Opinion

စီးပွားရေးသမားများ အကွက်တွေ့သည့် သင်္ကြန်ကာလ

ဘာလိုလိုနဲ့ နှစ်ကူးသင်္ကြန် အခါသမယသို့ မကြာခင်အတွင်း ချင်းနင်း၀င်ရောက်လို့ လာနေပါပြီ။ သင်္ကြန်ဆိုတာ မြန်မာတွေရဲ့ နှစ် တစ်နှစ်အစ ကူးပြောင်းသည့် အချိန် ဖြစ်သည့်အလျောက် စီးပွားရေးသမားများ အတွက်လည်း ဈေးကွက်မြှင့်တင်ရေးထက် ငွေကြေးမြှင့်တင်ရေးကို အလေးပေးတဲ့ အချိန်အခါ ဆိုရင်လည်း မမှားပါဘူး။ အဓိက ဘယ်လို လုပ်ငန်းရှင်တွေအတွက် သဘောခွေ့သလဲဆိုရင်ဖြင့် ခရီးသွား လုပ်ငန်း လုပ်ကိုင်သော စီးပွားရေး သမားများအတွက် စားသုံးသူတွေကို အလေးမထား ကိုယ့်ရဲ့၀န်ဆောင်မှုကို မြှင့်တင်ဖို့ မစဉ်းစားပဲ ငွေကြေးတစ်ခုသာ မြှင့်တင်ဖို့ ကြိုးစားနေကြခြင်း သာလျှင် ဖြစ်နေပါတယ်။

စားသုံးသူဆိုတာဟာ ထုတ်လုပ်မှု ပြုဖို့ သို့မဟုတ် ပြန်လည်ရောင်းချဖို့ မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင်သုံးစွဲမှုအတွက် ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို ၀ယ်ယူသူပဲဖြစ်တယ်လို့ ဘောဂဗေဒ သီအိုရီက ဖွင့်ဆိုထားပါတယ်။ ဒီနေရာမှာ စားသုံးသူအုပ်စုထဲကို ထည့်သွင်းနိုင်စရာ ရှိတာကတော့ ၀န်ဆောင်မှု တစ်ခုခုကို အဖိုးအခ ပေးပြီး ငှားရမ်း သုံးစွဲသူတွေပဲ ဖြစ်ပါတယ်။ ခရီးသွားယာဉ် တစ်ခုခုကို စင်းလုံးငှား၍ ဖြစ်စေ၊ မိမိတစ်ကိုယ်စာ လက်မှတ်၀ယ်ပြီး စီးနင်းခြင်းဖြင့် ဖြစ်စေ ၀န်ဆောင်မှု ရယူသူတွေကိုလည်း စားသုံးသူအဖြစ် သတ်မှတ်သင့်ပါတယ်။ ဒီအကြောင်းအရာလေးတွေ နိဒါန်း ပျိုးရတာကတော့ ကျွန်မတို့နိုင်ငံရဲ့ စားသုံးသူတွေရဲ့ အခြေအနေကို လေ့လာ ဆန်းစစ်စေချင်တဲ့အတွက်ပါ။ တကယ်တော့ ပြည်သူတွေဆိုတာ စားသုံးသူတွေပါပဲ။ လူတစ်ယောက်ဟာ ကိုယ်တိုင် ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်နေချိန်မှာ ထုတ်လုပ်သူ၊ ရောင်းချသူနေရာမှာ ရှိနေပေမယ့် သူလိုအပ်တာတွေ ၀ယ်ယူ သုံးစွဲရချိန်မှာတော့ ဒီလိုလူဟာလည်း စားသုံးသူပဲ ဖြစ်ပါတယ်။

ဒါကြောင့် စားသုံးသူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး ဆိုတာတွေကလည်း လူအများစုရဲ့ အခွင့်အရေး တစ်ရပ်လို့ ပြောရမှာပါ။ စားသုံးသူဘက်က မကြည့်ပဲ ရောင်းချသူဘက်က ကြည့်မည်ဆိုလျှင် အမြတ်အစွန်းများသည် လုပ်ငန်း တစ်ခုအတွက် လွန်စွာမှ အရေးပါကြောင်းကို ကျွန်မတို့ သိရှိ နားလည်ထားကြသကဲ့သို့ အမှန်တကယ်ပင် ထိုအရာများကသာလျှင် လုပ်ငန်း လည်ပတ်နေနိုင်ရန်နှင့် တာရှည်ခံနိုင်အောင် ပြုလုပ်ပေးသည့် အရေးကြီးသည့် အစိတ်အပိုင်းများ ဖြစ်ကြောင်း လွန်စွာမှ အရေးပါတယ်ဆိုတာ သိရှိပြီး ဖြစ်ပါသည်။ မည်သည့် စီးပွားရေး လုပ်ငန်း၌မဆို ဈေးနှုန်း တန်ဖိုးသည် အလွန် အရေးပါတဲ့ အခန်းကဏ္႑က ပါ၀င်ပြီး အကျိုးအမြတ် ရရေး၌လည်း အခြေခံကျသည့် အချက်ဖြစ်ပါသည်။ ဒါပေမယ့် မှန်ကန်သော တရားနည်းလမ်းကျ ဖြစ်ဖို့တော့ လိုမည်ထင်ပါသည်။ လုပ်ငန်းလုပ်သူတိုင်း ဈေးကွက် စီးပွားရေးရာ နည်းနာများအရာ၌ ရောင်းအားကို ဖြစ်ပေါ်စေမည့် P လေးလုံး အကြောင်းကို သိရှိပြီး ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါသည်။ ထုတ်ကုန်ဆိုတာ စားသုံးသူများ လိုအပ်လျက်ရှိသောအရာ တစ်စုံတစ်ခုကို ရောင်းချပါဆိုတာပဲ ဖြစ်သလို ဈေးနှုန်းတန်ဖိုးအတွက် စားသုံးသူများဘက်မှ လိုလိုလားလား ပေးနိုင်သော နှုန်းထားတစ်ခုဖြင့် ရောင်းချပါသို့ဆိုလျှင် သင်ရဲ့ အမြတ်အစွန်းတွေ တကယ် ရရှိလာပါမည်။ P လေးလုံးထဲက ဒုတိယ အကြောင်းအရာလေးကို ပြောချင်လို့ပါပဲ။ လူတိုင်း သိကြတဲ့ အတိုင်းပါပဲ။ သင်္ကြန်မတိုင်ခင် ဈေးနှုန်း သတ်မှတ်ချက်ထက် ပိုမို ရောင်းချသော အရာများက ဘယ်အရာတွေလည်းဆိုတာ ခရီးသွားသူ၊ နယ်ပြန်သူ၊ နယ်မှ ပြန်လာသူများ၊ အရေးပေါ် ခရီးသွား သူများ သိရှိပြီး ဖြစ်မည်ထင်ပါသည်။ သင်္ကြန်ကာလ မတိုင်ခင် ဈေးနှုန်းတွေ အဆမတန် တိုးမြှင့်ရောင်းချသည်မှာ မည်သူကို မည်သို့ သွားရောက် ပြောကြား ရမည်ဆိုတဲ့ စည်းကမ်းချက်လေးတွေကိုလည်း သိချင်နေမိပါသည်။

သင်္ကြန်မတိုင်ခင် ခရီးသွားသူများ များပြားနေမည် ယူဆမိသဖြင့် နယ်သို့ သွားရန်အတွက် တစ်လ ကြိုတင် ကားလက်မှတ် ဖြတ်သည့်အခါ မကြုံဖူး ၀ယ်ဖူးမှ သိဆိုသလို ကားလက်မှတ်များ ၂ ဆလောက် တက်နေတာကို ကြုံရ ပါတော့သည်။ တစ်လ ကြို၀ယ်တာတောင် ဒီလောက်တက်နေရင် ခရီးသွားခါနီး ၀ယ်မည်ဆိုလျှင်တော့ လက်လုပ် လက်စား သမားများအတွက် အတော် အခက်အခဲ ဖြစ်နေမည်ကို တွေးကြည့် မိပါသည်။ ခရီးသွား လုပ်ငန်းအတွင်း ဈေးကွက် ဈေးနှုန်းများကို ယခင်က သတ်မှတ်ဈေးထက် ပိုမို ကောက်ခံ ရောင်းချနေသည်မှာ အထက်က ရောင်းခိုင်းလို့လား၊ ဒါမှမဟုတ် သင်္ကြန်မတိုင်ခင် ဈေးတက်ရမယ်လို့ ကနဦးထဲက ထုံးစံ ရှိနေလို့လားဆိုတာကို စဉ်းစားမရ ဖြစ်နေမိပါသည်။ ဒီလိုအချိန်မှ အမြတ်အစွန်း မရရင် ဘယ်လို အချိန်မှာ ပိုမို ရရှိနိုင်ပါသလဲဆိုတာ ရောင်းချသူတွေအနေဖြင့် တွေးမိကောင်း တွေးမိကြမည် ဖြစ်ပါသည်။ ဒီလို အနေအထားတော့ စားသုံးသူဘက်က ကြည့်လျှင်တော့ မဖြစ်သင့်ဘူးလို့ မြင်မိပါသည်။

ခရီးသွား ၀န်ဆောင်မှုပေးတ့ဲ လုပ်ငန်း တွေမှာ ထိုင်ခုံအပြည့် လက်မှတ် ရောင်းပြီးမှ ကြားခုံတွေ ထိုးကာ လူပို တင်တာတို့၊ စီးနင်းလိုက်ပါသူတွေ အသက် မရှူဝံ့လောက်အောင် မော်တော်ကားကို တရကြမ်းမောင်းတဲ့ အဖြစ်မျိုးတွေလည်း ရှိပါသေးသည်။ ဒီလိုအချိန်မှ ကိုယ် သွားချင်တဲ့နေရာ သွားကြရတာ ဆိုတော့လည်း ခရီးသွားများကတော့ ရရင် ရသလို စီးကြတာများပါသည်။ ဒါကြောင့် စားသုံးသူတွေရဲ့ အခွင့်အရေးဆိုတာဟာ လူအများစုရဲ့ အခွင့်အရေးလို့ပဲ ပြောလို့ ရမှာပါ။ ယခု ကျွန်မတို့နိုင်ငံမှာ စားသုံးသူ အခွင့်အရေးအတွက် လူသိရှင်ကြား တိုင်တန်း ဖောက်ထုတ်မှုတွေ တရားစွဲဆိုမှုတွေ မရှိပေမယ့် စားသုံးသူတွေအနေနဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေကတော့ အနည်းနဲ့ အများကတော့ ရှိနေတာကို တွေ့နေရပါသည်။

တချို့ ပစ္စည်းတွေအတွက် အာမခံချက်လို့ခေါ်တ့ဲ Warranty Cardတွေ ရှိနေသလို ပစ္စည်းအတော် များများအတွက်တော့ ၀ယ်ပြီး မကောင်း၊ မသုံးနဲ့ ပေါ့လို့ ပြောနေသလို အာမခံချက် ဆိုတာ ဘယ်နားရောက်နေမှန်း မသိရသလို ဆိုင်တွေရဲ့ တစ်ခွန်းဆိုင်လို့ ချိတ်ဆွဲထားသည်များအပြင် ၀ယ်ပြီးပစ္စည်း ပြန်မလဲပါ ဆိုတဲ့ အသုံးအနှုန်းတွေကြောင့် စားသုံးသူများရဲ့ ၀ယ်ယူ နှောင့်နှေးမှုများကိုလည်း ဖြစ်ပေါ်စေပါသည်။ အာမခံ မရှိသော ပစ္စည်းများကို ၀ယ်ယူ သုံးစွဲရခြင်းကြောင့် စားသုံးသူများရဲ့ အပိုကုန်ကျမှုများလည်း ဆင့်ကဲ ဆင့်ကဲ ဖြစ်ပွားလျက် ရှိနေပါ သည်။ ရပ်ကွက်အတွင်းမှ တချို့ ဆိုင်များသည်လည်း အကြေွအမ်းစရာ မရှိသဖြင့် ပေးလိုက်သော ပိုက်ဆံအလိုက် ကုန်ပစ္စည်းများကို ၀ယ်ယူနေခြင်းကိုလည်း နေ့စဉ်နဲ့အမျှ တွေ့ကြုံနေရခြင်းလည်း ဖြစ်ပါသည်။ အမ်းစရာ မရှိဟုဆိုကာ ကော်ဖီမစ်အမ်းလိုက်၊ တချို့နေရာလိုက် ဆိုင်များတွင် ဈေးနှုန်းချိုသာသော တစ်သျှူးများကို အကြေွ အမ်းစရာ မရှိဟုဆိုကာ စားသုံးသူများကို ပြန်လည် ပေးနေသည် ကိုလည်း မြင်တွေ့နေရပါသည်။ စားသုံးသူများ ဘက်မှလည်း အကြေွမရှိလျှင် ယခုလိုမျိုး တစ်သျှူးများ၊ သကြားလုံးများ ပြန်လည် ပေးမည် ဆိုလျှင်ကော ရောင်းချသူများ ဘက်မှ မည်သို့ မည်ပုံ တုန့်ပြန်မည်နည်း။ လုပ်ငန်းအားလုံးတွင် စားသုံးသူများ အလိုရှိသော ကုန်ပစ္စည်းများကို လိုချင်သော အချိန်၊ လိုချင်သော ဈေးနှုန်းအတိုင်း အခြေအနေ အရည်အသွေးများ ရရှိနိုင်ရန် မှာ ကောင်းမွန်သော ရောင်းချသူများအပေါ်တွင် အပြည့်အ၀ မှီခိုနေသည်ဆိုတာ စားသုံးသူများဘက်မှ အပြုသဘောဖြင့် ရေးသား တင်ပြ လိုက်ရခြင်းပင် ဖြစ်ပါတော့သည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *