News, Opinion

ကြောက်စရာကောင်းတဲ့ မီးသုံးမီး

ကြောက်စရာကောင်းတဲ့ မီးသုံးမီး

ကြောက်စရာကောင်းတဲ့ မီးသုံးမီးဆိုတာကတော့ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ ရှို့မီး စတာတွေကို ပြောတာမဟုတ်ပါ။ သိပါတယ် ဆရာလာမလုပ်ပါနဲ့၊ ကြောက်စရာကောင်းတဲ့ မီးသုံးမီးဆိုတာ လောဘမီး၊ ဒေါသမီး၊ မောဟမီးတို့ကို ပြောတာမဟုတ်လားလို့ စာဖတ်သူကဆိုပါလိမ့်မယ်။ ဟုတ်ပါတယ်၊ မှန်ပါတယ်၊ ကိုဘအေးကလည်း အဲဒါပဲပြောချင်တာပါခင်ဗျာ။

ပထမပြောတဲ့ မီးသုံးမီးက ငြိမ်းလို့ရပါတယ်။ ဒုတိယမီးသုံးမီးကတော့ ငြိမ်းဖို့မလွယ်ပါ။ ပုထုဇဉ်လူသားတွေရဲ့ ရင်ထဲမှာလောင်တဲ့ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေဟာ တောရုံတန်ရုံတရားရှိရုံနဲ့ ငြိမ်းသတ်ဖို့ ခဲယဉ်းပါတယ်။ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို ဒုက္ခပေးနိုင်တဲ့ မီးတွေ ဖြစ်ပါတယ်။ သားအမိချင်း၊ သားအဖချင်း၊ ညီအစ်ကိုချင်း၊ ညီအစ်မချင်း၊ မောင်နှမချင်း၊ တူဝရီးချင်း စသဖြင့် ဆွေမျိုးရင်းခြာ အချင်းချင်း ရန်သူကြီးတွေသဖွယ် ဖြစ်သွားနိုင်တဲ့ မီးတွေပါ။

တစ်ခါက မှုခင်းသတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ အဖေဖြစ်သူနဲ့ အဖိုးဖြစ်သူတို့ဟာ သားအဖချင်း အမွေကိစ္စနဲ့ ပတ်သက်ပြီး ခဏခဏစကားများကြလွန်းလို့ မြေးဖြစ်သူက အဖိုးဖြစ်သူကို ဓါးနဲ့ခုတ်သတ်လိုက်တဲ့ အကြောင်းပါ။ ဘယ်လောက် ကြောက်စရာကောင်းသလဲ။ ဒီလိုပဲ အမွေကိစ္စနဲ့ စကားများကြပြီး ရိုက်ကြ၊ နှက်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ တရားရင်ဆိုင်ကြနဲ့ အမှုတစ်ရာပွေကြရတာ အမြဲတမ်းကြားနေကြရတာပဲ မဟုတ်လား။ အမွေကိစ္စ တရားမ,မှုဖြစ်ရင် ရှေ့နေတွေပဲ စားသွားကြရတာပဲလို့ ဆိုစမှတ်ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဟာသတစ်ပုဒ်တောင် ရှိပါတယ်။ အဖေရှေ့နေလက်ထက်က မပြီးပြတ်ခဲ့တဲ့ တရာမ,မှုတစ်ခုကို သားရှေ့နေလက်ထက်ရောက်တော့ အပြီးအပြတ် ဖြတ်နိုင်လို့ သားရှေ့နေက အဖေရှေ့နေကို ဝမ်းသာအားရနဲ့ ပြန်ပြောတဲ့အခါ အဖေရှေ့နေက မိုက်လိုက်တာသားရယ် မင်းကိုဘွဲ့ရအောင် ငါအဲဒီအမှုနဲ့ပဲ ကျောင်းထားပေးခဲ့တာလို့ ပြန်ပြောလိုက်သတဲ့။ တရားမ,မှုတစ်ခုဖြစ်ရင် ဘယ်လောက်ကြာသလဲဆိုတာ ဖေါ်ပြနေတာပါ။

ဒီကြားထဲမှာ ဒေါသမီးတွေပါလာပြီး လုပ်သင့် မလုပ်သင့် စဉ်းစားဆင်ခြင်မှု မပြုနိုင်တော့တာ မောဟမီးကြောင့်ပါ၊ ပြစ်မှုဆိုင်ရာတွေပါ ဖြစ်သွားကြတာလည်းရှိပါတယ်။ ဒါကြောင့် ကြောက်ဖို့ကောင်းတယ်လို့ ပြောတာပါ။
ကိုဘအေး နိဒါန်းချီနေရတဲ့အကြောင်းက ဒီလိုရှိပါတယ်။ ပြီးခဲ့တဲ့ တစ်ရက်က ညနေပိုင်းမှာ ရန်ကုန်ရုံးချုပ်မှာတုန်းက ကိုဘအေးလက်အောက်မှာလုပ်ခဲ့ပြီး ပင်စင်ယူသွားတဲ့ အထက်တန်းစာရေးမကြီး ဒေါ်ခင်မိုးလှိုင် (နာမည်လွှဲများနှင့်သာ ရေးသွားပါမည်)ဟာ မယ်သီလရှင်ဝတ်ကြီးနဲ့ သားအငယ်ကောင်နဲ့အတူ ရောက်ချလာပါတယ်။ သူ့သားအငယ်ကောင် တိုးညီက လျှပ်စစ်ရုံးမှာလုပ်တော့ ရုံးကားလေးနဲ့ လိုက်ပို့တာပါ။ အဲဒီမတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပတ်သုံးပတ်လောက်က နေပြည်တော်ရုံးက ကိုယ့်နေရာမှာဝင်တဲ့ ဦးစီးအရာရှိ ဒေါ်လှလှတင့်က ညပိုင်းမှာ ဖုန်းလှမ်းဆက်တယ်။ ဒေါ်ခင်မိုးလှိုင်ရဲ့ သားတစ်ယောက် နေပြည်တော်ကို အစည်းအဝေးလာရင်းနဲ့ ရောက်လာပြီး ကိုဘအေးရဲ့ အိမ်လိပ်စာကိုမေးတယ်။ လှလှတင့်ကလည်း ကိုဘအေးရဲ့ အိမ်လိပ်စာမှတ်ထားတာက ရုံးမှာဖြစ်နေလို့ ဒီကိုလှမ်းဆက်တာ။ ဒါနဲ့ ကိုဘအေးလည်း သာကေတအိမ်လိပ်စာကို ပြောလိုက်ပါတယ်။ (ဝင်ဒါမီယာ အိမ်လိပ်စာကိုတော့ သူတို့ရှာရခက်မှာစိုးလို့ မပြောလိုက်ဘူး- ဟဲဟဲ) ကိုယ့်ဖုန်းနံပါတ်လည်း ရသွားမှာပေါ့လေ။ နောက်လေးငါးရက်နေတော့ ဒေါ်ခင်မိုးလှိုင်က ဖုန်းလှမ်းဆက်တယ်။ တွေ့ချင်တယ်။ လာခဲ့ဦးမယ်ပေါ့။ ကိုယ်တွေကလည်း တနင်္ဂနွေတစ်ရက်တော့ ကျောင်းအား ကျူရှင်အားမို့လို့ မိသားစုက အိမ်မှာရှိတယ်။ တနင်္ဂနွေနေ့လာခဲ့ဆိုပြီး မယ်သီလရှင်ဝတ်နဲ့မို့ ဆွမ်းတွေ ဘာတွေလည်းကပ်ရအောင်လို့ စနေနေ့မနက် ဈေးသွားတော့ မဒမ်ဘအေးက ဟင်းရံအတွက် ဝယ်ခဲ့လိုက်သေးတယ်။

အဲဒါသူက စနေနေ့ညနေပိုင်းမှာ ပေါက်ချလာတာ။ အဲဒါနဲ့ အအေးပဲ ဝယ်ကပ် လိုက်ရတယ်ပေါ့။
ဒေါ်ခင်မိုးလှိုင်ပြတော့မှပဲ ဟိုတုန်းက သူတို့ညီအစ်မချင်း မြေအရောင်းအဝယ် ကတိစာချုပ်မှာ သက်သေအဖြစ် ကိုယ်လက်မှတ်ရေးထိုးခဲ့တယ်ဆိုတာ သိရတယ်။ ကိုယ်ဖြင့် သတိတောင်မရတော့ဘူး။၂၀ဝ၁ခုနှစ်လောက်ကဆိုတော့ ကြာတောင်ကြာနေပြီလေ။ စာချုပ်ကရက်စွဲအရ ၂၀ဝ၁ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ချုပ်ခဲ့တာတွေ့ရတယ်။ ၂၅ကျပ်တန် တံဆိပ်ခေါင်းခွန် စာချုပ်နဲ့ဖြစ်ပြီး အကြောင်းအရာတွေကိုတော့ စာရေးမကြီး ဒေါ်ကြည်ကြည်စိန်က ရိုက်ပေးပြီး ကိုဘအေးရဲ့ ရုံးမှာတွင် စာချုပ်ကို လက်မှတ်ထိုးချုပ်ဆိုကြတာပါ။ ဒေါ်ခင်မိုးလှိုင်ရဲ့  ညီမအမည်ပေါက် ပေ (၄၀ x ၆၀) အကွက်ကိုပေ (၂၀ x ၆၀) တစ်ဝက်ပိုင်းပြီး ညီအစ်မချင်း အရောင်းအဝယ်လုပ်တာပါ။ ဒါပေမယ့် ပေ (၄၀ x ၆၀)မှာပဲ အိမ်တစ်လုံးတည်းဆောက်ပြီး ညီအစ်မတွေ အတူနေခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အိမ်ကိုတစ်ခြမ်းစီ အခန်းဖွဲ့လိုက်ပြီး ခြံကိုလည်း တစ်ဝက်ကာလိုက်ပါတယ်။ အခုအဲဒီ ဒေါ်ခင်မိုးလှိုင်တို့ နေတဲ့အခြမ်းကို “ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်သူများအား ၄င်းတို့ဆောက်လုပ်ထားသည့် နေအိမ်ကို ဖျက်သိမ်းယူဆောင်၍ အချင်းဖြစ်မြေကွက်မှ ထွက်ခွါသွားစေရန်နှင်လိုမှု”နဲ့ ညီမဖြစ်သူက တရားလိုအဖြစ်နဲ့ တရာမ,မှု ဖွင့်ထားတာပါ။ ဒေါ်ခင်မိုးလှိုင်တို့ လင်မယားက တရားပြိုင်(၁)နဲ့ (၂)ပေါ့။

ဒေါ်ခင်မိုးလှိုင်တို့က မြန်မာပြည်အလယ်ပိုင်းက မြို့လေးတစ်မြို့ကပါ။သားသမီးတွေက ရန်ကုန်မှာ အလုပ်လုပ်နေကြတာနဲ့ သူလည်း ရန်ကုန်ရုံးချုပ်ကို လျှောက်ပြီးပြောင်းလာလိုက်တာပါ။ ကိုဘအေးလက်အောက်က စာရေးမတစ်ယောက်နဲ့ တည့် change လိုက်တာဆိုတော့ အပြောင်းအရွှေ့က အဆင်ပြေသွားတာပေါ့။
ဒီနေရာမှာ ဒေါ်ခင်မိုးလှိုင်တို့က ဘိုးဘွားပိုင်မဟုတ်တဲ့နယ်က သူတို့ရဲ့အိမ်ဝိုင်းလေးကို ရောင်းပြီး ရန်ကုန်ကိုပြောင်းလာကြတာ။

သူ့ညီမ အဆိုလွှာတင်ထားတဲ့အထဲမှာက သူ့ကားကိုရောင်းပြီး အဲဒီနယ်က အပေါင်ဆုံးတော့မလို့ ဖြစ်နေတဲ့ ဘိုးဘွားပိုင်အိမ်ဝိုင်းကို ရွေးလိုက်ရတယ်လို့ပါတယ်။ ဒေါ်ခင်မိုးလှိုင်တို့က ချေလွှာမှာငြင်းထားတယ်။ သူ့ညီမကားရောင်းတာက သူ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ရောင်းတာလို့ပေါ့။ နောက်ပြီးတော့ ဒေါ်ခင်မိုးလှိုင်တို့ ရန်ကုန် ရောက်ခါစက နေစရာမရှိလို့ သူ့ယောက်ျားနာမည်နဲ့ ရထားတဲ့ တိုက်ခန်းမှာလာနေကြောင်း၊ သူ့ယောက်ျားက မကျေနပ်လို့ တိုက်ခန်းပြန်အပ်လိုက်တော့ (သူ့ညီမက သူ့ယောက်ျားနဲ့လည်းအိမ်ထောင်ရေး အဆင်မပြေကြဘူးလို့ သိရပါတယ်။) ရွှေပြည်သာက သူပိုင်တဲ့ ပေ (၄၀ x ၆၀) မြေကွက်မှာ အိမ်ဆောက်ပြီးနေနိုင်အောင် စီစဉ်ပေးခဲ့ကြောင်း ဆိုပါတယ်။ ဒေါ်ခင်မိုးလှိုင်တို့ ပြောတာက သူ့ညီမက မိန်းမသားတစ်ဦးတည်း နေထိုင်နေရကြောင်း၊ အခက်အခဲရှိလို့ အတူလာနေရန် သူကိုယ်တိုင် အကူအညီတောင်းလို့ သွားနေရခြင်းဖြစ်ကြောင်း၊ နေထိုင်စရာအခက်အခဲရှိလို့ အကူအညီတောင်းခံ နေထိုင်ခဲ့ခြင်းမျိုး မဟုတ်ကြောင်း၊ အိမ်ခြံမြေရဲ့ တစ်ဝက် ပေ (၂၀ x ၆၀) ကိုစာချုပ်ပြုလုပ် ငွေပေးချေဝယ်ယူ နေထိုင်ခဲ့ခြင်းဖြစ်ပြီး ညီမရဲ့ မေတ္တာရပ်ခံချက်အရ ခြံရဲ့အလယ်မှာ (၂၆ပေ x ပေ ၃၂) ခန့်ရှိ အိမ်တစ်လုံးဆောက်ပြီး အတူနေထိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ မေတ္တာနဲ့ အခမဲ့ နေထိုင်ခွင့်ပြုခဲ့တာမဟုတ်ကြောင်း သိရပါတယ်။

သူတို့ရဲ့ အမှုအကြောင်းအရာ ဖြစ်ပျက်ပုံအလုံးစုံကတော့ ရေးနေရင်လည်း ဆုံးနိုင်ဖွယ်မရှိပါ။ အိမ်မှာ ဒေါ်ခင်မိုးလှိုင် လာပြောသွားတာရော၊ တရားလို တရားပြိုင်တွေရဲ့ အဆိုလွှာအချေလွှာတွေရော ခြုံငုံပြီးတော့ အကျဉ်းချုပ်ပဲတင်ပြပါမယ်။

အဲဒီလို တစ်အိမ်တည်းအတူနေလာကြရင်းနဲ့ ညီမဖြစ်သူက စော်ကားမော်ကားပြောဆိုလာတာတွေ အမျိုးမျိုး ရန်လုပ်လာတာတွေဖြစ်လာလို့ အိမ်တစ်ခြမ်းကို သီးခြားကာရံနေထိုင်ခဲ့ပြီး အိမ်ဝိုင်းကိုလည်း တစ်ဝက်ကို ခြံစည်းရိုးခတ် နေထိုင်လာခဲ့ကြောင်း၊ သူ့ဘက်ခြမ်းမှာ သူဖာသာ လွတ်လွတ်လပ်လပ် နေထိုင်သွားလာနိုင်ပြီး သူစွပ်စွဲထားသလို မိမိဘက်မှ ဘာအနှောက်အယှက်မှ မပေးခဲ့ကြောင်း၊ နဂိုက ကိုယ်ဘက်ကိုသွယ်ပေးထားတဲ့ လျှပ်စစ်မီးတွေကိုလည်း သူတို့ဖြတ်ပစ်လို့ ကိုယ့်ဖာသာမီတာလျှောက်ပြီး မီးသွယ်ခဲ့ကြောင်း၊ သားအငယ်က လျှပ်စစ်ရုံးမှာလုပ်တော့ လူကြီးတွေရဲ့ အကူအညီနဲ့ မီတာကိစ္စ အဆင်ပြေခဲ့ကြောင်း၊ အဲဒါကို သူ့ညီမက မကျေနပ်ကြောင်း၊ သူ့ကို အမျိုးမျိုးအနှောက်အယှက်ပေးတယ်ဆိုပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုင်ကြားတာ။ အခင်းဖြစ်မြေဟာ သူသာအကျိုးပိုင်ဆိုင်ခွင့် ရှိတယ်ဆိုပြီး သတင်းစာထဲမှာ ကြေညာတာ၊ အတူနေမိသားစု နှစ်စုကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေ မကြာခဏ ဖြစ်ပွားပေါ်ပေါက်လာတဲ့အတွက် ဒေါ်ခင်မိုးလှိုင်မိသားစုကို ဆက်လက်နေထိုင်ခွင့် မပြုလိုတော့လို့ “အခမဲ့ခွင့်ပြုချက်ဖြင့် ထားခြင်းအား ပြန်လည်ရုတ်သိမ်းကြောင်း”နဲ့ ဘယ်နေ့ နောက်ဆုံးထားပြီး တရားလိုရဲ့ မြေပေါ်မှ ဖယ်ရှားထွက်ခွါပေးရန်ဆိုပြီး ရှေ့နေကနေတစ်ဆင့် အကြောင်းကြားတာတွေ လုပ်ခဲ့ပါတယ်။

နောက်ဆုံးမှာ ဒေါ်ခင်မိုးလှိုင်တို့က မဖယ်လို့ အခုလိုတရားမ,မှုနဲ့ စွဲတာပါ။ ဒေါ်ခင်မိုးလှိုင်ရဲ့အမေဟာ အဲဒီညီမဖြစ်သူနဲ့ အတူနေတာဖြစ်ပြီး အမေကလည်း ညီမနဲ့တစ်ကျိပ်တည်း တစ်ဉာဏ်တည်းလို့ ပြောပါတယ်။ ညီမဖြစ်သူက အမြဲတမ်းဖရုဿဝါစာနဲ့ ဆဲဆိုကြိမ်းမောင်းနေတာတောင် အမေက ဘာမှမပြောဘူး။ အမဖြစ်သူကို ဟဲ့ကောင်မ၊ ဟဲ့ကောင်မနဲ့ အမြဲပြောနေတာတဲ့။ နောက်ဆုံးတော့ ဒေါ်ခင်မိုးလှိုင်လည်း အဲဒီလိုဆဲနေတာ မခံနိုင်တော့လို့ လူဝတ်ကြောင်ကိုစွန့်ပြီး မယ်သီလရှင်ပဲ အမြဲဝတ်နေတော့တယ်တဲ့။ အဲဒီလိုမှ သီလရှင်ကို ဟဲ့ကောင်မလို့ခေါ်ရင် ငရဲပိုကြီးတော့မှာပေါ့။ ဒေါ်ခင်မိုးလှိုင်ရဲ့ ယောက်ျား ဦးအောင်ကလည်း ဘုန်းကြီးဝတ်နဲ့ပဲ ဘုန်းကြီးကျောင်းမှာပဲ နေတော့တယ်။ ဒေါ်ခင်မိုးလှိုင်ကတော့ လက်ရှိအိမ်မှာ သီတင်းသုံးနေထိုင်ပေမယ့်) ရိပ်သာတွေသွားပြီး တရားစခန်းဝင်နေတာ များတယ်လို့ပြောတယ်။

တကယ်တမ်းတော့ ပစ္စည်းဥစ္စာက သေရင် ကိုယ့်နောက်ပါတာမဟုတ်ပါဘူး။ ကိုယ့်ချည်းပဲဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။ အခုဟာ သားသမီးတွေက ရှိသေးတော့ သားသမီးတွေအတွက် အတိုက်အခံလုပ်နေရတာ။ နောက်ပြီးတော့ အရှုပ်အရှင်း ကင်းသွားလို့ရှိရင် ဒီအိမ်ဝိုင်းလေးရောင်းပြီး ကျောင်းဝိုင်းတစ်ခုခုမှာ တစ်ပါးကျောင်းလေးဆောက်ပြီး နေမလားလို့ စိတ်ကူးပါတယ်။ ရှုတ်ထွေးလှတဲ့ လူ့လောကကြီးကိုလည်း စိတ်ကုန်လှပါပြီ။

ဒေါ်ခင်မိုးလှိုင်ရဲ့ စိတ်ပျက်လက်ပျက် အပြောကြောင့် နားထောင်ရတာ မောသွားတဲ့ ကိုဘအေးတစ်ယောက်လည်း သက်ပြင်းကို ဟင်းကနဲသာ ချလိုက်မိပါတော့တယ်။ ညီမအရင်းချင်း အမှုအခင်းဖြစ်ရတဲ့ အကြောင်းကို စဉ်းစားကြည့်ရင် လောကမှာ ထူးပေမယ့် မဆန်းတော့သလို ကြောက်စရာကောင်းတဲ့ လောဘမီး၊ ဒေါသမီး၊ မောဟမီးဆိုတဲ့ မီးတွေအကြောင်း ဆင်ခြင်တွေးတောရင်း ကိုဘအေးသက်သေလိုက်ရမယ့်ရက်ကို စောင့်မျှော်နေလျက်သာ—-။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *