တွံတေးမှာ အလယ်တန်းကျောင်းအုပ်လုပ်နေတဲ့ ညီမဝမ်းကွဲဆွေဆွေက မြောက်ဒဂုံမှာ အိမ်နဲ့ ခြံလေးဝယ်ထားတယ်။ သူလည်း ကျောင်းပိတ်တုန်း ရန်ကုန်ပြန်ရောက်နေတယ်။ ကိုကိုဂျော်နီအားရင် လာခဲ့ပါဦးဆိုတာနဲ့ တနင်္ဂနွေနေ့ နံနက် (၈:၃၀)လောက် အိမ်ကနေ ထွက်ခဲ့တယ်။ ထူပါရုံထိပ်ကနေ ၄၉ ဂိတ်အထိ စီးလိုက်ပြီးတော့၊ ဂိတ်ကျတော့ ၄၉အစိမ်း တစ်စီးက ဝီစီမှုတ်နေပြီး ထွက်တော့မယ်။ ယာဉ်မောင်းကို ဗိုလ်ဗထူးဈေးရောက်လားဆိုတော့ ရောက်တယ်ဆိုတာနဲ့ အဲဒီကားခေါင်းခန်းကနေ တက်စီးလိုက်တယ်။ ခေါင်းခန်းမှာ ကားခ အများဆုံး ၅၀ဝိ/-ပေါ့ ။ ခေါင်းခန်းမှာရှိနေနှင့်တဲ့ အမျိုးသား တစ်ယောက်က ကျွန်တော်က ကွမ်းစားထားလို့ဆိုတာနဲ့ ကိုယ်က ဒရိုင်ဘာဘေးကို ဝင်လိုက်ပါတယ်။
ဒီကားက လမ်းကြောအရှည်သား။ ရှုခင်းသာဂိတ်ကနေ ထွက်တော့ ၅ကွေ့ ကနေ ဇင်္ဂမလမ်းမ ကြီးကိုဝင် အဲဒီကနေ မင်းနန္ဒာလမ်းမကြီးကိုထွက်ပြီး ကျောက်တိုင်ကနေ သုဝဏ္ဏလမ်းဆုံကိုဖြတ် တောင်ဥက္ကလာ၊ ပါရမီ၊ ကမ္ဘာအေး၊ မြောက်ဥက္ကလာအဝိုင်းကနေမှ လက်ယာဘက်ချိုး ချောင်းကူး တံတားဖြတ်ပြီးတော့မှ မြောက်ဒဂုံကို ဝင်တယ်။ ဘေးကလူက ပါရမီခုံးကျော် တံတားအဆင်းမှာ ဆင်းသွားတယ်။ ၁၀၀ဝိ/- တန်ပေးလိုက်တာ ဒရိုင်ဘာက ၅၀ဝိ/-ပြန်အမ်းတာတွေ့လိုက်တယ်။ ကိုယ်ကတော့ မြောက်ဒဂုံထဲဝင်လာပြီးတော့မှ ဗိုလ်ဗထူးဈေးမှာ ဆင်းမယ်ဆိုပြီး ၁၀၀ဝိ/- တန် ပဲ ပေးလိုက်တာ ၃၀ဝိ/-ပြန်အမ်းတယ်။ ကားခ ၇၀ဝိ/-ကျတယ်ပေါ့။ ဂိတ်ဆုံးအထိဆိုရင် ၁၀၀ဝိ/- များ ပေးရမလားမသိဘူး။ ခေါင်းခန်းကားခက ဒရိုင်ဘာအတွက် သပိတ်ဝင် ၊ အိတ်ဝင်ပေါ့။
ဗိုလ်ဗထူးဈေးမှတ်တိုင်ရောက်တော့ ကိုယ်ဆင်းလိုက်ပြီး ဆွေဆွေလမ်းညွှန်ထားတဲ့အတိုင်း လမ်းတစ်ဖက်ကိုကူး မဟာဗန္ဓုလလမ်းထဲကိုဝင်လာ ပထမဆုံးတွေ့တဲ့လမ်း(လွိုင်ကော်လမ်း)ကို ညာဘက် ချိုးလာပြီး ပထမဆုံးတွေ့တဲ့လမ်းကိုပဲ ဘယ်ဘက်ပြန်ချိုး အဲဒါမိုးမခ(၁)လမ်းပဲ အိမ်ရှေ့မှာ သဲတွေအုတ် တွေ ပုံထားတာတွေ့လိမ့်မယ်။ အဲဒီလိုနဲ့ ဆွေဆွေ့အိမ် ရောက်သွားတယ်ဆိုပါတော့။ အိမ်ကလေးက ပေ ၂၅ x ပေ၆၀ ခြံထဲမှာ (၃)ပင်(၂)ခန်း ပျဉ်ထောင်သွပ်မိုးအိမ်ကလေးပါ။ ဘယ်လောက်ပေးရတယ် မှတ်လဲ။ ၃၇၅ တဲ့ ။ သိန်းဂဏန်းကို ပြောတာနော်။ သူကလည်း ပုသိမ်က တိုက်ကလေးကို ၄၆၀ နဲ့ ရောင်းထားလို့ပေါ့၊ အဲဒီတိုက်ကလေး ဆောက်တုန်းက မြေဖိုးအပါအဝင်မှ ၅၅သိန်းလောက်ပဲ ကုန်ကျခဲ့တာလို့ပြောတယ်။ အဲဒါကလည်း ဟိုတုန်းကပေါ့ဗျာ။ အခုကျတော့လည်း အခုဈေးပေါ့။ ဆွေဆွေတို့လင်မယားက တိုက်ခန်းတွေကြည့်ချင်တယ်ဆိုလို့ ကိုယ်တွေနဲ့နီးစပ်ရာတိုက်ခန်းလေးတွေ လိုက်ပြဖူးတယ်။ ၁၈ပေx၅၅ပေ၊ ၁၂ပေခွဲ x ပေ၅၀ အခန်းတွေကို ၂/၃ ကြိမ်လောက် လိုက်ပြဖူးတယ်။ သူတို့က ကိုယ်ပိုင်ကားရှိတော့ ကားထားလို့ရအောင် မြေညီထပ်ပဲ လိုချင်တယ်။ ၁၈ပေ အခန်းကိုတော့ ကြိုက်တယ် အဲဒီတုန်းက ၃၈၀ ခေါ်ထားတာ။ လမ်းတွေက ကားအဝင်အထွက် မကောင်းလို့ဆိုပြီး မယူဖြစ်ဘူး။ အဲဒီအခန်းက အခုဆိုရင် ပြင်ဆင်ပြီးပြန်ရောင်းတာ ၅၀ဝကျော်နဲ့ ထွက်သွားတယ်ပြောတယ်။ သူတို့က နှစ်ခန်းတွဲ ၁၂ပေခန်းတွေကျတော့လည်း ကျဉ်းလို့၊ နောက်တော့လည်း တိုက်ခန်းတွေက အသက်ရှုကျပ်တယ်ဆိုပြီး ရွှေပြည်သာဘက်မှာဘဲ အိမ်လေးခြံလေးနဲ့ ဝယ်မလားစိတ်ကူး ပြန်တယ်။ ဆွေဆွေက တွံတေးကနေ ရန်ကုန်ကို အပြောင်းအရွှေ့ပြန်လျှောက်ထားတော့ အဲဒါရရင်လည်း ကိုယ်ကကျောင်းအုပ် ဆိုတော့ ကျောင်းဝင်းထဲမှာ အိမ်တော့ရှိမှာပဲပေါ့။ အဲဒီမှာ ခဏနေလည်းရတယ်လို့ စိတ်ကူး တာ အခုဟာ အပြောင်းအရွှေ့ကလည်း ဘာမှန်းမသိသေးတော့ အိမ်ရှာနေရတာဖြစ်ပါတယ်။
ဆွေဆွေက ပုသိမ်ကနေပြောင်းလာတော့ မင်္ဂလာဒုံမှာ တာဝန်ကျတယ်။ တစ်ဦးတည်းသော သားဖြစ်သူကလည်း ဆေး(၂)မှာ တက်နေတယ်ဆိုတော့ မြောက်ဥက္ကလာ မြရတနာ(၅)လမ်းက ဦးလေး အုန်းသွယ်တို့နဲ့ မျက်နှာချင်းဆိုင်မှာ တစ်လ၈၀ဝ၀ဝိ/-နဲ့ ငှားနေလိုက်သေးတယ်။ အခုစာချုပ်နှစ်စေ့ လို့ ပြောင်းရမယ်ဆိုတော့ အိမ်တစ်ခါတည်းဝယ်တော့မယ်ဆိုပြီး အိမ်လိုက်ရှာနေတာပါ။ နောက်ဆုံးတော့ အခုမြောက်ဒဂုံက အိမ်ကို ဝယ်ဖြစ်သွားတယ်ဆိုပါတော့။ အိမ်လေးက အသင့်တက်နေလို့ရတဲ့ အနေအထား လည်းရှိတယ်။ ရှေ့နောက် မြေချန်ပြီးဆောက်ထားတာဆိုတော့ ကားကို ခြံထဲသွင်းထား လို့ရတယ်။ ရေ၊ မီးလည်းပါတယ်။ ရေက ငမိုးရိပ်ကပေးတဲ့ရေလို့ပြောတယ်။ အိမ်ရှေ့မှာ သရက်ပင်လေး တစ်ပင်ပါတယ်။ သိပ်မကြီးသေးဘူး။ အသီးတော့သီးနေပြီ။ အိမ်နောက်ဘက်မြေလွတ်မှာတော့ မီးဖို ဆောင်လုပ်ဖို့ မိုးတွင်းဆိုရင် ရေဝင်တယ်ပြောလို့ ဖောင်ဒေးရှင်မြှင့်ပြီး အုတ်ပတ်ကား တက်နေတယ် နံရံတွေတော့ အကြမ်းပြီးသွားပြီ။ အင်္ဂတေမခင်းရသေးဘူး။ သွပ်လည်းမမိုးရသေးဘူး။ သိန်း၅၀ လောက် ကုန်သွားပြီတဲ့။ ခြံခတ်တာကလည်း ၃သိန်းလောက်ကုန်ဦးမယ်ပြောတယ်။ ကိုယ်ရောက်နေတုန်းပဲ လိုက်အေ့စ်လေးနဲ့ သစ်ခွဲသားလေးတွေလာချတာ သစ်ဖိုး ၂သိန်း၁သောင်းပေးလိုက်ရတာ တွေ့ရတယ်။ အင်း အိမ်လုံးကရှိပြီးသားမို့လို့တော်သေးတယ်။ ကိုယ့်စိတ်တိုင်းကျကတော့ လုပ်ရင်လုပ်သလောက် ကုန်နေမှာပဲလေ။
ဆွေဆွေက သူ့အိမ်ရောက်ရောက်ချင်းပဲ “ကျွန်းဦးခင်”နာမည်နဲ့ သူစာရေးတဲ့ ပညာ့ခေတ် ပညာရေးမဂ္ဂဇင်း တစ်အုပ်စီကို ကိုဂျော်နီအတွက်နဲ့ ကိုတူးကြီးနဲ့ မမတင်တို့အတွက်ဆိုပြီး လက်မှတ်ထိုး ပြီး အမှတ်တရလက်ဆောင်ပေးပါတယ်။ သူ့နာမည်ရင်းက ခင်ခင်ဆွေပါ။ နင်ဘာဖြစ်လို့ ကလောင် နာမည်ကို ကျွန်းဦးခင် လို့ ပေးရတာလဲမေးကြည့်တော့။ ဆရာမအဖြစ် ဆွေဆွေပထမဆုံး တာဝန်ကျ တဲ့ရွာလေးက ကျွန်းဦးဆိုတဲ့ ရွာကလေးဖြစ်လို့ အမှတ်တရအနေနဲ့ ကလောင်နာမည်ကို ကျွန်းဦးခင် လို့ပေးခဲ့တာလို့ ပြောပါတယ်။ သူလက်ဆောင်ပေးတဲ့ ၂၀၁၄ ၊ ဖေဖေါ်ဝါရီလထုတ် ပညာ့ခေတ် ပညာရေး မဂ္ဂဇင်း အတွဲ(၃)အမှတ်(၂)ကို သူ့အိမ်မှာပဲချက်ချင်းဖတ်ကြည့်မိပါတယ်။ မဂ္ဂဇင်းရဲ့ ရင်ဖွင့်စကားကဏ္ဍမှာ ဖေါ်ပြထားတဲ့ ငယ်ဘဝတက္ကသိုလ်ဆိုတဲ့ ဆောင်းပါးလေးကိုဖတ်ပြီးတော့ ကိုယ်တွေတောင်မမှတ်မိတော့ တဲ့ ငယ်ငယ်တုန်းကအကြောင်းတွေရေးထားတာတွေ့ရတယ်။ ကိုယ်တို့မောင်နှမတွေက ဆွေဆွေတို့နှင့် အတူနေတဲ့ ဘကြီးလူပျိုကြီးဆီမှာ အင်္ဂလိပ်စာနှင့် သင်္ချာ သင်ကြရတယ်။ ဘဘက Reader Digest လိုစာအုပ်တွေပဲ ဖတ်တာ။ အင်္ဂလိပ်စာကောင်းသလို သင်္ချာလည်းတော်တယ်။ ဘဘက အရင်တုန်းက ကျောင်းဆရာလုပ်ခဲ့တာဖြစ်ပါတယ်။ တူတွေ၊ တူမတွေကို စာသင်ရင်း မပျင်းရအောင်လို့ ဂိမ်းကစား တာတို့၊ ပဟေဠိဖွက်တာတို့ လုပ်သေးတယ်။ ဥပမာဆိုရင် ဆွေဆွေဆောင်းပါးထဲမှာ ပါသလို သိုက်စာ အညွှန်းပါတဲ့ မဲလိပ်လေးတွေနှိုက်ရတယ်။ သိုက်စာထဲမှာ ပါတဲ့အတိုင်းရှာတွေ့ရင် အဲဒီအထဲမှာ ဖွက်ထား တဲ့ ကော်မတ်စေ့၊ မူးစေ့တွေကို တစ်မတ်စေ့၊ ငါးမူးစေ့အစစ်နဲ့ ပြန်လဲပေးတယ်။ သိုက်စာက လင်းဆွဲ ကြီးထဲမှာရှာပါဆိုရင် ထုတ်တန်းမှာ ချိတ်ထားတဲ့ အရိုးရှည်နဲ့ ထီးမည်းမည်းကြီးမှာထည့်ထားတာမျိုး ပေါ့။ ဘဘက အဲဒီလို ကလေးတွေမပျင်းအောင်လည်းလုပ်ပေးသလို စာမရရင်လည်း ခေါင်းကို သူ့လက်သီးကြီးနဲ့ပွတ်တယ်၊ နားရွက်ကိုဆွဲတယ်။ ဆွေဆွေတို့က ဘဘရဲ့အုပ်ထိန်းမှုအောက်မှာ ဘဘနဲ့ တစ်သက်လုံးနေခဲ့ရတာဆိုတော့ အင်္ဂလိပ်စာကောင်းတယ်။ ၁၀တန်းအောင်ပြီး ဘီအီးဒီဘွဲ့ရပြီး ကျောင်းဆရာမလုပ်တော့ အင်္ဂလိပ်စာပဲပြတယ်။ အခုတော့ ပညာ့ခေတ် ပညာရေးမဂ္ဂဇင်းမှာလည်း ကြိုကြားကြိုကြား စာရေးနေတယ်ပေါ့။ ကိုယ့်ဆွေမျိုးအသိုင်းအဝိုင်းထဲမှာတော့ စာရေးဝါသနာပါတာ၊ စာရေးဖြစ်တာ ဒီနှစ်ဦးပဲရှိသေးတယ်လို့ပြောရမှာပါ။
ဆွေဆွေက ကိုကိုဂျော်နီရောက်တုန်း ထမင်းစားသွားဆိုပြီး ထမင်းကျွေးတာနဲ့ နံနက်စာ စားဖြစ်ပါတယ်။ ပြီးတော့ ဆွေဆွေတို့တာမွေဘက်မှာ ဘုရားကျောင်းဆောင်ဝယ်ဖို့သွားကြည့်ဦးမယ်။ ကိုကိုဂျော်နီလည်း တစ်ခါတည်းပြန်လိုက်ခဲ့ ဆွေဆွေတို့အနီးဆုံးနေရာအထိ လိုက်ပို့ပေးခဲ့မယ်ဆိုလို့ သူတို့ကားကြုံနဲ့ပဲပြန်လိုက်ခဲ့ပြီး သာကေတ ၊ ထူပါရုံလမ်းထိပ်အထိ ပို့ပေးခဲ့ပါတယ်။ ဆွေမျိုးသားချင်း ဆိုတာကလည်း သွားသွားလာလာ ရှိမှပဲ၊ ရင်းနှီးချစ်ခင်မှုပိုရှိတာပါ။ လူကြီးပိုင်းကလည်း သိပ်မရှိတော့ ဘူး။ ကိုယ်တွေတောင် ၆၀ကျော်နေပြီဆိုတော့လေ။ ဆွေဆွေလည်းပင်စင်ယူဖို့ ၂နှစ်ပဲလိုတော့တယ်လို့ ပြောတယ်။ ဆွေဆွေက ရန်ကုန်ပြောင်းလာပြီးတော့ ကိုယ်တွေနေတဲ့နေရာစုံစမ်းပြီး ရောက်အောင် လာပါတယ်။ ယုဇနမှာတုန်းကလည်း လာလည်တယ်။ သာကေတပြန်ပြောင်းလာတော့လည်း လာတယ်။ တချို့မောင်နှမတွေဆိုရင် ကိုယ်ကလည်းမသွားဖြစ်သလို၊ ကိုယ်ဘယ်နေမှန်းတောင် မသိကြတဲ့လူတွေ လည်း ရှိပါတယ်။ ကိုယ့်ဘဝနဲ့ကိုယ် လှုပ်ရှားရုန်းကန်နေကြရတာဆိုတော့ သာရေး၊ နာရေးရှိမှပဲ တကူးတက သွားရ၊ ရောက်ရ၊ ဆုံကြရတာမျိုးဖြစ်ပါတယ်။ ကိုယ်နဲ့အနီးဆုံးဖြစ်တဲ့ သာကေတအဝိုင်း နားက မြခွာညိုအိမ်ရာမှာနေတဲ့ မောင်နှမတွေဆိုရင်လည်း ကိုယ်သွားမှပဲတွေ့ရတာ။ ဖျာပုံလမ်းမှာ နေတဲ့ ညီမအရင်းဖြစ်သူတောင် ကိုယ်ကပဲသွားရတယ်။ ကိုယ့်ဆီကို လာလည်ကြတယ်လို့မရှိပါ။ ကိုယ်ကတော့ခွင့်လွှတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ရင်တော့ အသွားအလာလေး ရှိစေချင်တာပေါ့နော်။ ဆွေ(ရွှေ)မျိုးဆိုတာ ရွှေရှိမှအမျိုးတော်ကြတာလို့ တချို့ကပြောပါတယ်။ တကယ်တမ်းတော့ ဆွေမျိုးဆို တာ မခေါ်ချင်ရင်သာနေရမယ်။ မတော်ချင်လို့မရဘူးလို့ ဆိုကြတယ်မဟုတ်ပါလား။