News

အိန္ဒိယအမျိုးသမီးငယ် နှစ်ယောက် မုဒိန်းကျင့်မှုကို ကာကွယ်နိုင်တဲ့ ဂျင်းဘောင်းဘီကို တီထွင်

အိန္ဒိယအမျိုးသမီးငယ် နှစ်ယောက် မုဒိန်းကျင့်မှုကို ကာကွယ်နိုင်တဲ့ ဂျင်းဘောင်းဘီကို တီထွင်

အိန္ဒိယအမျိုးသမီးငယ် နှစ်ယောက်က မုဒိန်းကျင့်မှုကို ကာကွယ်နိုင်တဲ့ ဂျင်းဘောင်းဘီကို တီထွင်လိုက်ပါတယ်။ ဂျင်းဘောင်းဘီမှာ အရေးပေါ်ခလုတ်တပ်ဆင်ထားပြီး အန္တရာယ်ကြုံလာရင် ရဲစခန်းကို အကြောင်းကြားနိုင်မှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ မကြာမီက ဖြစ်ပွားခဲ့တဲ့ မုဒိန်းမှုများဟာ ကမ္ဘာကိုတောင်တုန်လှုပ်စေခဲ့ပါတယ်။ အဲဒါကြောင့် အမျိုးသမီးငယ်နှစ်ဦးက လုံခြုံရေး ဂျင်းဘောင်းဘီကို တီထွင်လိုက်ကြတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ Varanasiမြို့မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ Diksha Pathak အသက် ၂၁ နှစ်နဲ့ Anjali Srivastava ၂၃ နှစ်တို့ဟာ Electronic Deviceတစ်ခုကို ဂျင်းဘောင်းဘီမှာ တပ်ဆင်ထားကြပြီး ခလုတ်ကို နှိပ်လိုက်တာနဲ့ အနီးဆုံး ရဲစခန်းကို အကြောင်းကြားနိုင်မှာပါ။ ဂျင်းဘောင်းဘီမှာ တည်နေရာကို ခြေရာခံနိုင်တဲ့ ကိရိယာတပ်ဆင်ထားတဲ့အတွက် ရဲစခန်းက ဂျင်းဘောင်းဘီ ၀တ်ဆင်သူရဲ့ တည်နေရာကို သိရှိပြီး အမျိုးသမီးတွေကို ကယ်တင်နိုင်မှာပါ။

ဂျင်းဘောင်းဘီမှ ဆက်သွယ်မှုကို လက်ခံနိုင်တဲ့ နည်းစနစ်ကို ရဲစခန်းနှစ်ရာနီးပါးမှာ တပ်ဆင်ထားတယ်လို့ သိရပါတယ်။

နောက်လထဲမှာ ဂျင်းဘောင်းဘီကို စမ်းသပ်အောင်မြင်ရင် တရားဥပဒေအာဏာပိုင်တွေက အဲဒီနည်းစနစ်ကို တစ်နိုင်ငံလုံးမှာ ဖြန့်ကျက်အသုံးပြုမှာပါ။

တီထွင်သူအမျိုးသမီးများက အိန္ဒိယနိုင်ငံမှာ အမျိုးသမီးများကို အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် တီထွင်ဖို့ အကြံရခဲ့တာလို့ ပြောပါတယ်။ Uttar Pradesh ပြည်နယ်မှာ အုပ်စုလိုက် မုဒိန်းကျင့်ခံရတဲ့အတွက် ကိုယ့်ကိုကိုယ် ဆွဲကြိုးချသတ်သေလိုက်တဲ့ အသက် ၁၂ နှစ်နဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးနှစ်ယောက်ရဲ့ သေဆုံးမှုအပြီးမှာ ပြည်သူတွေရဲ့ ဒေါသတွေဟာ မြင့်မားလာနေပါတယ်။

အိန္ဒိယနိုင်ငံမှာ ၂၂ မိနစ်ကို မုဒိန်းကျင့်မှုတစ်ခုဖြစ်ပွားနေတယ်လို့ အစိုးရအာဏာပိုင်တွေက ပြောပါတယ်။

“ဒီကိရိယာကို တီထွင်ဖို့ ကြံစည်နေတာကြာပါပြီ။ ကျွန်မ အိမ်ပြန်နောက်ကျတဲ့ အခါတိုင်း အဖေက စိတ်ပူနေတတ်ပါတယ်။ မကြာမီက ကြားရတဲ့ မိန်းကလေးတွေကို အုပ်စုလိုက် မုဒိန်းကျင့်တဲ့ ဖြစ်ရပ်တွေဟာ ကျွန်မနဲ့ သူငယ်ချင်းတွေကို တုန်လှုပ်စေပါတယ်။ ကျွန်မတို့ရဲ့ ဂျင်းဘောင်းဘီကို ၀တ်ဆင်ရင် အဖြစ်ဆိုးတွေကြုံတွေ့ရမှာ မဟုတ်တော့ပါဘူး။”လို့ သိပ္ပံကျောင်းသူနဲ့ တက္ကစီမောင်းသူရဲ့ သမီးဖြစ်သူ Pathakက ပြောပါတယ်။

သူမရဲ့ သူငယ်ချင်းဖြစ်သူ အီလက်ထရောနစ် ဆက်သွယ်ရေး ကျောင်းသူက ဂျင်းဘောင်းဘီကို တီထွင်ဖို့ ပါ၀င်ကူညီခဲ့တယ်လို့ ပြောပါတယ်။

ဂျင်းဘောင်းဘီ တစ်ထည်ရဲ့ တန်ကြေးဟာ ၂၅ paise လောက်သာရှိပြီး သုံးလကြာမှ ဘက်ထရီလဲဖို့ လိုပါတယ်။

အိန္ဒိယ တရားဥပဒေစိုးမိုးရေး အာဏာပိုင်တွေဟာ လိင်ကိစ္စ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ရာမှာ ပေါ့လျော့နေတယ်လို့ UNက မိန်းကလေးနှစ်ယောက် အုပ်စုလိုက် မုဒိန်းကျင့်ခံရပြီး ဆွဲကြိုးချသတ်သေအပြီးမှာ ဝေဖန်လိုက်ပါတယ်။

အိန္ဒိယဟာ ၂၀၁၂ ခုနှစ်မှာ နယူးဒေလီရှိ ကျောင်းသူတစ်ဦး အုပ်စုလိုက် မုဒိန်းကျင့်ခံရအပြီးမှာ သူ့ရဲ့ တရားဥပဒေစိုးမိုးမှုဟာ ပြောစရာဖြစ်လာပါတယ်။ အဲဒီအမှုကြောင့် ဆန္ဒပြမှုတွေနဲ့ နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *