News

ရောင်းတာ – ၀ယ်တာ – သတိထားပါ

အော်စကာ
မင်္ဂလာပါ ဘကြီးဖြိုး။

ဘကြီးဖြိုး
မင်္ဂလာပါကွယ်၊ 2013 နှစ်ဦးမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။ 0-1-2-3 အစီအစဉ်အတိုင်း တစ်နှစ်လုံး ကြီးပွား တိုးတက်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ကွယ်။

အော်စကာ
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ ဘကြီးဖြိုး၊ 2012 လည်း ကုန်ခဲ့ပြီဆိုတော့ 2013 မှာ ဘာလုပ်ငန်းတွေ လုပ်ရင် ကောင်းမလဲ ဘကြီးဖြိုး။

ဘကြီးဖြိုး
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကို ၂၊ ၁၁၊ ၂၀၁၂ နေ့မှာ ပြဌာန်းခဲ့ပြီး၊ နည်းဥပဒေ ကိုလည်း ရှေ့နေချုပ်ရုံး အပါအ၀င် ၀န်ကြီး ဌာနတွေနဲ့ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ကိုပါ သဘော ထား မှတ်ချက် တောင်းခံပြီး ပြဌာန်းတော့ မှာဆိုတော့ နိုင်ငံခြားနဲ့ အဆက်အသွယ် ရှာပြီး စီးပွားရေးတွေ လုပ်ပေါ့ကွယ်။

အော်စကာ
ပြောတော့သာ လွယ်တယ် ဘကြီးဖြိုး ရယ်၊ ကျွန်တော်လို နိုင်ငံခြား အလည် အပတ် လေးတောင် မရောက်ဘူးတဲ့ လူအနေနဲ့ ဘယ်လို အဆက်အသွယ် ရှာပြီး စီးပွားရေး လုပ်လို့ ရပါ့မလဲဗျာ။

ဘကြီးဖြိုး
ဒါဆိုလည်း ပြည်တွင်းဖြစ် စီးပွားရေးဘဲ လုပ်ပေါ့ကွာ။

အော်စကာ
ပြည်တွင်းဖြစ် စီးပွားရေးဆိုတာ ဘာလည်း ဘကြီးဖြိုးရေ၊ ရှင်းစမ်းပါဦး။

ဘကြီးဖြိုး
ဒေါ်လာ၊ ရွေှ၊ ကားနဲ့ အိမ်ခြံ၊ မြေ၊ လယ်ယာထွက် သီးနှံတွေ ၀ယ်လိုက်၊ ရောင်းလိုက် လုပ်တာပေါ့ကွာ။

အော်စကာ
ဟုတ်တယ်၊ ဘကြီးဖြိုးရ ဒီစီးပွားရေး တွေနဲ့ ပြည်တွင်းသူဌေးတွေ ဖြစ်သွားတာ များမှ များပဲ။

ဘကြီးဖြိုး
ဒါပေမယ့် ရောင်းမှား၊ ၀ယ်မှား မဖြစ်ဖို့တော့ လိုတာပေါ့ကွယ်။

အော်စကာ
ရှင်းပါဦး၊ ဘကြီးဖြိုးရဲ့။

ဘကြီးဖြိုး
မြေ ၀ယ်ရောင်း လုပ်ကြတဲ့ လူတွေ ပေါ့ကွယ်၊ အမှန်တကယ် လိုအပ်လို့ ၀ယ်ရောင်းတဲ့ လူတွေလည်း ပါတာပေါ့၊ ရောင်းတာ ၀ယ်တာ ဥပဒေနဲ့ မညီတော့ အမှားအယွင်းတွေ ဖြစ်ကြတာပေါ့ကွယ်။

အော်စကာ
ဥပမာ တစ်ခုလောက် ပြောစမ်းပါဦး ဘကြီးဖြိုးရဲ့။
ဘကြီးဖြိုး
အိမ်တွေ ခြံတွေဆိုတာ မရွေ့ မပြောင်းနို်င်တဲ့ ပစ္စည်းတွေ လေကွာ။ မရွေ့ မပြောင်း နိုင်တဲ့ ပစ္စည်းဆိုတာ အရပ် စာချုပ်နဲ့ အရောင်း အ၀ယ် လုပ်လို့ မရဘူး။ တရား မ၀င်ဘူး၊ အရပ် စာချုပ်နဲ့ လုပ်ရင် အရောင်းအ၀ယ် ပျက်တယ် ပေါ့ကွာ။

အော်စကာ
အရပ်စာချုပ် ဆိုတာ ရှင်းပါဦး ဘကြီးဖြိုးရဲ့။

ဘကြီးဖြိုး
အရပ်စာချုပ်ဆိုတာ စာချုပ်တံဆိပ်ခေါင်း တွေ ပြည့်ပြည့်စုံစုံ၊ လုံလုံလောက်လောက် မကပ်ဘဲ၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံ မတင်ဘဲ၊ အလွယ်တကူ စာချုပ် ချုပ်ဆို ရောင်းကြ၊ ၀ယ်ကြတာကို ပြောတာပေါ့၊

အော်စကာ
အဲ့ဒီတော့၊ တရား၀င်အောင် ဘယ်လို လုပ်ရမလဲ ဘကြီးဖြိုးရ။

ဘကြီးဖြိုး
ပစ္စည်း လွှဲပြောင်းခြင်း ဥပဒေပုဒ်မ ၅၄ အရ၊ ငွေကျပ် တစ်ရာနဲ့အထက် တန်ဘိုး ရှိတဲ့ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို မှတ်ပုံတင် စာချုပ်နဲ့ ပြုလုပ်မှသာ တရား ၀င်တယ်လို့ အတိအလင်း ပြဌာန်း ထားတယ်ကွ။

အော်စကာ
ဒီလိုဆို မှတ်ပုံတင် စာချုပ်နဲ့ဘဲ အရောင်းအ၀ယ် လုပ်တော့မယ် ဘကြီးဖြိုးရာ၊ မှတ်ပုံတင် စာချုပ်နဲ့ အရောင်းအ၀ယ် လုပ်ရင် တရား၀င် အတည်ဖြစ်ပြီ မဟုတ်လား ဘကြီးဖြိုး။

ဘကြီးဖြိုး
ဟုတ်တော့ ဟုတ်တယ်။ ဒါပေမယ့် မဟုတ်သေးဘူးကွ၊ ပြည့်ပြည့်စုံစုံ မဟုတ် သေးဘူးလို့ ဆိုတာပါကွာ။ ၀ယ်ပြီးမှ မှတ်ပုံ တင် စာချုပ် လုပ်လို့ မရတာတွေ ရှိတယ်။

အော်စကာ
ဘကြီးဖြိုးရယ် မျက်စေ့လည်သွားပြီ၊ ကျွန်တော်ကို သိပ်ရှုပ်အောင် မပြောနဲ့ ဘကြီးဖြိုးရဲ့၊ ငယ်ငယ်တုန်းက ၀င်္ကပါထဲ ရောက်ရင် ပြန် ထွက်တက်တာ မဟုတ် ဘူးဗျ။

ဘကြီးဖြိုး
ရှုပ်အောင် လုပ်တာ မဟုတ်ပါဘူး။ ရှင်းအောင် ပြောပါ့မယ်ကွယ်၊ ခုရှုပ်မှ နောင်ရှင်းဆိုတာ အမြဲမှတ်ထားကွ။

အော်စကာ
ဗို်င်းငင်သလို တစ်ပင်ချင်း ရှင်းပေးပါဦး ဘကြီးဖြိုးရာ။

ဘကြီးဖြိုး
အမှုတစ်မှု ရှိခဲ့ဘူးတယ်။ ကိုယ့်မိတ်ဆွေ အမျိုးသမီး တစ်ဦးက အိမ်၊ မြေ တစ်ကွက် ၀ယ်တယ်ကွာ အိမ်ခြံ မြေ ဆိုတာ တန်ဘိုး မသေးလှတော့ ရောင်းတဲ့ လူက တကယ် ပိုင်ဆိုင်မှု ရှိ၊ မရှိ စစ်တာပေါ့၊ ဂရန်မှာ အမည် ပေါက်၊ မပေါက် ၊ ပေါင်ထားတာရှိ၊ မရှိ၊ အရှုပ်အရှင်း ရှိ၊ မရှိ။ သူ တတ်သိ နားလည်သလောက် စာရွက်စာတမ်းတွေ သေချာ စီစစ်တယ်။

အော်စကာ
ဟုတ်ကဲ့။ စစ်ရမှာပေါ့ ဘကြီးဖြိုး။

ဘကြီးဖြိုး
မြေဂရန်မှာ ရောင်းသူ အမျိုးသမီးက သူ့နာမည် အပြင် သူ့ရဲ့ သားသမီး(၃)ဦး အမည်ကိုလည်း ထည့် ထားတယ်။ သား သမီး (၃) ဦးက အရွယ် မရောက်ကြသေး ဘူးလေ၊ အဲ့ဒါနဲ့ ရောင်းသူ အမျိုးသမီးက သူကိုယ်တိုင် လက်မှတ်ထိုးပြီး ရောင်းမယ်၊ သားသမီး တွေ ကိုယ်စား မိခင်အနေနဲ့ ရောင်းမယ်၊ ပြောတော့ ကိုယ့် မိတ်ဆွေ ၀ယ်တဲ့ လူကလည်း သဘောတူပြီး အရောင်း အ၀ယ် စာချုပ် ချုပ်ဆိုကြတယ်။ မြေနဲ့ အိမ်ကို ငွေအကြေ ပေးချေပြီး မြေနဲ့ အိမ်ကိုလည်း လက်ရောက် ရယူလိုက် တယ်။

အော်စကာ
ဒါပေါ့၊ မှန်တာပေါ့ ဘကြီးဖြိုးရယ်။

ဘကြီးဖြိုး
မဟုတ်ဘူး။ လိုသေးတယ် အရောင်း အ၀ယ် စာချုပ်ကို မှတ်ပုံတင်ဘို့ ကျန်သေးတယ်။

အော်စကာ
ဟာ ဟုတ်တာပေါ့၊ ဘကြီးဖြိုးရဲ့။

ဘကြီးဖြိုး
မြေဂရန်မှာ ရောင်းသူ အမျိုးသမီးအပြင်၊ သူ့ရဲ့သားသမီး (၃)ဦး ပူးတွဲ အမည်ပေါက် နေတယ်လေ။ မြေဂရန်မှာ အမည်ပေါက် နေတယ် ဆိုတဲ့ အဓိပ္ပါယ်က ဒီမြေကို ပိုင်တဲ့ လူက ရောင်းသူ အမျိုးသမီး တစ်ဦးတည်း မဟုတ်ဘူး။ သူ့ရဲ့ သားသမီး (၃)ဦးလည်း ပိုင်တယ်ဆိုတ့ဲ အဓိပ္ပါယ် ဖြစ်တယ်။ သူ့ရဲ့ သားသမီး (၃)ဦးကလည်း အရွယ်မရောက် ကြသေးဘူး။ အရောင်းအ၀ယ် စာချုပ် မှာလည်း ရောင်းသူအနေနဲ့ ရောင်းသူ အမျိုး သမီး တစ်ဦးတည်း လက်မှတ် ရေးထိုး ထားပြီး၊ အရွယ် မရောက်သေးတဲ့ သားသမီး (၃)ဦးက လက်မှတ် ရေးထိုးခွင့် မရှိသေးဘူးလေ။

အော်စကာ
စိတ်၀င်စားလာပြီ အဲ့ဒီတော့ ဘာဖြစ်လည်း ဘကြီးဖြိုး။

ဘကြီးဖြိုး
အရွယ် မရောက်သေးတဲ့ သားသမီး တွေရဲ့ ပစ္စည်းတွေကို မိဘတွေက အုပ်ထိန်းသူအဖြစ် ရောင်းချခွင့် မရှိဘူး။ ဒါကြောင့် မိဘတွေက အရွယ် မရောက် သေးတဲ့ သားသမီးတွေရဲ့ ပစ္စည်းတွေကို ရောင်းချခြင်း၊ ပေါင်နှံခြင်းပြုရင် အဲဒီ လွှဲပြောင်းမှုဟာ တည်မြဲ ခိုင်မာခြင်း မရှိ ပျက်ပြယ်တယ်။ အဲဒီ မူသဘောကို အေအာဗွီ ချစ်တီးကုန်တိုက်နှင့် မောင်လှကြီး အမှု (၆၊ ရန်ကုန် စာမျက်နှာ ၃၂၉) နဲ့ ရန်ဂျာခန်နှင့် မချစ် အမှု (အေအိုင်အာ၊ ၁၉၃၄၊ ရန်ကုန်၊ စာမျက်နှာ ၁၇၈)တို့မှာ လေ့လာ ကြည့်ရှုနိုင်ပါတယ်။

အော်စကာ
ဖတ်မနေတော့ပါဘူး ဘကြီးဖြိုးရာ ဆက်ရှင်းပါဦး။

ဘကြီးဖြိုး
အရောင်းအ၀ယ်စာချုပ်မှာ၊ ရောင်းသူ ဆိုရာတွင် ၄င်း၏ အမွေစား၊ အမွေခံ အပါအ၀င် ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ဖော်ပြထားတာက ရောင်းတဲ့ အမျိုးသမီးနဲ့သာ သက်ဆိုင်တယ်လေကွယ်၊ အရွယ်မရောက်သေးသူ သားသမီးများ ပိုင်တဲ့ပစ္စည်းနဲ့ သက်ဆိုင်ခြင်း မရှိဘူး။

အော်စကာ
အဲဒီတော့ ဘယ်လို ဖြစ်မလဲ ဆရာ။

ဘကြီးဖြိုး
ရောင်းတဲ့ အိမ်နဲ့ မြေမှာ ရောင်းတဲ့ ပိုင်ရှင်အမျိုးသမီးက ၄ ပုံ၊ ၁ ပုံဘဲ ပိုင်ပြီး ကျန်တဲ့ ၄ ပုံ၊ ၃ ပုံ ကို အရွယ် မရောက် သေးတဲ့ သားသမီးတွေက ပိုင်တာပေါ့။

အော်စကာ
ဟုတ်တာပေါ့၊ ရောင်းတဲ့ ဂရန်မြေမှာ (၄)ဦး အမည်ပေါက်နေတော့ တစ်ယောက် တစ်ပုံစီဘဲ ပိုင်တဲ့ သဘောပေါ့၊ ၀ယ်တဲ့ လူက ရောင်းသူအမျိုးသမီး ပိုင်တဲ့ အိမ်မြေရဲ့ တစ်ပုံကိုဘဲ ရခွင့် ရှိပြီး၊ ကျန် အရွယ် မရောက်သေးတဲ့ သားသမီး (၃)ဦး ပိုင်တဲ့ (၃)ပုံကို ရခွင့် မရှိတော့ဘူးပေါ့။ အဲ့ဒီတော့ ၀ယ်သူ နစ်နာတာပေါ့ ဘကြီး ဖြိုးရယ်၊ ဘယ်လို လုပ်ရမလဲ။

ဘကြီးဖြိုး
အရောင်းအ၀ယ် စာချုပ်မှာ ပါတဲ့ ပဋိညာဉ်အတိုင်း၊ ရောင်းသူက ရောင်းရန် သဘောတူထားတဲ့ ပစ္စည်းတစ်ရပ်လုံးကို လွှဲပြောင်း မပေးနိုင်တဲ့ ကိစ္စမှာ ပဋိညာဉ်ကို ဆောင်ရွက်နို်င်သမျှ ဆောင်ရွက်ပေးဖို့ သီးခြားသက်သာ အခွင့်ဥပဒေပုဒ်မ ၁၄နဲ့ ၁၅မှာ ပြဌာန်းထားပါတယ်ကွာ။

အော်စကာ
တော်သေးတာပေါ့ဗျာ။

ဘကြီးဖြိုး
ပဋိညာဉ် တစ်ရပ်လုံးကို မဆောင်ရွက် နိုင်လို့၊ မဆောင်ရွက်ဘဲ ချန်ထားရမည့် အပိုင်းဟာ ပဋိညာဉ် တစ်ရပ်လုံးရဲ့ သေး ငယ်တဲ့ အစိတ်အပိုင်း ဖြစ်ရင်၊ ပဋိညာဉ် အတိုင်း ဆောင်ရွက်နိုင်သမှျှ ဆောင်ရွက် စေပြီး သီးခြား သက်သာခွင့် ဥပဒေ ပုဒ်မ ၁၄ အရ၊ ကျန်သေးတဲ့ အစိတ်အပိုင်း အတွက် ငွေပေးလျော်ခွင့် ပြုနိုင်တယ်။
ဒါပေမယ့် သီးခြားသက်သာ ခွင့်လွှတ် ဥပဒေပုဒ်မ ၁၅ အရ မဆောင်ရွက်နိုင်တဲ့ အစိတ်အပိုင်းဟာ ပဋိညာဉ် တစ်ရပ်လုံးရဲ့ များပြားတဲ့ အစိတ်အပိုင်း ဖြစ်ရင် ပဋိညာဉ် အတိုင်း ဆောင်ရွက်ရန် ကိစ္စအနက် ဆောင်ရွက်နိုင်သမျှကို သီးခြားဆောင်ရွက် စေနိုင်ပြီး နစ်နာတဲ့အတွက် လျော်ကြေး ရပိုင်ခွင့်ကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။
ဒီမှာတော့ စာချုပ်အရ သီးခြား ဆောင်ရွက်ပေးနိုင်တဲ့ အပိုင်းက သေးတော့ သီးခြား သက်သာခွင့် ဥပဒေပုဒ်မ ၁၄၊ ၁၅ အရ မဆောင်ရွက် နိုင်ဘူး။ သီးခြား သက်သာခွင့် ဥပဒေပုဒ်မ ၁၇ မှာလည်း မဆောင်ရွက်နိုင်တဲ့ ပဋိညာဉ် တစ်ပိုင်း တစ်စကို သီးခြား ဆောင်ရွက်စေခြင်း မပြုရ လို့ ဆိုထားတယ်ကွဲ့။

အော်စကာ
ဒါဆို ၀ယ်သူက အိမ်၊ မြေကို လက်ရောက် ရပြီးပေမယ့် တရား၀င် မှတ်ပုံတင် စာချုပ် မချုပ်နိုင်တော့ဘူး ပေါ့နော်။

ဘကြီးဖြိုး
အဲ့ဒီလိုဘဲ သုံးသပ်နိုင်တာပေါ့ကွယ်။ ရောင်းသူ ၀ယ်သူတွေ အနေနဲ့ ဒီလို အချက်တွေ ရှိတယ်ဆိုတာလည်း သိထား သင့်လို့ ဥပဒေ ဗဟုသုတအနေနဲ့ ဘကြီးဖြိုးက ရှင်းပြတာပါကွယ်။

အော်စကာ
ignorance of law is no excuse ဆိုတော့ အမှားတွေ မဖြစ်အောင် ဥပဒေ အကြောင်း သိနိုင်သလောက် သိချင် ပါတယ်။

နောက်အပါတ်တွေမှာလည်း ဆက် ရှင်းပါဦး ဘကြိးဖြိုး ရယ်။

၁။ ဒေါ်သန်းစိန် ၂။ဒေါ်မြမြ (ခ) ဒေါ်မြမြချစ် နှင့် ဒေါ်အေးအေးကြည်ပါ (၃)၊ အမှုစီရင်ထုံး (၁၉၉၈ ခုနှစ်/ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၂၆၃ စုံညီ)ကို ကိုးကားပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *