News, Opinion

ရေလာမြောင်းပေး (ရေစီးရေလာကောင်းမွန်ရေး)

ဒီလအတွက် ပင်စင်သွား ထုတ်ရမယ်ဆိုတော့ အရင်လပင်စင်ထုတ်တုန်းက ဘဏ်ထဲကို သစ်သား တံတားကဖြတ် တက်ပြီးဝင်ခဲ့ရတာ သွားပြီးသတိရမိတယ်။ ဘဏ်ရှေ့မှာ ရေမြောင်းတွေ အသစ်တူးနေတော့ ဘဏ်ထဲကို ဝင်ဖို့ယာယီ သစ်သား တံတားလေးတစ်ခု လုပ်ပေးထားတာ၊အကျယ်လေးပေလောက်တော့ ရှိမယ်ထင်တယ်။ အဆောက်အဦးက နည်းနည်းလေး မြင့်တော့တက်ရဆင်းရတာ ဆင်ခြေလျောလေး ဖြစ်နေတယ်။ ဘဏ်ကိုပုံမှန် ဝင်ထွက်သွားလာနေတဲ့ Customer တွေရော ဘဏ်ဝန်ထမ်းမှာပါ မသန်စွမ်းတဲ့လူက ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ပင်စင်ထုတ်တဲ့ရက်မှာ ပင်စင်လာ ထုတ်တဲ့သူတွေက ကိုယ်စားထုတ်တဲ့ သူကလွဲရင် အသက် ၆၀ ကျော်အဖိုးကြီး အဖွါးကြီးတွေပဲ။

အထဲမှာတစ်ချို့က လူတွဲပြီး တချို့က တုတ်ကောက်နဲ့ လာကြတဲ့သူတွေ။ အဖေါ်မပါဘဲ တစ်ယောက်ထဲ တုန်တုန် ချိချိနဲ့ လာတဲ့သူလဲရှိတယ်။ ထက်ဝက်ကျော်လောက်ကတော့ သန်တုန်းမြန်တုန်းတွေ လို့ဆိုရပါမယ်။ ဘာပဲဖြစ်ဖြစ် သစ်သားတံတားလေးက နိမ့်လျှောလေးဖြစ်နေတော့ အတက်အဆင်း သတိတော့ ထားသွားရပါတယ်။အောက်မှာ လည်းအသစ်လုပ်တဲ့ ရေးမြောင်းက ကျယ်ပြီးနက်တော့ လိမ့်ကျသွားရင်တော့ မသက်သာပါ။ ဘဏ်က၀န်ထမ်း အမျိုးသမီးလေးတွေကလည်း တချို့အသက်ကြီးကြီး အဖိုးကြီး အဖွါးကြီးတွေကို လာပြီးတွဲခေါ်ကြပါတယ်။ သစ်သားတံတားကို ကျယ်ကျယ်လေး လုပ်ပေးထားတာကိုတော့ ကျေးဇူးတင်ပါတယ်။ တချို့နေရာတွေမှာဆိုရင် တစ်ပေအကျယ် လောက်ပဲရှိတဲ့ တံတားလေး ထိုးထားတာ တွေ့ရပါတယ်။ အဲ့ဒီလို တံတားမျိုးကိုတော့ ကိုဘအေး မကူးရဲပါ။

အောက်ကမြောင်းအကျယ်ရယ် မြောင်းအနက်ရယ် ကိုကြည့်ပြီး မကူးရဲတာ။အဲဒီတုန်းက ဘဏ်မှာတိုကင်ယူပြီးတော့ အိမ်ကဘာမှ မစားခဲ့ရသေးတာနဲ့ ဘဏ်ဘေးကပ်ရက် ရောင်းတဲ့လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်မယ်ပေါ့။ ကြည့်လိုက်တော့ မြောင်းကူးတံတားလေးက စောစောကပြောသလို တစ်ပေအကျယ် လောက်လေးရှိတယ်။ ကိုဘအေးလည်း မကူးရဲတာနဲ့ မလှမ်းမကမ်းက ကုန်သည်လမ်းဘက် ထွက်ပြီးလမ်းဘေး မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးစားလိုက်တယ်။ ပြီးတော့ လဘက်ရည်လေး တစ်ခွက်လောက် သောက်ဦးမယ်ဆိုပြီး ဆိုင်လိုက်ရှာလိုက် တာဘဏ်လည်း ပြန်ရောက်ရော  “ဦးလေးက ဘယ်တွေ သွားနေတာလဲ တိုကင်ခေါ်နေတာကြာပြီ”ဆိုပြီး အဟောက် ခံလိုက်ရပါတယ်။ ဒီနေရာမှာ ကြုံလို့ပင်စင် ထုတ်ရတဲ့စနစ် အမျိုးမျိုး ပြောင်းနေတာကို ပြောချင်တယ်။ အပြစ်အနေ နဲ့ ပြောတာတော့ မဟုတ်ပါဘူး။သူတို့လည်း ဘယ်ဟာ အဆင်ပြေမလဲ ဆိုပြီးနည်းလမ်း ရှာနေကြရတာပါ။ အဓိကကတော့မြန်မယ့်နည်းပေါ့။ Smart card တွေ ထုတ်ပေးပြီးတဲ့ နောက် ပိုင်း ကဒ်ပြားတွေ ထပ်ထားပြီးတော့ ထုတ်ပေးတဲ့စနစ်ကို သုံးပါတယ်။ အဲဒီအတိုင်း တော်တော်ကြာကြာ ထုတ်ပေး နေပြီးတော့မှ လွန်ခဲ့တဲ့နှစ်လ သုံးလလောက်က တိုကင်ယူတဲ့စနစ်ကို သုံးပါတယ်။

ဘဏ်ရဲ့အဝင်အဝမှာ စားပွဲနဲ့ထိုင် နေတဲ့ဝန်ထမ်းတွေဆီမှာ ကိုယ့်ပင်စင်ကဒ်ကိုပြပြီး တိုကင်စာရွက်လေးတစ်ပိုင်း ယူထားရပါတယ်။ ကျန်တဲ့တစ်ပိုင်းကို ပင်စင်ထုတ်ပေးတဲ့ ကောင်တာကို ပေးထားပြီး ကိုယ့်နံပါတ်ကိုခေါ်ရင်သွား ထုတ်ရပါတယ်။ အဲ့ဒီလို ထုတ်ပေးနေတဲ့ တစ်လနှစ်လလောက်မှာ ၁၀ နာရီလောက် ကိုယ်ရောက်တဲ့ အချိန်ဆိုရင် လူကတော်တော် ရှင်းနေပြီ။ ဒီစနစ်က မဆိုးဘူးဟဲ့လို့ပေါ့။ ကိုယ့်တိုကင်မှာ ကောင်တာ(၁)ရေးထားရင် ကောင်တာ(၁) ရှေ့မှာစောင့်၊ ကောင်တာ(၂)ရေးထားရင် ကောင်တာနှစ် ရှေ့မှာစောင့်၊ တိုကင်နံပါတ်ခေါ်ရင် ကွန်ပျူ တာရှေ့မျက်နှာ သွားပြ၊စလစ်ထွက်လာရင် လက်မှတ်ထိုးပေးလိုက်ပြီး ငွေထုတ်တဲ့ဆီက နာမည်ခေါ်ရင် သွားထုတ်ရုံပဲ။

ပြီးခဲ့တဲ့လကတော့ တိုကင်လည်းပေးတယ် ပင်စင်ကဒ်ကိုလည်း ထပ်ထားခဲ့ရတယ်။ တိုကင်နံပါတ် ခေါ်တဲ့အခါ လည်းခေါ်တယ်။ နာမည်ခေါ်တဲ့ အခါလည်းခေါ်တယ်။ အဲ့ဒီနေ့ကတော့ ဟိုအရင်တုန်းကလိုပဲ လူတွေတော်တော်များ ပါတယ်။ ကိုယ်အလှည့်ရောက်ဖို့ တော်တော်စောင့်လိုက်ရတယ်။ စနေ၊တနင်္ဂနွေရုံး ပိတ်ရက်ခံသွားလို့ ထင်ပါတယ်။ အခုတစ်ခေါက်တော့ တိုကင်မပေးတော့ပြန်ဘူး။ အစတုန်းကလိုပဲ ပင်စင်ကဒ်ကို ထပ်ထားရပါတယ်။

တနင်္လာနေ့ဆိုတော့ လူများနေပြန်တာပေါ့။ ကိုယ့်ရှေမှာ လူ ၃၀ လောက်တော့ရှိမယ်။ ကိုဘအေးလည်း ရေမြောင်းတူး တဲ့အကြောင်းကနေ ပင်စင်ထုတ်တာ ရောက်သွားတယ်။ ခွင့်လွှတ်ပါ။ ဒီလိုပဲ သစ်သားတံတားလေး သေးသေးလေး၊ ကျဉ်းကျဉ်းလေး၊ ဝါးတံတား ကျဉ်းကျဉ်းလေးတွေကို မကူးရဲပါ။ ကုန်းဘောင်ပြား ပေါ်မှာလည်းမကူးရဲပါ။ဒီကြားထဲ အောက်ကနက်နေမယ် မြင့်နေမယ်ဆိုရင် ပိုတောင်မကူးရဲပါ။ ကိုယ့်ကိုယ်ကို ဟန်ချက်မထိန်းနှိုင်တာပေါ့။ ကိုဘအေး ငယ်ငယ်တုန်းက(ငယ်ငယ် တုန်းကဆိုပေမဲ့ နိုင်ငံတော်ကောင်စီရုံးမှာ လုပ်နေပါပြီ ) ပြည်သူ့ကောင်စီ ခေတ်ပေါ့။ ရုံးပိတ်ရက်မှာ ပုသိမ်ကို ပြန်လာရင်းနဲ့  မြန်အောင်နယ်ပိုင်ဖြစ်နေတဲ့ ဦးလေးအုန်းကျော်ဆီကို  ညီဝမ်းကွဲခင်ဇော်နဲ့ အလယ်သွား ကြပါတယ်။ ပြည်သူ့ကောင်စီ ခေတ်ဆိုတော့ ဦးလေးက မြို့နယ်ပြည်သူ့ကောင်စီ ရုံးအဖွဲ့မှုးပေါ့။ နယ်ခံတွေကတော့ နှုတ်ကျိုးနေတဲ့အတိုင်း နယ်ပိုင်ကြီးလို့ပဲခေါ်တယ်။

ကိုဘအေးတို့ ညီအကိုရောက်သွားတော့ ကနောင်မြို့ကို ရုံးစစ်သွားဖို့ ကြုံတာနဲ့ ကိုဘအေးတို့လည်း မော်တော်နဲ့ လိုက်သွားကြတယ်။ ( မြစ်ကမ်းနဖူးမှာ တည်ရှိတဲ့မြို့နယ်ရုံးတွေမှာ နယ်ပိုင်ကြီး ခရီးထွက်ရင်စီးဖို့ မော်တော်တစ် စင်းရှိပါတယ်။ ပုသိမ်မှာဆိုရင် တိုင်းမင်းကြီးစီးဖို့ ရေကြောင်းဌာနတွေမှာ သုံးတဲ့ L boat-အယ်လ် ဘုတ်တစ်စီးရှိပါ တယ်) ဒီလိုနဲ့ ကနောင်ရောက်တော့ မော်တော်ပေါ်ကဆင်းဖို့ ကုန်းဘောင်လေး တစ်ခုထိုးပေးပါတယ်။ တစ်ပေအ ကျယ်လောက် ပျဉ်ပြားကို နှစ်တစ်လက်မ သစ်သားချောင်းလေးတွေနဲ့ အထစ်ကလေးတွေ ရိုက်ပေးထားပါတယ်။ ဒါပေမယ့် ကုန်ဘောင်ကဇောက်ထိုးကြီး ဖြစ်နေတော့ အဆင်းမတတ်တဲ့ ကိုဘအေးလည်း ဆင်းနေရင်းနဲ့ ကုန်းပေါ်ကို  ဟပ်ထိုးကြီး ပြုတ်ကျပြီး ဒူးတွေဘာတွေ ပွန်းသွားပါတယ်။ ဒါကြောင့် ဖြစ်ကတတ်ဆန်းလုပ်ထားတဲ့ မြောင်းကူး တံတားလေးတွေကို ကိုဘအေး မကူးရဲတာပါ။

ရန်ကုန်မြို့ထဲမှာတော့ ရေမြောင်းတွေ အသစ်လုပ်နေတာ နေရာအနှံ့ပါပဲ။ ဒါ့ကြောင့် ပလက်ဖေါင်းပေါ်ကလျှောက်လို့ မရပါ။ အုတ်ပုံသဲပုံ မြေကြီးပုံတွေကို ရှောင်ကွင်းပြီး လမ်းပေါ်ကပဲ လျှောက်ရပါတယ်။ တချို့လမ်းတွေမှာလည်းကား ရပ်ဖို့နေရာတွေကို ကွန်ကရစ် ခင်းပေးနေတာ တွေ့ရပါတယ်။ တချို့လမ်းမကြီးတွေကို ပိတ်ပြီးရေမြောင်းကြီး   တွေဖေါက်နေတာ တွေ့ရပါတယ်။ သိမ်ဖြူလမ်းမကြီးကို ဝန်ကြီးများရုံးဟောင်း ဘလောက်မှာ လမ်းပိတ်ပြီးမြောင်း ဖေါက်နေတာ ကြာပါပြီ။ မိုးရာသီကာလ မိုးသည်းထန်စွာ ရွာတဲ့အချိန်မှာ ရန်ကုန်မြို့တွင်း နေရာအနှံ့အပြားလမ်း များအပေါ် ရေကြီးရေလျှံ  ဖြစ်လေ့ရှိပါတယ်။ မိုးတွင်းတုန်းက ကိုဘအေး ပင်စင်သွားထုတ်တဲ့ တစ်ရက်မှာ ဘဏ်က ပြန်တော့ သူငယ်ချင်းတစ်ယောက်နဲ့ လဘက်ရည်သောက်ပြီး ပြန်အထွက် မိုးကသည်းကြီးမည်းကြီးရွာပါတော့တယ်။

သမီးကလည်း ဒံပေါက်ဝယ်ခဲ့ဖို့  မှာလိုက်တော့ အနောရထာလမ်းဘက်ရောက် လက်စနဲ့ဆူးလေက နီလာဒံပေါက်ပဲ ဝယ်ပြီး ဘိုကလေးဈေးမှတ် တိုင်ကနေ ကားစီးဖို့အောက်ဘက်ကို ပြန်လျှောက်ခဲ့တာမှာ မဟာဗန္ဓုလလမ်းတစ် လျှောက်ရေတွေဖွေးနေပါတယ်။ ပလက်ဖေါင်း အပေါ်ထိတောင် ရောက်နေလို့ဖြေးဖြေးပဲ လျှောက်လို့ရပါတယ်။ စိန်ဂေဟာရှေ့နဲ့  ဗိုလ်အောင်ကျော်လမ်းကိုဖြတ်တော့ ရေတွေပြည့်နေလို့ မနည်းသတိထားပြီး လျှောက်ရပါတယ်။တစ်ခုစိုးရိမ်တာက ရေတွေရှိနေတော့ အောက်ကိုမမြင်ရပဲ မြောင်းပေါက်ထဲကျွံကျမှာတို့ ခလုပ်တိုက်ပြီး လဲမှာတို့ကို ပါ။ မြို့ထဲမှာတော့ ရေကြီးတာကနေရာအနှံ့ပါ။ အခုတော့ အဲ့ဒိလိုရေကြီးရေလျှံမှုတွေ လျော့နည်းစေဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကန်ထရိုက်ပေးပြီး ရေးမြောင်းဟောင်း တွေနေရာရေမြောင်း အသစ်တွေ ပြန်လည်တူး ဖေါ်တာကို အခုလာမယ့် မိုးရာသီမတိုင်ခင် အပြီးတည်ဆောက်သွားမယ်လို့ သိရပါတယ်။

မြို့တွင်းဧရိယာ ခြောက်မြို့နယ်မှာ ပါဝင်တဲ့ ကျောက်တံတားမြို့နယ်မှာ မဟာဗန္ဓုလ ပန်းခြံလမ်း  (ဘားလမ်း) အလယ်ဘလောက်မှာလဲ အရင်ရေမြောင်း အကျယ်တစ်ပေခွဲ အနက်နှစ်ပေရှိတာ အခုရေမြောင်းအကျယ်လေးပေ အနက်သုံးပေ ကျယ်ဝန်းတဲ့ အုတ်စီကွန်ကရစ် ရေမြောင်းကို အငှားကန်ထရိုက် လုပ်ငန်းနဲ့လုပ်နေတာကို မြို့ထဲတစ် ရက်သွားရင်းနဲ့ တွေ့ခဲ့ရပါတယ်။ လသာလမ်း ၊ ရွှေဘုံသာလမ်း ဘက်တွေမှာလည်း တွေ့ခဲ့ရပါတယ်။ ရေးစီးအင်အား အနည်းအများ ပေါ်မူတည်ပြီးတော့ မြောင်းအကျယ် မြောင်းအနက်တို့ကို တူးဖေါ်နေကြရတာ ဖြစ်တဲ့အတွက် ရန်ကုန် မြစ်ထဲကို ရေစီးဝင်မှု နီးကပ်လာတဲ့ နေရာတွေမှာ မြောင်းအကျယ် ခုနှစ်ပေနဲ့အနက် ငါးပေးထိတောင် တိုးချဲ့တည် ဆောက်နေတယ်လို့ဆိုပါတယ်။ ရေမြောင်းလုပ်ပေးနေတဲ့ သူကလုပ်ပေးနေပြီး ရေမြောင်းထဲကို စည်းကမ်းမဲ့အမှိုက် မပစ်ဖို့ကတော့  မြို့သူမြို့သားတွေရဲ့ တာဝန်ပါ။ နို့မဟုတ်ရင် လုပ်တဲ့သူကဘယ်လောက် လုပ်ပေးပေး စည်းကမ်းမရှိ ရင်အရင်လိုပဲ မြောင်းတွေပိတ်ပြီး ရေလျှံဦးမှာပဲ။

မြို့တွင်းဧရိယာ ခြောက်မြို့နယ်ကတော့ မြို့တော်စည်ပင်ရဲ့ အစီအမံနဲ့ ဟန်ကျသွားပါပြီ။ ကိုဘအေးတို့ ဆင်ခြေဖုံး မြို့နယ်တွေကတော့ ကိုယ်ထူမှပဲ   ကိုယ်ထမှာပါ။ ကိုယ်မထူပဲ ကိုယ်ထမှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာတွေကတော့ လုပ်ပေးနိုင်ဖွယ်မမြင်ပါ။ မြန်မာမှာ “ရေလာမြောင်းပေး” ဆိုတဲ့စကားရှိပါတယ်။ လူမှုဆက်ဆံရေးမှာ ကိုယ်လိုရာ ရောက်စေဖို့ ဖြစ်စေဖို့  ဦးဆောင်နိမိတ်ပြ ပြောဆိုရတာကို (hint ပေးတာပေါ့) ဆိုလိုပါတယ်။ ရေလာအောင်မြောင်း ပေးရပါတယ်။ အခုလည်း ရန်ကုန်မြို့ကြီးမှာ ရေစီးရေလာ ကောင်းအောင်မြောင်းတွေ အသစ်တူးဖေါ်ဆောင်ရွက် ပေးနေပါပြီ။ လာမယ့်မိုးရာသီမှာ (မိုးကအခုတောင် ရွာမယ်တကဲကဲ ဖြစ်နေပါတယ်။) ရေကြီးရေလျှံမှု မဖြစ်တော့ပဲ မိုးတွင်းမှာလည်း သွားရေးလာရေးတွေ သာယာနေဖို့ မျှော်လင့်နေရကြောင်းပါခင်ဗျား။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *