News, Opinion

စာပေချစ်မြတ်နိုးသူများတိုင်း ဖတ်သင့်သောစာအုပ်

စာပေချစ်မြတ်နိုးသူများတိုင်း ဖတ်သင့်သောစာအုပ်

ခုတစ်လော ဘာမှမရေးဖြစ်သလို အရင်က စာမဖတ်ရင်မနေတတ်တဲ့ ကျွန်မ၊ ခုတော့ ဘာမှလည်းမလုပ်ချင်၊ ဘာမှလည်းမဖတ်ချင် ဆိုတဲ့အတိုင်း ဘာမှမလုပ်ပဲ နေကြည့်မိတယ်။ ဒါပေမယ့် စာမဖတ်ပဲ အိပ်မပျော်တဲ့အတွက် စာလေးတော့ နည်းနည်းဖတ်ဖြစ်တယ်။ စာဖတ်ရင်းလည်း တွေးနေမိသေးတယ်။ စာအုပ်ခေတ်ကုန်တော့မည်လားလို့ လူအများအငြင်းပွားဖွယ် ဖြစ်နေချိန် ကျွန်မကတော့ စာဖတ်ရင် လက်ကကိုင်ပြီး ဖတ်တတ်တဲ့အကျင့်ကိုတော့ ခုထိမဖျောက်နိုင်သေးပါဘူး။ လူတော်တော်များများက အင်တာနက် အသုံးပြုရင်း အီးဘုတ်တို့ PDF ဖိုင်နဲ့စာအုပ်တွေ ဖတ်တယ်လို့ ဆိုလာချိန်မှာလည်း ကျွန်မကတော့ လက်ကကိုင်ပြီး ဖတ်ရမှ အားရမိတယ်။ စာအုပ်တွေလက်က ကိုင်ပြီး ဖတ်တော့ ကိုယ်ရပ်ချင်တဲ့နေရာ ရောက်ရင် ခဏမှတ်ထား၊ လိုချင်တဲ့အချက်ကို မျဉ်းစားတတ်တဲ့ အကျင့်တွေနဲ့ အံကိုက်ဖြစ်နေမိတာကိုး။ လက်ကကိုင်ဖတ်မှ စာဖတ်အရသာခံစားမိတော့ တကယ့်စာဖတ် အနှစ်သာရကို အပြည့်အဝခံစားရတယ်လို့ ထင်မြင်မိပါတယ်။ ဒီတော့ ခုထိ ဒီတိုင်းကိုင်ဖတ်နေတုန်းပါပဲ။ လက်က စာအုပ်ကိုင်ဖတ်တယ်ဆိုလို့ အထင်တော့မကြီးလေနဲ့။ မဝယ်နိုင်တဲ့ဘဝမို့ လက်ဆောင်ရတဲ့ စာအုပ်တွေ၊ ဂျာနယ်တွေ၊ စာစောင်တွေကိုပဲ ဖတ်နေဖြစ်တာပါ။ တစ်ခါတလေ စာအုပ်ဈေးပွဲတော် လိုမျိုးပွဲတွေရှိရင်တော့ ပျော်မိတယ်။ အဲလိုချိန်ဆို လိုချင်တဲ့စာအုပ်တွေကို ဈေးပေါပေါနဲ့ရနိုင်တယ်ဆိုတော့ ဝယ်ဖြစ်ပါတယ်။ အိမ်ကတောင်ကြာတော့ ပြောလာတယ်။ နင်မနေနဲ့တော့ နင့်စာအုပ်တွေနဲ့ ပြည့်နေတာပဲတဲ့လေ။ ဒါပေမယ့် ကျွန်မကတော့ အရေးအသား ကြိုက်ပြီးဆိုရင် ခဏခဏ ကိုင်ဖတ်ဖြစ်တယ်။ အဲဖတ်ပြီးတဲ့စာအုပ်တွေ၊ ဂျာနယ်တွေကိုတော့ ပရဟိတသွား လုပ်တဲ့အခါ ကျွန်မ ပြန်လည်ဝေမျှဖြစ်ပါတယ်။ ကျွန်မပေးလိုက်တဲ့ ဘာမဟုတ်တဲ့ စာအုပ်လေးတွေကို တယုတယနဲ့ လက်ခံပြီး သေသေချာချာဖတ်ရှုတာ မြင်ရတဲ့အခါ ကျွန်မ မျက်ရည်လည်အောင် ဝမ်းသာမိပါတယ်။ ကျွန်မရဲ့အကျင့်တစ်ခုကတော့ နှစ်ခုရှိရင် သူများကိုတစ်ခုပေးရမှ ကျေနပ်တတ်တဲ့အကျင့်ပါပဲ။ နောက်တစ်ချက်က ကိုယ့်အတွက်အသုံးမဝင်ရင် သူများအတွက် အသုံးဝင်မှာဆိုတဲ့အတွက် အမြဲတွေး ဖြစ်တယ်။ တစ်ခါတလေ သူများ ပရဟိတလုပ်လို့ ကိုယ့်မလုပ်ရရင် ကိုယ့်ဘဝ ကိုယ်အားမရဘူး။ ဘာကြောင့် သူများလို မလှူတန်းနိုင်ရတာလဲလို့လည်း စိတ်ကဖြစ်မိတယ်။ ခုတစ်လောဖတ်ဖြစ်တဲ့ စာအုပ်တွေလည်း ရှိပါတယ်။ အများအားဖြင့်က ကိုယ်ပိုင်စာအုပ်တွေများတယ်။ စာအုပ်စင်လေးလုပ်ချင်တာလည်း ခုထိ မလုပ်နိုင်သေးပါဘူး။ ငှားဖတ်ချင်တဲ့သူတွေအတွက်လည်း ပေးဖတ်ဖြစ်ပါတယ်။ အများအားဖြင့်တော့ အပြင်မှာမရှိတဲ့ စာအုပ်တွေကိုတော့ မဝယ်နိုင်တဲ့အတွက် အီးဘုတ်တွေဒေါင်းပြီး ဖတ်ပေးမယ့် အင်တာနက် အမြဲမသုံးနိုင်သလို ကွန်ပျူတာရှေ့လည်း အချိန်ပြည့်မထိုင်နိုင်တဲ့ အတွက်ကြောင့် သိပ်ပြီးမဖတ်ဖြစ်မိဘူး။ တစ်ခါတလေ အွန်လိုင်းကနေ သူငယ်ချင်းတွေပို့ပေးတဲ့ အီးဘုတ်တွေလည်း ဒေါင်းပြီးဖတ်ချင်တဲ့အခါနဲ့ ကွန်ပျူတာသုံးနိုင်တဲ့အချိန်ကို အလုအယက်ဖတ်နေရတော့ အဆင်သိပ်မပြေလှပါဘူး။

စာတွေလည်း ရေးချင်စိတ်မရှိပေမယ့် တစ်ခါတလေ ဟိုမရောက်ဒီမရောက် မတောက်တခေါက်ကလေးနဲ့ ကဗျာမဟုတ် ဘာမဟုတ်တာလေးတွေ စိတ်ကူးတည့်ရာ ရေးကြည့်မိတာကို ဝိုင်းဝန်အားပေးကြတာ တွေ့ရပြန်တော့ ရေးချင်စိတ်မရှိတဲ့စိတ်က အလိုလိုရေးချင်စိတ် ပြန်လည်ဖြစ်လာတယ်။ စာရေးတတ်လားဆိုတော့ မရေးတတ်ပါဘူး။ စာဖတ်အားပဲ သန်ခဲ့တာ။ စာအုပ်တွေဖတ်ပြီး စဉ်းစားခန်း ဝင်ရတာလည်း အမောပါပဲ။ ဒါနဲ့ဖတ်ချင်ရင် မနောမှာရှိတဲ့စာအုပ်တွေ ငှားဖတ်နိုင်ပါတယ်။ ရှိတဲ့ စာအုပ်တွေ ကတော့ သူများ ကြိုက်မကြိုက်တော့ မသိဘူး။ ခုနောက်ပိုင်းစာရေးဆရာ စာအုပ်တွေတော့ မရှိပါဘူး။ ဖတ်ဖြစ်ခဲ့တဲ့စာအုပ်တွေထဲက စာအုပ်တစ်အုပ်အကြောင်း ကျွန်မ ပြောပြပါရစေ။ စာအုပ်နာမည်ကတော့ နေမင်းတစ်ထောင်ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်။ နေမင်းတစ်ထောင်ဆိုတဲ့ စာအုပ်ကတော့ ဆရာ ဆင်ဖြူကျွန်းအောင်သိန်း ရေးသားထားပြီး အမျိုးသားစာပေဆုရထားတဲ့ မြန်မာပြည်ကြီးရဲ့ သမိုင်းကြောင်း အစဉ်အဆက်ကို ကောင်စီခေတ်ထိ ရေးသားထားတဲ့စာအုပ် ဖြစ်ပါတယ်။ စာအုပ်ကတော့ ရေးသားထားတာ ၉အုပ်ရှိပြီး ထုတ်ဝေခွင့်ရခဲ့တာကတော့ ၈အုပ်ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်အစက မြန်မာပြည်ကို ဘယ်သူတွေ လွှမ်းမိုးခဲ့တယ်။ ဘယ်အချိန် ဘယ်ဒေသမှာ ဘယ်သူခေတ်မှ ခေတ်အဆက်ဆက်နဲ့ ဆေးမင်ကြောင် ဘယ်ခေတ်က စတင် ထိုးကွင်းမင်ကြောင်များ ဖြစ်လာတာစတဲ့ မနောတို့လို မသိခဲ့ မမြင်ခဲ့ မကြားခဲ့ဖူးတဲ့သူတွေအတွက် မြန်မာပြည် အနေအထားကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နေရသကဲ့သို့ ဖတ်ရှုရတဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။ ဖြစ်နိုင်ရင်တော့ အိမ်တိုင်းမှာ ကိုယ်ပိုင်စာအုပ်အနေနဲ့ရှိနေသင့်တယ်လို့ မနောပြောချင်ပါတယ်။

စာအုပ်ပါ အကြောင်းအရာတွေက ဇာတ်အဖွင့်မှာစပြီး စိတ်ဝင်စားဖွယ် ဆွဲဆောင်မှုရှိတာကို တွေ့ရှိရပါတယ်။ ကုန်းဘောင်မင်းဆက် နောက်ပိုင်းမှာ အင်္ဂလိပ်နယ်ချဲ့များ မြန်မာနိုင်ငံကို ကျွန်ပြု လွှမ်းမိုးနိုင်ရန် ကျူးကျော်စော်ကားလာပုံ နောက်ခံသမိုင်းမှစပြီး ဇာတ်အိမ်တည်ထားတာကို ဖတ်ရှုမိပါတယ်။ ရှေးခေတ် မြန်မာဓလေ့ မြန်မာ့စရိုက်၊ ရွာဓလေ့ ရွာ့စရိုက်၊ မြန်မာ့အတွေးအမြင်၊ မြန်မာ့ယဉ်ကျေးမှု၊ ဒေသန္တရဗဟုသုတ၊ ဘုန်းကြီးကျောင်းသင် ပညာရေး၊ ဘုန်းကြီးကျောင်းသား ဘဝ၊ မြန်မာဂီတ၊ မြန်မာစာပေ၊ နန်းတွင်းဓလေ့၊ နန်းတွင်းယဉ်ကျေးမှု၊ တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းပါဝင်သည့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ ခုခံရေးတိုက်ပွဲများ၊ တော်လှန်သောတိုက်ခိုက်မှုများ၊ ကြီးမြတ်သောသူရဲကောင်းတို့၏ သဘောထား၊ မဟုတ်မခံ မှန်သောသတ္တိ၊ အမျိုးသားသစ္စာဖောက်တို့၏ နိမ့်ကျသောစိတ်ထား၊ မတရားအနိုင်ကျင့်သူတို့၏ နိမ့်ကျသော လုပ်ရပ်များ၊ မျိုးချစ်စိတ်၏ ဂုဏ်ယူမြတ်နိုးဖွယ်များကို ကျယ်ပြန့်သော ဇာတ်လမ်းဇာတ်ကွက်များဖြင့် ကိုယ်တိုင် မြင်တွေ့နေဘိသကဲ့သို့ ဖတ်ရတဲ့အတွက် စာပေရဲ့ အနှစ်သာရကို အမှန်တကယ်ရရှိမိပါတယ်။ အလွန် ရက်စက်သော လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ လှုပ်ရှားမှု၊ နောက်ပါတီအဖွဲ့အစည်းများ အကြောင်း အရာများအပြင် ဒီဝတ္ထုရဲ့ သက်တမ်းက နှစ်ပေါင်းရာကျော် ရေးဖွဲ့ထားတာကို တွေ့ရှိရပါတယ်။ ပဒေသရာဇ်မင်းငါးဆက်ခေတ်၊ ကျွန်ခေတ်၊ စစ်အတွင်းဖက်ဆစ်ခေတ်၊ လွတ်လပ်ရေးခေတ်၊ ပြည်တွင်း စစ်ခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တို့ကို ဖြတ်သန်းဖော်ပြထားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးဓလေ့များကိုလည်း ဖော်ကျူးထားတဲ့အပြင် အမျိုးသားစိတ်၊ အမျိုးသားအားမာန်တို့ကိုလည်း ပေါ်လွှင်အောင် ပုံဖော်ထားနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။ အဖေမှသား၊ သားမှမြေး၊ မြေးမှ မြစ်၊ မြစ်မှ တီ တစ်ဆင့်ပြီးတစ်ဆင့် ဇာတ်လမ်းဟာကွက်မရှိပဲ ကျွန်မလိုပိန်းတဲ့သူတောင် ကိုယ်တိုင်ပါဝင်လှုပ်ရှားနေသကဲ့သို့ နားလည်ခံစားနိုင်အောင် ရေးဖွဲ့ထားပုံကတော့ တကယ့်ကိုအံ့မခန်းလို့ ကျွန်မပြောချင်ပါတယ်။ ဒီစာအုပ် ဖတ်မိမှသာ မြန်မာပြည်မှာနေပြီး ဘယ်ချိန်က ဘယ်လိုဖြစ်ခဲ့တာဆိုတာကို သိမှတ်ခဲ့ရတဲ့အတွက်လည်း ကျွန်မအတွက်တော့ အလွန်အဖိုးတန်တဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ပြောလိုက်ရပါတော့တယ်။
စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့အတိုင်း ရတဲ့အချိန်လေးတွေမှာ စာဖတ်ကြပါလို့ ဒီနေရာကနေ တိုက်တွန်းလိုက်ပါရစေ……

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *