အင်တာနက်စနစ် တွဲဖက်ပါဝင်သော CDMA 800MHz ဖုန်းများ ကတ်ပျောက်၊ ကတ်ပျက် လျှောက်ထားမှုအတွက် အလုံအိတ်ချိန်းရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါရုံးမှ သတင်းရရှိသည်။ CDMA 800Mhz ဖုန်းများ အင်တာနက်စနစ် ချထားပေးမှု ရပ်ဆိုင်းထားသော်လည်း အင်တာနက်စနစ်ပါဝင်သော ဖုန်းများ ကတ်ပျက်၊ ကတ်ပျောက်အတွက် ကတ်ချက်ချင်း ထုတ်ပေးလျက်ရှိကြောင်း အလုံအိတ်ချိန်းရုံးအနီးရှိ မိုဘိုင်းအကျိုးဆောင် တစ်ဦးက ပြောသည်။
“ဖုန်းတွေအင်တာနက်စနစ် ဆောင်ရွက်ပေးမှုက ရပ်နားထားဆဲပါ။ ဒါပေမဲ့ အင်တာနက်စနစ်ပါဝင်တဲ့ ဖုန်းတွေအတွက်တော့ ကတ်ပျောက်၊ ကတ်ပျက်ဆောင် ရွက်ပေးပါတယ်။ အင်တာနက် ရပ်ထားပေမယ့် အင်တာနက်ပါတဲ့ ကတ်တွေကိုပဲ ပြန်ထုတ်ပေးတာပါ” ဟု CDMA 800MHz ဖုန်းများ ကတ်ပျောက်၊ ကတ်ပျက်ဌာနမှ ပြောကြားသည်။ ကတ်ပျောက်အတွက် ပြန်လည်လျှောက်ထားခ နှစ်သောင်းကျပ် ကျသင့်မည်ဖြစ်ပြီး ကတ်ပျက်အတွက် အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အကျိုးဆောင်စျေးကွက်တွင် ကတ်ပျောက်၊ ကတ်ပျက် လျှောက်ထားပေးမှုအတွက် ဝန်ဆောင်ခ ငါးထောင်မှ တစ်သောင်းကျပ်အထိ ရှိကြောင်း အကျိုးဆောင်စျေးကွက်မှ သိရသည်။ “နာရီဝက်လောက်ပဲ စောင့်ရမှာပါ။ ဖုန်းစာချုပ် မိတ်တူပဲလိုမယ်” ဟု အမည်မဖော်လိုသူ မိုဘိုင်းအကျိုးဆောင်က ပြောသည်။ ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက် ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံ စီးပွားရေးဌာနများအပြင် တန်ဖိုးနည်း မိုဘိုင်းဖုန်းများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။
“CDMA 800MHz ဖုန်းက အခြားဖုန်းတွေထက်စာရင် အင်တာနက်စနစ် ပိုမိုကောင်းမွန်တာကြောင့် လာရောက် လျှောက်ထားတာပါ။ ဘယ်တော့ပြန်ဖွင့်မလဲဆိုတာ မသိရသေးဘူးလို့ပြောလိုက်တယ်” ဟု အလုံအိတ်ချိန်းရုံးတွင် အင်တာနက်စနစ် လာရောက် လျှောက်ထားသူတစ်ဦးက ပြောသည်။ ကတ်ပျောက်၊ ကတ်ပျက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာနေရာများတွင် ဆောင်ရွက်ပေးလျက်ရှိပြီး ငွေဖြည့်ကတ်နှင့် ပတ်သက်၍လည်း သက်ဆိုင်ရာဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာရှိပါက GSM/ WCDMA (UMTS) မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၅၅၅၄၇၆၊ CDMA 450, CDMA 800 WILL မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၂၁၇၂၁၉ နှင့် ၀၉-၇၃၀၀၀၀၀၀၊ CDMA 800 (MEC Tel) မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၆၅၆၉၉၄ နှင့် ၀၁-၆၅၆၉၉၅ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားခဲ့ဖူးသည်။