ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက် – ရန်ကုန်ဆိပ်ကမ်းအနီးရှိ Monkey Point ဟု လူသိများသော သောင်ခုံအား တူးဖော်ဆယ်ယူမှုများ ပြုလုပ်ရန်အတွက် Starhigh Asia Pacific Pte., Ltd.သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သောင်တူးဖော်မှုသည် ရေလမ်းကြောင်းများနှင့် ဆိပ်ကမ်းများတွင် အနည်ကျမှုကြောင့် ဖြစ်ပေါ် လာသော နုန်းနှင့် အမှိုက်သရိုက် အပျက်အစီး အစနများကို ဖယ်ရှားခြင်းဖြစ်ပါသည်။
ရန်ကုန်မြစ်အတွင်း သောင်တူးမှုသည် သင်္ဘောများ သွားလာရေး ပိုမိုကောင်းမွန်စေမည်ဖြစ်ပြီး ဆိပ်ကမ်းအနီး ရေကြောင်းသွားလာမှု လမ်းကြောင်းပိတ်ဆို့မှုကို လျှော့ချပေးမည် ဖြစ်သည်။ ယခင်က ရန်ကုန်မြစ်သည် အလွန်တိမ်သောကြောင့် သင်္ဘောများအနေဖြင့် ဒီရေတက်သည့် အချိန်တွင်မှာသာ ဝင် ၊ ထွက်သွားလာနိုင်ခဲ့ပါသည်။ အဆိုပါစီမံကိန်းကို မတ်လ ၃၀ ရက်တွင်စတင်ခဲ့ပြီး ဧပြီလ ၁၀ ရက်တွင် အပြီးသတ်ခဲ့ပါသည်။ Monkey Point ရေလမ်းကြောင်း အနက်ကို ၃.၅ မီတာမှ ၅.ဝ မီတာအထိ ၁.၅ မီတာ တိုးချဲ့နိုင်ခဲ့ပါသည်။
“ရန်ကုန်မြစ် တူးဖော်ဆယ်ယူမှုဟာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နဲ့ မြန်မာပြည်သူလူထုကို ပြန်လည် အကျိုးပြုနိုင်တဲ့ ကြီးမားတဲ့အခွင့်အရေး တစ်ရပ်ဖြစ်ပါတယ်။ စေတနာသက်သက်နဲ့ ကုမ္ပဏီမှ အကုန်အကျခံပြီး ဒီစီမံကိန်းကို ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့က ကမ်းလှမ်းခဲ့တာပါ။ ရန်ကုန်မြစ် တိုးတက်ကောင်းမွန်လာတာနဲ့အမျှ ပထမဆုံးအနေနဲ့ ရေကြောင်းသွားလာရေး ပိတ်ဆို့မှုကို ကျွန်တော်တို့ ဖြေရှင်းနိုင်မှာဖြစ်တယ်” ဟု Starhigh Asia Pacific Pte., Ltd. ၏ အထွေထွေမန်နေဂျာ ဦးဘုန်းခိုင်ရွှေ က ပြောကြားသည်။
“ဆိပ်ကမ်းမှာ သင်္ဘောတွေ ပိုမို ဝင် ၊ ထွက်သွားလာနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံတွင်း စီးပွားရေးတိုးတက်မှုနှုန်းကို မြင့်တက်စေပြီး ဒီစီမံကိန်းက နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာပါ” ဟု ဦးဘုန်းခိုင်ရွှေ က ထပ်လောင်းပြောကြားသည်။ ရန်ကုန်မြစ်ကြောင်းတစ်လျှောက်တွင် ကွန်တိန်နာ အတင်အချလုပ်သည့် ဆိပ်ကမ်းများစွာ ရှိနေခြင်းက ဤစီမံကိန်းအကောင် အထည်ဖော်ရန် လိုအပ်မှုတစ်ရပ်ဖြစ်ပါသည်။ ရေစူးရရှိစေရန် သောင်တူးဖော်ခြင်းဖြင့် သင်္ဘောများ ပိုမို ဝင် ၊ ထွက် သွားလာနိုင် မည့်အပြင် ရေစူးများသော သင်္ဘောကြီးများ ဖြတ်သန်း သွားလာနိုင်မည် ဖြစ်ပါသည်။
Starhigh အနေဖြင့် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း၌ မော်လမြိုင်နှင့် ထားဝယ်တွင် မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ရေလမ်းကြောင်း ဖော်ဆောင်ရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စင်ကာပူနိုင်ငံတွင် Jurong ကျွန်းအနောက်ဘက်ပိုင်း တိုးချဲ့မှု အကြီးစား စီမံကိန်းကို Starhigh Asia Pacific Pte., Ltd. က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းတွင် သောင်တူးခြင်း၊ သဲများထောက်ပံ့ပေးသွင်းခြင်း၊ မြေဖို့ခြင်း စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျှက် ရှိပါသည်။ Starhigh Asia Pacific Pte., Ltd. အနေဖြင့် အနာဂတ်တွင် ပင်လယ်ရေကြောင်းဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါသည်။