ဘာလိုလိုနဲ့ နှစ်ကူးသင်္ကြန် အခါသမယသို့ မကြာခင်အတွင်း ချည်းနင်းဝင်ရောက်လို့ လာနေပါပြီ။ သင်္ကြန် ဆိုတာ မြန်မာတွေရဲ့ နှစ်တစ်နှစ်အစ ကူးပြောင်းသည့် အချိန်ဖြစ်သည့်အလျောက် စီးပွားရေးသမားများ အတွက်လည်း ဈေးကွက်မြှင့်တင်ရေးထက် ငွေကြေးမြှင့်တင်ရေးကို အလေးပေးတဲ့အချိန်အခါဆိုရင်လည်း မမှားပါဘူး။ အဓိက ဘယ်လိုလုပ်ငန်းရှင်တွေအတွက် သဘောခွေ့သလဲဆိုရင်ဖြင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သော စီးပွားရေးသမားများအတွက် စားသုံးသူတွေကို အလေးမထား ကိုယ့်ရဲ့ဝန်ဆောင်မှုကို မြှင့်တင်ဖို့ မစဉ်းစားပဲ ငွေကြေးတစ်ခုသာ မြှင့်တင်ဖို့ ကြိုးစားနေကြခြင်းသာလျှင် ဖြစ်နေပါတယ်။
စားသုံးသူဆိုတာဟာ ထုတ်လုပ်မှု ပြုဖို့ သို့မဟုတ် ပြန်လည်ရောင်းချဖို့ မဟုတ်ဘဲ မိမိရဲ့ကိုယ်ပိုင်သုံးစွဲမှု အတွက် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူသူပဲဖြစ်တယ်လို့ ဘောဂဗေဒ သီအိုရီက ဖွင့်ဆိုထားပါတယ်။ ဒီနေရာမှာ စားသုံးသူအုပ်စုထဲကို ထည့်သွင်းနိုင်စရာ ရှိတာကတော့ ဝန်ဆောင်မှုတစ်ခုခုကို အဖိုးအခပေးပြီး ငှားရမ်းသုံးစွဲသူတွေပဲဖြစ်ပါတယ်။ ခရီးသွားယာဉ် တစ်ခုခုကို စင်းလုံးငှား၍ဖြစ်စေ၊ မိမိတစ်ကိုယ်စာ လက်မှတ်ဝယ်ပြီး စီးနင်းခြင်းဖြင့် ဖြစ်စေ ဝန်ဆောင်မှုရယူသူတွေကိုလည်း စားသုံးသူအဖြစ် သတ်မှတ်သင့် ပါတယ်။ ဒီအကြောင်းအရာလေးတွေ နိဒါန်းပျိုးရတာကတော့ ကျွန်မတို့နိုင်ငံရဲ့ စားသုံးသူတွေရဲ့ အခြေအနေကို လေ့လာဆန်းစစ်စေချင်တဲ့အတွက်ပါ။ တကယ်တော့ ပြည်သူတွေဆိုတာ စားသုံးသူတွေပါပဲ။ လူတစ်ယောက်ဟာ ကိုယ်တိုင် ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်နေချိန်မှာ ထုတ်လုပ်သူ၊ ရောင်းချသူနေရာမှာ ရှိနေပေမယ့် သူလိုအပ်တာတွေ ဝယ်ယူသုံးစွဲရချိန်မှာတော့ ဒီလိုလူဟာလည်း စားသုံးသူပဲ ဖြစ်ပါတယ်။
ဒါကြောင့် စားသုံးသူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးဆိုတာတွေကလည်း လူအများစုရဲ့ အခွင့်အရေး တစ်ရပ်လို့ ပြောရမှာပါ။ စားသုံးသူဘက်က မကြည့်ပဲ ရောင်းချသူဘက်က ကြည့်မည်ဆိုလျှင် အမြတ်အစွန်းများသည် လုပ်ငန်းတစ်ခုအတွက် လွန်စွာမှ အရေးပါကြောင်းကို ကျွန်မတို့ သိရှိနားလည်ထားကြ သကဲ့သို့ အမှန်တကယ်ပင် ထိုအရာများကသာလျှင် လုပ်ငန်းလည်ပတ်နေနိုင်ရန်နှင့် တာရှည်ခံနိုင်အောင် ပြုလုပ်ပေးသည့် အရေးကြီးသည့် အစိတ်အပိုင်းများဖြစ်ကြောင်း လွန်စွာမှ အရေးပါတယ်ဆိုတာ သိရှိပြီး ဖြစ်ပါသည်။ မည်သည့်စီးပွားရေးလုပ်ငန်း၌ မဆို ဈေးနှုန်းတန်ဖိုးသည် အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပြီး အကျိုးအမြတ်ရရေး၌လည်း အခြေခံကျသည့် အချက်ဖြစ်ပါသည်။ ဒါပေမယ့် မှန်ကန်သော တရားနည်းလမ်းကျ ဖြစ်ဖို့တော့ လိုမည် ထင်ပါသည်။ လုပ်ငန်းလုပ်သူတိုင်း ဈေးကွက်စီးပွားရေးရာ နည်းနာများအရာ၌ ရောင်းအားကို ဖြစ်ပေါ်စေမည့် P လေးလုံးအကြောင်းကို သိရှိပြီး ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါသည်။ ထုတ်ကုန်ဆိုတာ စားသုံးသူများ လိုအပ်လျက်ရှိသော အရာတစ်စုံတစ်ခုကို ရောင်းချပါဆိုတာပဲ ဖြစ်သလို ဈေးနှုန်းတန်ဖိုးအတွက် စားသုံးသူများဘက်မှ လိုလိုလားလား ပေးနိုင်သော နှုန်းထားတစ်ခုဖြင့် ရောင်းချပါ သို့ဆိုလျှင် သင်ရဲ့ အမြတ်အစွန်းတွေ တကယ်ရရှိလာပါမည်။ P လေးထဲက ဒုတိယ အကြောင်း အရာလေးကို ပြောချင်လို့ပါပဲ။ လူတိုင်း သိကြတဲ့အတိုင်းပါပဲ။ သင်္ကြန်မတိုင်ခင် ဈေးနှုန်း သတ်မှတ်ချက်ထက် ပိုမို ရောင်းချသောအရာများက ဘယ်အရာတွေလည်းဆိုတာ ခရီးသွားသူ၊ နယ်ပြန်သူ၊ နယ်မှပြန်လာသူများ၊ အရေးပေါ် ခရီးသွားသူများ သိရှိပြီး ဖြစ်မည်ထင်ပါသည်။ သင်္ကြန်ကာလ မတိုင်ခင် ဈေးနှုန်းတွေ အဆမတန် တိုးမြှင့်ရောင်းချသည်မှာ မည်သူကို မည်သို့ သွားရောက် ပြောကြား ရမည်ဆိုတဲ့ စည်းကမ်းချက်လေး တွေကိုလည်း သိချင်နေမိပါသည်။
သင်္ကြန်မတိုင်ခင် ခရီးသွားသူများ များပြားနေမည် ယူဆမိသဖြင့် နယ်သို့သွားရန်အတွက် တစ်လ ကြိုတင် ကားလက်မှတ်ဖြတ်သည့်အခါ မကြုံဖူး ဝယ်ဖူးမှသိဆိုသလို ကားလက်မှတ်များ ၂ ဆလောက် တက်နေတာကို ကြုံရပါတော့သည်။ တစ်လကြိုဝယ်တာတောင် ဒီလောက်တက်နေရင် ခရီးသွားခါနီးဝယ် မည်ဆိုလျှင်တော့ လက်လုပ်လက်စားသမားများအတွက် အတော် အခက်အခဲဖြစ်နေမည်ကို တွေးကြည့်မိ ပါသည်။ ခရီးသွားလုပ်ငန်းအတွင်း ဈေးကွက်ဈေးနှုန်းများကို ယခင်က သတ်မှတ်ဈေးထက် ပိုမို ကောက်ခံ ရောင်းချနေသည်မှာ အထက်က ရောင်းခိုင်းလို့လား၊ ဒါမှမဟုတ် သင်္ကြန်မတိုင်ခင် ဈေးတက်ရမယ်လို့ ကနဦးထဲက ထုံးစံရှိနေလို့လားဆိုတာကို စဉ်းစားမရဖြစ်နေမိပါသည်။ ဒီလိုအချိန်မှ အမြတ်အစွန်းမရရင် ဘယ်လိုအချိန်မှာ ပိုမိုရရှိနိုင်ပါသလဲဆိုတာ ရောင်းချသူတွေအနေဖြင့် တွေးမိကောင်း တွေးမိကြမည် ဖြစ်ပါသည်။ ဒီလိုအနေအထားတော့ စားသုံးသူဘက်က ကြည့်လျှင်တော့ မဖြစ်သင့်ဘူးလို့ မြင်မိပါသည်။
ခရီးသွားဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ ထိုင်ခုံအပြည့် လက်မှတ်ရောင်းပြီးမှ ကြားခုံတွေ ထိုးကာ လူပိုတင်တာတို့၊ စီးနင်းလိုက်ပါသူတွေ အသက်မရှူဝံ့လောက်အောင် မော်တော်ကားကို တရကြမ်းမောင်းတဲ့ အဖြစ်မျိုးတွေလည်း ရှိပါသေးသည်။ ဒီလိုအချိန်မှ ကိုယ်သွားချင်တဲ့နေရာ သွားကြရတာဆိုတော့လည်း ခရီးသွားများကတော့ ရရင် ရသလို စီးကြတာများပါသည်။ ဒါကြောင့် စားသုံးသူတွေရဲ့ အခွင့်အရေးဆိုတာဟာ လူအများစုရဲ့ အခွင့်အရေးလို့ပဲ ပြောလို့ရမှာပါ။ ယခု ကျွန်မတို့နိုင်ငံမှာ စားသုံးသူ အခွင့်အရေးအတွက် လူသိရှင်ကြား တိုင်တန်းဖောက်ထုတ်မှုတွေ တရားစွဲဆိုမှုတွေ မရှိပေမယ့် စားသုံးသူတွေအနေနဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုတွေကတော့ အနည်းနဲ့ အများကတော့ ရှိနေတာကို တွေ့နေရပါသည်။
တချို့ပစ္စည်းတွေ အတွက် အာမခံချက်လို့ခေါ်တဲ့ warranty card တွေရှိနေသလို ပစ္စည်းအတော် များများအတွက်တော့ ဝယ်ပြီး မကောင်း၊ မသုံးနဲ့ပေါ့လို့ ပြောနေသလို အာမခံချက်ဆိုတာ ဘယ်နား ရောက်နေမှန်း မသိရသလို ဆိုင်တွေရဲ့ တစ်ခွန်းဆိုင်လို့ ချိတ်ဆွဲထားသည်များအပြင် ဝယ်ပြီးပစ္စည်း ပြန်မလဲပါ ဆိုတဲ့ အသုံးအနှုန်းတွေကြောင့် စားသုံးသူများရဲ့ ဝယ်ယူနှောင့်နှေးမှုများကိုလည်း ဖြစ်ပေါ်စေပါသည်။ အာမခံ မရှိသော ပစ္စည်းများကို ဝယ်ယူ သုံးစွဲရခြင်းကြောင့် စားသုံးသူများရဲ့ အပိုကုန်ကျမှုများလည်း ဆင့်ကဲ ဆင့်ကဲ ဖြစ်ပွားလျက် ရှိနေပါသည်။ ရပ်ကွက်အတွင်းမှ တချို့ဆိုင်များသည်လည်း အကြွေးအမ်းစရာ မရှိသဖြင့် ပေးလိုက်သော ပိုက်ဆံအလိုက် ကုန်ပစ္စည်းများကို ဝယ်ယူနေခြင်းကိုလည်း နေ့စဉ်နဲ့အမျှ တွေ့ကြုံနေရခြင်း လည်း ဖြစ်ပါသည်။ အမ်းစရာမရှိဟု ဆိုကာ ကော်ဖီမစ်အမ်းလိုက်၊ တချို့နေရာလိုက်ဆိုင်များတွင် ဈေးနှုန်းချိုသာသော တစ်သျူးများကို အကြွေ အမ်းစရာမရှိဟုဆိုကာ စားသုံးသူများကို ပြန်လည်ပေးနေ သည်ကိုလည်း မြင်တွေ့နေရပါသည်။ စားသုံးသူများဘက်မှလည်း အကြွေးမရှိလျှင် ယခုလိုမျိုး တစ်သျူးများ၊ သကြားလုံးများ ပြန်လည်ပေးမည်ဆိုလျှင်ကော ရောင်းချသူများဘက်မှ မည်သို့ မည်ပုံ တုံ့ပြန်မည်နည်း။ လုပ်ငန်းအားလုံးတွင် စားသုံးသူများ အလိုရှိသော ကုန်ပစ္စည်းများကို လိုချင်သော အချိန်၊ လိုချင်သော ဈေးနှုန်းအတိုင်း အခြေအနေ အရည်အသွေးများ ရရှိနိုင်ရန်မှာ ကောင်းမွန်သော ရောင်းချသူများအပေါ်တွင် အပြည့်အဝ မှီခိုနေသည်ဆိုတာ စားသုံးသူများဘက်မှ အပြုသဘောဖြင့် ရေးသားတင်ပြလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။