်ထင် တယ်။ ထပ်ခိုးပေါ်မှာ သေတ္တာတွေကြားထဲမှာ သွားမွေးတာဆိုတော့ ကိုဘအေးတို့လည်းမသိဘူး။ ပထမတော့ ဘယ်နှစ်ကောင် မွေးမှန်တောင်မသိဘူး။ ပုပ်စော်နံပါတယ်ဆိုပြီးရှာတော့မှ တစ်ကောင်သေနေတာတွေ့ ရတာ။ ကြောင်မလည်း ငါးကောင်တောင် မွေးတာဆိုတော့ဒီတစ်ကောင်ကို အချင်းမဖြတ်လိုက်မိဘူးထင်တယ်။ တွေ့တဲ့အခါ ကျတော့အချင်းတန်းလန်းကြီးနဲ့ ဖြစ်နေတယ်။ ဒါ့ကြောင့် သေသွားတာလားမသိဘူး။

အဲဒီတော့ကြောင်ကလေးတွေ ကလေးကောင်ပဲကျန်တော့လေးကောင် မွေးတယ်ပဲဖြစ်သွားတာပေါ့။ ဒါနဲ့တွေ့တဲ့လူ တိုင်းကလေးကောင်မွေးရင် ကြောင်ခုတင်ပဲ။ ကောင်းတယ်။ လာဘ်လာဘတက်တယ်ဆိုပြီး ပြောကြတယ်။လေး ကောင်ဖြစ်အောင်လို့ တစ်ကောင်ကသေပေးရတယ်။ ကိုဘအေးလည်း ကြောင်ငါးကောင်မွေးတယ်လို့ယူမလား၊လေး ကောင်မွေးတယ်လို့ယူရမလား၊အခုအထိ ဒွိဟဖြစ်နေတုန်းပဲ။ တကယ်တော့ ဒီကလေးမွေးတဲ့ကြောင်မကအိမ်မှာ မွေးထားတာမဟုတ်ဘူး။ ဘယ်က ဘယ်လိုရောက်လာမှန်းမသိဘူး။ အိမ်နားကကြောင်ရှိတဲ့အိမ်ကကလေးတွေမေး ကြည့်တော့လည်း သူတို့ကြောင် မဟုတ်ဘူးလို့ ပြောတယ်။ အမှန်ကအိမ်မှာ ကြွက်တွေပေါလွန်းလို့ကြောင်တစ် ကောင်လောက် လိုချင်နေတာတော့ကြာပြီ။ ကြွက်တွေမှ အိမ်ကြွက်တွေကတစ်မျိုး၊ မြေကြွက်ကတစ်မျိုး၊ကြွက်စုတ် ကတစ်မျိုး၊ ကြွက်တိုင်းပြည်တည်ထောင်ထားသလား အောက်မေ့ရတယ်။ ကြွက်ထောင်ချောက်နဲ့ထောင်တယ်၊ကြွက် စာချတယ်။ အကုသိုလ်ပဲများတယ်။ နှိမ်နင်းလို့မရဘူး။ ကြွက်တွေကတစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်နဲ့မဟာဗျူဟာ နည်းဗျူဟာတွေများချမှတ်ထားသလားမသိဘူး။

အိမ်ကြွက်ကတစ်ကောင်တည်းပဲရှိရင် အသံမကြားရဘူး။ ငြိမ်တယ်။ နှစ်ကောင်ဆိုရင်တော့ တကျွီကျွီနဲ့ သောင်းကျန်း တော့တာပါပဲ။ ကိုဘအေးဆွမ်းတော်ကပ်ပြီဆိုရင် ဘုရားစင်ပေါ်မှာ နားရွက်ကားကားနဲ့ ဆွမ်းတော်ပွဲကို လာချောင်း နေပြီ။ ဘုရားဆွမ်းတော်ကို စိတ်ဖြောင့်ဖြောင့်နဲ့ ကပ်လို့မရဘူး။ဒီကောင်တွေတော့ ထောင်ချောက် စာမိတော့မယ်ဆို ပြီး စိတ်ထဲမှာအကုသိုလ်ဖြစ်နေရော။ အိမ်ကြွက်က ပစ္စည်းအပေါ်တွေ အကုန်လျှောက်တက်တာ။ ကြွက်စုတ်ကတော့ အောက်မှာပဲလျှောက်သွားတယ်။ သူလာရင် နံတယ်။ ရောက်တဲ့နေရာမှာချေးကလျှောက်ပါတယ်။ မြေကြွက်ကြီးတွေ ကျတော့ ပျဉ်ပြားတွေကိုက်တယ်။ ကြမ်းပြင်ကို အပေါက်ဖြစ်အောင်ကိုက်တယ်။ ကိုယ်တွေက တီဗွီကြိုးတွေ၊ရေခဲသတ္တာဂက်စ်ပိုက်တွေကို ကိုက်ပစ်မှာစိုးရိမ်တာ။ တစ်ခါကလည်းဘယ်ကြွက်ကိုက်မှန်းမသိဘူး။ တီဗွီဆေ့ဖ်ဂတ် ကြိုးကိုက်ဖြတ်ထားလို့ ပြန်ဆက်လိုက်ရသေးတယ်။ ကြွက်တွေကြောင့်လည်း တော်တော်စိတ်ညစ်ရတယ်။ တဂျစ်ဂျစ် ကိုက်နေတဲ့အသံနဲ့၊ တကျွီကျွီနဲ့ပြေးလွှားသောင်းကျန်းနေတဲ့အသံနဲ့ ကောင်းကောင်းအိပ်လို့မရဘူး။ ထောင်ချောက်နဲ့ ထောင်ရတာ၊ ကြွက်စာချရတာလည်းမကောင်းဘူး။ သူ့အသက်သတ်ရတာဆိုတော့လေ။ ကြွက်မသေဘူး။ကြွက်   ပြေးတယ်ဆိုတဲ့ ဆေးလည်းချထားဘူးတယ်။ မရဘူး။ ကြွက်တွေကပျင်းတောင်ပျင်းသေးတယ် ဆိုပြီးပြောတောင် သွားသေးတယ်။

တစ်ခါကမြို့ထဲသွားရင်းနဲ့ သိမ်ကြီးဈေးနားမှာ တရုတ်နဲ့တူသူတစ်ယောက်က ကြွက်ပြေးတယ်၊ ခြင်းပြေးတယ်(အမှန် ကခြင်ပြေးတယ်လို့ပြောတာ ၊ စကားဝဲနေလို့) ဆိုပြီးပလပ်ထိုးပြီးအသုံးပြုရတဲ့ မီးလုံးလေးတွေ ရောင်းနေလို့တစ်လုံး ဝယ်လာဘူးတယ်။ သူကတော့ မီးလုံးတွေကိုကိုင်ဆောင့်ပြ နေသေး တယ်။ တစ်နှစ်လောက်သုံးရတယ်လို့လည်း ပြောတယ်။ ကိုဘအေးလည်းညအိပ်တော့ထွန်းအိပ်ကြည့်တာ ကြွက်တွေကမျက်နှာကျက်ထဲမှာဆူညံနေတာပဲ။ သူတို့ တွေမခံနိုင်တဲ့ အသံလှိုင်းတစ်ချို့ ထုတ်လွှတ်တယ် ထင်ပါတယ်။ သူတို့တွေမနေနိုင်ကြဘူး။ဒါပေမယ့်ဒါကလည်းတစ် လလောက်ပဲထွန်းရပါတယ်။ နောက်ပိုင်မှာအစွမ်းမပြတော့ဘူး။ ခြင်ကတော့ မပြေးပါဘူး။ အဲဒီတုန်းကတော့တချို့ဆို ရင်နှစ်လုံးသုံးလုံးလောက်တောင်ဝယ်တယ်။ တစ်လုံးကိုငါးရာလား တစ်ထောင်လားတောင် ကိုဘအေး မမှတ်မိတော့ ပါဘူး။ အမ်မယ်အဲဒီရောင်းတဲ့သူကလည်း ကြွက်ကြီးတစ်ကောင်ကို လှောင်အိမ်ထဲမှာထည့်ပြီးစမ်းပြတာ။ မီးလုံး ထွန်းလိုက်တာနဲ့ အဲဒီကြွက်ကြီးကလှောင်အိမ်ထဲမှာ ဗြောင်းဆန်နေတာပဲ။ လူတွေကလည်း အဲဒါကိုသဘောကျပြီး ဝယ်ကြတာလေ။ ကိုဘအေးလည်းကြောင်အကြောင်းပြောရင်းနဲ့ ကြွက်ဋီကာချဲ့နေမိပြန်ပြီ။

အဲဒီလိုပေါ့။  အိမ်မှာ ကြွက်တွေသောင်းကျန်းတယ်ဆိုပြီးကြောင်တစ်ကောင်လောက်လိုချင်နေတာ။ ကြွက်ခုတ်တာမ ခုတ်တာအပထား၊ ကြောင်ရဲ့အနံရနေရင်တော့ ကြွက်တွေ ငြိမ်မှာပဲဆိုပြီးတော့လေ။ လမ်းထိပ်မှာအသုပ်ဆိုင်ထွက်တဲ့ အိမ်ကကြောင်လေးတွေ မွေးတယ်ဆိုလို့တစ်ကောင်လောက်ပေးပါဆိုပြီး တောင်းထားတာ။ သူတို့ကလည်းနို့ခွဲရင် ပေးမယ်ပေါ့။ ကြောင်တွေမွေးထားတဲ့ အိမ်တွေဆိုလည်း တစ်ကောင်လောက်တော့ တောင်းမယ်ဆိုပြီးလိုက်စုံစမ်း ကြည့်နေတာ၊ ဒီလိုနဲ့ဒီအချိန်မှာပဲ အဲဒီ စောစော ကကြောင်ကလေးတွေ မွေးတဲ့ကြောင်မက အိမ်ကိုရောက်လာတယ်။ ကြားဖူးတာတော့ ကြောင်ထီးဆိုရင် တွေ့တဲ့နေရာမှာသေးပန်းတတ်တယ်တဲ့။ အခုအိမ်ကို ရောက်လာတာကကြောင်မ ဆိုတော့ဒီလိုတော့ မလုပ်တန်ကောင်းဘူးပေါ့။ ကြောင်မကလည်းမဆိုးပါဘူး။ ချေးပါသေးပေါက်ကို အပြင်မှာသွား လုပ်တယ်။ အိမ်ရှေ့တံခါးပိတ်ထားရင် အပြင်ထွက်ချင်လို့အော်နေတယ်။ တံခါးဖွင့် ပေးလိုက်တာနဲ့ အိမ်အပြင်ကို အပြေးအလွှားသွားတယ်။ ပြီးတော့ မျက်နှာချင်းဆိုင်အိမ်ကကားအောက်ကိုဝင်ပြီး အပေါ့အလေးစွန့်တယ်။ကိုဘအေး တို့လမ်းက ကွန်ကရစ်ခင်းဖို့ဆိုပြီး အုတ်ခဲကျိုးတွေထည့်ပြီး သဲတွေဖို့ထားတာဆိုတော့ သူ့အဖို့ အတော်ပဲပေါ့။ ကိစ္စပြီး ရင်သဲတွေပြန်ဖုံး လိုက်ရုံပဲလေ။ ကြောင်မကအဲဒီလိုတော့ စည်းကမ်းရှိတယ်။

ဒါပေမယ့် ခက်တာကသူ့မှာမျက်လုံနားမှာအနာဖြစ်နေတယ်။ ကြောင်အချင်းချင်းကိုက် ကြရင်းဒဏ်ရာရလာတာဖြစ် လိမ့်မယ်။ နောက်ပြီးတော့ နှာစေးချောင်းဆိုးကလည်း ဖြစ်နေတယ်။ ညဖက်တွေမှာဂျလေ ဘီလိုပဲလျှောက်သွားရင်း နဲ့ အအေးမိထားတာဖြစ်လိမ့်မယ်။ ဘာမီတွန်ကို အမှုန့်ကြိတ်ပြီးရောကျွေးတာ သရေတွေဘာတွေတောင်ကျလာ တယ်။ ခါးလို့ထင်တယ် မစားတော့ဘူး။ ကိုယ်တွေကလည်းအလွယ်တကူ ကြောင်စာပဲဝယ်ကျွေးနေတော့နောက်ပိုင်း ထမင်းကိုပုဇွန်ခြောက်မှုန့်တွေ၊ ဟင်းအကြွင်းအကျန်နဲ့နယ် ကျွေးတာ တို့ကနန်းဆိတ်ကနန်းနဲ့ပဲမစားဘူး။ ကြောင် စာပဲ တခုတ်တရစားတယ်။ ကြောင်စာကတစ်ထုပ်တစ်ရာနဲ့တစ်နေ့နှစ်ထုပ်ကုန်တယ်။ ဈေးသွားတဲ့အခါတော့၅၀ဝ တန်တစ်ထုပ်ဝယ်ခဲ့ရင်သုံးလေးရက် လောက်တော့ကျွေးရတယ်။ အိမ်ရောက်စတုန်းကတော့ ကြောင်မကပိန်ပိန် သေးသေးရယ်။ နောက်တော့ ကြောင်စာတွေကြောင့်လားမသိဘူး၊ ဝလာတယ်။ ဝလာတာမှဗိုက်ပါပူလာတယ်။နောက်တော့အဲဒါက ဇီး(ကိုယ်ဝန်)ပါလာတာဖြစ်နေတယ်။ကဲ-ဒီလိုနဲ့ ကြောင်မကမွေးဦးမယ်။ မွေးရင်လည်းသူ့ဗိုက် ကြီးကြီးလာတာလေးငါးကောင်လောက်တော့ မွေးမယ်ထင်တယ်။ မွေးလာရင်လည်းချေးသေးကလူနဲ့အလုပ်ရှုပ် ဦးမှာဆိုတော့ အိမ်ကလူတွေကအိမ်မှာ မမွေးစေချင်ဘူး။ အိမ်ကလည်းကျဉ်းကျဉ်းနဲ့ဆိုတော့လေ။ ကြောင်မက ကိုဘအေးတို့ရဲ့ ဘေးချင်းကပ်ရက် အခန်းကိုလည်း ဝင်ထွက်နေတာ။ သူ့ရဲ့စားအိမ် သောက်အိမ်တစ်အိမ်ပေါ့။သူ့တို့ အခန်းကကိုယ့်ထက်စာရင် အတော်လေးရှင်းတယ်။ ကျူရှင်သင်နေတာဆိုတော့ ပရိဘောဂနဲ့ပစ္စည်းပစ္စယတွေသိပ်မ ထားဘူး။ နောက်ဖေးအထပ်ခိုးမှာတော့ မလိုအပ်တဲ့ ပစ္စည်းတွေထားတယ်။ သူတို့ကလည်း သူ့တို့အိမ်မှာမွေးမလား မသိဘူးပေါ့။ ကြောင်တွေကလူမြင်တာမကြိုက်တော့ထပ်ခိုးပေါ်မှာတော့ မွေးလို့ရတယ်ပေါ့။ ကိုဘအေးလည်းအိမ်မှာ J-Cupပုံးလေးတွေရှိတော့ ပုံးတစ်ပုံးကိုသတင်းစာတွေခင်းပြီးတော့ လုပ်ပေးထားတယ်။

အဲ- မွေးမယ့်နေ့ညမှာတော့ ကြောင်မကကိုဘအေးတို့အိမ်မှာလာအော်နေတယ်။ ဟိုဘက်ခန်းကစာသင်နေတုန်း ရှိသေးတယ်။ နောက်တော့ ကိုဘအေးတို့အိပ်တဲ့အပေါ်ထပ်ကအသံကြားလို့တက်ကြည့်တော့ဘုရား စင်အောက်က ကိုဘအေးပစ္စည်တွေထည့်ထားတဲ့ လန်ဒန်စက္ကူပုံးထဲမှာဝင်နေလို့ ဒီအတိုင်းမောင်းထုတ် လို့မရဘူး။အော်ပဲအော်နေ တာနဲ့ ပုံးကိုလှဲချလိုက်တော့မှ ထွက်သွားတယ်။ စောစောကပြင်ထားတဲ့ J-Cup ပုံးထဲဝင်ခိုင်းတာလည်း မဝင်ဘူး။ချီ ပြီးထည့်တော့လည်း ပြန်ထွက်လာတယ်။ နောက်တော့ အရမ်းဗိုက်နာ လာတယ်ထင်တယ်။ ထပ်ခိုးပေါ်ကိုပဲလှေကား ကို ကမန်းကတန်းပြေးတက်သွားတော့တာပဲ။ ထပ်ခိုးပေါ်မှာ သေတ္တာတွေကြားက စာအုပ်စင်အောက်မှာနေရာလွတ် လေးရှိတယ်။ လုံလုံခြုံခြုံ မွေးရမယ့် နေရာကိုသူကလျှောက်ကြည့်ထားတာထင်ပါတယ်။ ညကျတော့ ကြောင်လေး တွေအော်သံကြားရတော့ တာပဲ။ ဘယ်နှစ်ကောင် မွေးသလဲတော့ မသိဘူး။ ချောင်ထဲမှာဆိုတော့ ဝင်ကြည့်လို့လည်း မရဘူး။ နောက်တစ်နေ့ ပုပ်စော်နံလို့ ကြောင်မကြီးမရှိတုန်းကတ်သီးကတ်သတ်နဲ့ ဝင်ကြည့်တော့မှ ကြောင်ကလေး တစ်ကောင်ကသေနေလို့ မီးညှပ်နဲ့ယူပြီးလွှင့်ပစ်လိုက်ရတယ်။ တစ်ပတ်လောက်နေမှ ဒီဘက်ကနည်းနည်း ကျယ်တဲ့ နေရာဘက်ကိုထွက်လာတော့မှ အထီးလားအမလားကြည့်လို့ရတော့တယ်။ ကျန်နေတဲ့လေးကောင်ကအမတွေ ချည်းပဲ။ သေသွားတဲ့ အကောင်လေးကိုတော့ အထီးလားအမလားမကြည့်လိုက်မိဘူး။ အရောင်အသွေးကတော့ သူ့အမေကမီးခိုုးရောင်ဆိုတော့ အဖြူနဲ့မီးခိုးကျားက နှစ်ကောင်၊ မီးခိုးရောင် ချည်းပဲက နှစ်ကောင်။ တော်သေးတယ် သူတို့အဖေဖြစ်ဟန်တူတဲ့ ၊ သူတို့အမေကိုတစ်ညောင်ညောင်နဲ့ လာလာရစ်နေတဲ့ ကြောင်နက်မှောင်ကြီးနဲ့တူတာပါ မလာလို့။ အမတွေချည်းပဲလေးကောင်ဆိုတော့ အိမ်ကတူတစ်ယောက်ကတွက်ကြည့်တယ်။

တစ်ကောင်ကိုနောက်ထပ် လေးကောင်စီထပ်မွေး၊ လေးလေးလီဆယ့်ခြောက်၊ နောက်ထပ်လေးကောင် ထပ်မွေး၊ ဆယ့်ခြောက်လေးလီခြောက်ဆယ့်လေး ဆိုပြီးတော့။ မဒမ်ဘအေးကတော့ သူများတွေပြောသလိုပဲကြောင်မတွေ အရွယ်ရောက်လာရင် တိရစ္ဆာန် ဆရာဝန်ဆီမှာ တားဆေးသွားထိုးထားရမယ်တဲ့။ ဒါမှနောက်ထပ်မပွားတော့အောင် တဲ့။ အဲဒီလိုလုပ်ရမှာ လည်းဝဋ်လိုက်မှာတော့ ကြောက်သား။ နောက်ဘဝကျမြုံနေရင် မခက်ပေဘူးလား။ကြောင်မကြီးကတော့ မိခင်ဘ၀တာ၀န်ကျေပါတယ်။ အပြင်ထွက်သွားလိုက် ကြောင်လေးတွေ နို့လာတိုက်လိုက်၊ တစ်ကိုယ်လုံးလျက်ပေးလိုက်နဲ့။ အဲဒါကတစ်နေ့ကိုလေးငါးခါပဲ။ အိမ်ထဲမှာလည်း ကြာကြာမနေဘူး။ ကြောင်လေး တွေ နို့စို့နေတုန်းသူလည်းမှိန်းတယ်။ နို့ဝလောက်ပြီထင်ရင်ပြန်ထွက် သွားတယ်။ ကြောင်ကလေးတွေ တစ်လသား လောက်အထိတော့ ညဘက်ပြန်အိပ်တယ်။ ခုနောက်ပိုင်းတော့ အိမ်မှာ ပြန်မအိပ်တော့ဘူး။ ဟိုဘက်ခန်းမှာပဲအိပ် သလား။ ဘယ်သွားအိပ်သလဲမသိဘူး။ အစကဂျလေ ဘီကြောင်ဆိုတော့ လျှောက်ပဲသွားနေသလား။ တစ်ရက်တော့ ကြောင်မကြီးကတစ်နေ့လုံးပြန်မလာဘူး။ ကြောင်လေးတွေလည်းဆာလို့ဗြောင်းဆန်နေတယ်(အော်နေဦး၊ အဲဒီတုန်း ကသူတို့ကိုထပ်ခိုးပေါ် ကနေအောက်ချလိုက်ပြီ) ကြောင်စာကတော့ အဆင်သင့်ရှိတယ်။ တစ်ထောင်တန်အထုပ်ကြီး ကိုဝယ်ထားတာ။သူတို့ကမစားတတ်သေးတော့ ခက်တယ်။ ရေတောင် မသောက်တတ်ကြသေးဘူး။ ဒါနဲ့အိမ်ကိုလာ တဲ့ တူတစ်ယောက်ကကွေကာအုတ်တိုက်ဆိုတာနဲ့ ကွေကာအုတ်နှစ်ထုပ်ဝယ်၊တစ်ခါအသိအမျိုးသမီး တစ်ယောက်က Pep နို့မှုန့်တိုက်ရတယ်ဆိုတာနဲ့ နို့မှုန့်တစ်ထုပ်ဝယ်ပြီးဖျော်၊အအေးခံထားပြီးကြောင် ကလေးတွေကို တိုက်ကြည့်တာ မသောက်တတ်ဘူး။ နို့တွေကိုလက်ညှိုးနဲ့ တို့ပြီးသူတို့ပါးစပ်လေးနားကပ် ပေးတော့ လျှာနဲ့တော့လျက်တယ်။

ဒါပေမယ့် ဗိုက်ထဲဘယ်လောက်ရောက်မလဲ။ ကိုယ်တွေလည်း ဘာလုပ်ရမှန်းမသိဘူး။ နောက်တော့ ဘေးအခန်းက ကြားသွားတယ် ထင်ပါတယ်။ ကြောင်မကြီးက သူတို့အထပ်ခိုးပေါ်မှာအိပ်နေတယ်။ နေမကောင်းဘူးလားမသိဘူး ပေါ့။ ဒါနဲ့ အဲဒီဘက်အခန်းကကလေး တစ်ယောက် ကြောင်မကြီးကိုချီလာပြီးလာပို့တော့မှ ကလေးတွေကို နို့တိုက် တယ်။ အဲဒီတော့လည်း စို့လိုက်ကြတဲ့ဟာတွေ တပြွတ်ပြွတ်နဲ့ပဲ။နောက်ပိုင်းမှာကြောင်မကြီးကသိပ်ပြီးတော့ နို့လာ မတိုက်တော့ဘူး။ တစ်နေ့လုံးနေမှ တစ်ခါနှစ်ခါလောက် ပဲ နို့လာတိုက်တော့တယ်။ အိမ်မှာလည်းသူကြာကြာမနေဘူး။ သူပြန်ထွက်သွားတာကအကြောင်းမဟုတ် ဘူး။ သူကကလေးတွေကိုပါ ခေါ်ခေါ်ထုတ်တတ်တယ်။ ခေါင်းရင်းတစ် အိမ်ကျော်ကဆိုရင် သူ့တို့လည်း မကြည့်နိုင်လို့ ပြန်လာလာပို့တာသုံးခါလောက်ရှိပြီး။ ကြောင်မကြီးကဘာလုပ်မှန်း လည်းမသိဘူး။ တစ်ခါ တစ်လေကျရင် အပြင်မှာ ကြွက်ခုတ်လာပြီး ကြက်တွေ ချီချီလာသေးတယ်။ သူ့ကလေးတွေပဲ လာကျွေးတာလား၊ ကြွက်ခုတ်တာသင်ပေးမလို့လားတော့ မသိဘူး။ သူက ကြွက်ကိုချထားလိုက်ပြီးသူ့ကလေးတွေ နို့တိုက်၊လျက်ပေးလုပ်နေတုန်း ကြွက်ကမသေမရှင်ဆိုတော့ ထပြေးရော။ ကြွက်ပေါပါတယ်ဆိုမှ ကြွက်ဦးရေထပ်တိုး အောင်လုပ်နေသေးတယ်။ ကြွက်ကသေနေရင်တော့ သူ့အလစ်မှာယူပြီးလွှင့်ပစ်လိုုက်ရတယ်။ နို့မို့ဆိုရင်ကြောင် ကလေးတွေကကုန်အောင် လည်းစားနိုင်တာမဟုတ်ဘူး။ အစအနတွေကျန်နေပြီး ပုတ်စော်နံနေရော။ လိုက်ရှာပြီး ရှင်းရပြန်ရော။ အဲဒါကြောင့်ကြောင်မကြွက်ချီလာရင် အိမ်ထဲအဝင်မခံပဲ မောင်းထုတ်ရတယ်။

အခုတလောတော့ ကြောင်မကြီးလည်းနို့ခွဲချင်ပြီလားမသိဘူး။ ကြောင်ကလေးတွေကိုသိပ်နို့လာမတိုက် တော့ဘူး။ ကိစ္စတော့မရှိဘူး။ သူတို့လည်းအစာကောင်းကောင်းစားတတ်နေပြီ။ ကြောင်စာလည်းစားတယ်။ ပုဇွန်ခြောက်မှုန့်နဲ့ ထမင်းနဲ့ နယ်ကျွေးရင်လည်းစားတယ်။ ရေလည်းသောက်တတ်နေပြီ။ ပလတ်စတစ် ထမင်းဗူးအဟောင်းလေးထဲ ရေထည့်ပြီးချထားပေးလိုက်တယ်။ သူတို့ရေဆာရင် အဲ့ဒီမှာလာသောက်တယ်။ အခုမှကိုဘအေးလည်းကြောင်တွေကို ကြည့်ရှု စောင့်ရှောက်ရတဲ့ အလုပ်တစ်ခုပိုလာပြန်တာပေါ့။ သမီးကတော့ ကိုဘအေးကိုကြောင်ဖိုးဖိုးတဲ့။ ကြောင်မကြီး ကတော့ မွေးပေးပြီးသွားလို့ သူ့တာဝန်ကျေ သွားပြီထင်ပါရဲ့။ ကိုယ်တွေကပဲသူတို့ကြီးပြင်းလာအောင်ကျွေးမွေး စောင့်ရှောက်ရဦးတော့မှာပေါ့။ တစ်ခါ ကအိမ်ကိုလာလည်တဲ့ မိတ်ဆွေအမျိုးသမီးတစ်ယောက်ကပြောတယ်။ သူတို့ကို အလှူခံပုဂ္ဂိုလ်တွေတဲ့။ ဒီတော့ကိုဘအေးလည်း ဒီလိုပဲသဘောထားပြီးဆော့တတ်လာပြီဖြစ်တဲ့ ကြောင်ခုတင်လေး တွေကိုထိန်းကျောင်းရင်း ဒါနတွေဆက်ပြုရဦးတော့မှာပေါ့ခင်ဗျာ။
(ဤစာစုကိုကြောင်စာဖိုးရအောင် ရေးသားပါတယ်။)

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *