Opinion

ကြည့်လည်း လုပ်ကြပါဦး

ကိုဘအေးဆိုတဲ့ နာမည်က ရိုးလွန်းတယ်ရှင့်၊ ခေတ်လည်းမမီဘူး၊ ဒီနာမည်ကြီးကို ပြောင်းလိုက်ပါလား ဆိုပြီး စာဖတ်သူအမျိုးသမီးတစ်ယောက်က အကြံပြုပါတယ်။ သူမဆိုလိုတာက ဒီနာမည်က နည်းနည်းတုံး နေတယ်၊ တောဆန်တယ်လို့ ထင်တာဖြစ်ပါလိမ့်မယ်။ “ကိုဘအေး” ဆိုတာကလည်း စက်မှု(၁)က မိတ်ဆွေ တစ်ယာက်က ကိုယ့်ကို နာမည်ပြောင်ပေး လိုက်တာလို့ ပြောဘူးပါတယ်။ ကိုယ်ကလည်း ဂျာနယ်မှာ စာရေးမယ်လုပ်တော့ ကိုယ်တွေကျောင်းတုန်းက မြန်မာစာမှာ သင်ခဲ့ရတဲ့ သိပ္ပံမောင်ဝရဲ့မြို့ပိုင်မောင်လူအေးကို သွားပြီးသတိရမိတယ်။ သဘောလည်းကျတယ်၊ ဒါနဲ့ ကိုယ်လည်း ဇာတ်လိုက်တစ်ယောက်တော့ရွေးဦးမယ် ဆိုပြီး ကိုယ့်ရဲ့ဇာတ်လိုက်နာမည်ကို “ကိုဘအေး” လို့ ပေးလိုက်တာပါ။ ကိုယ်ကလူအေးဆိုတော့ (ဟဲ ဟဲ ကိုယ့်ကိုယ်ကိုထင်တာ) ဒီနာမည်နဲ့လည်း လိုက်တယ်၊ ကိုဘအေး – မဒမ်ဘအေးဆိုပြီး သုံးလို့ကောင်းတာပေါ့၊ အလုပ်ထဲမှာတုန်းက တစ်ချို့က ကိုယ်ကို နာမည်ရင်းတောင်မခေါ်ဘူး။ ကိုဘအေးလို့ပဲခေါ်တာ။ ဒီတော့ ဒီကိုဘအေးကြီးကိုလည်း လုံးဝတော့မဖျောက်ချင်ဘူး။ ရံဖန်ရံခါသုံးမယ်။ ကိုယ့်ကို အကြံပြူသူလည်း စိတ်ကျေနပ်မှုရသွားအောင် နောက်ထပ်ဇာတ်လိုက်တစ်ယောက်ထပ်မွေးလိုက်ပါတယ်။ “ကိုသန့်စင်” လို…။

ဒီနောက်ပိုင်းမှာ အပတ်စဉ်ထုတ်ဂျာနယ်အသစ်တစ်စောင်နဲ့ နေ့စဉ်သတင်းစာ အသစ်တစ်စောင်ထပ်ထွက်လာတာ တွေ့ရပါတယ်။ TOMORROW NEWS JOURNALS နဲ့ DEMOCRACY Today သတင်းစာတို့ဖြစ်ပါတယ်။ တူမောရိုးဂျာနယ်က အင်္ဂါနေ့ထုတ်ဖြစ်ပြီး ထွက်ထွက်ချင်း အမှတ်(၁)ကိုပဲ ကိုသန့်စင် သတင်းစာဝယ်ရင်း ကြုံတာနဲ့ ဝယ်ဖတ်ဖြစ်လိုက်ပါတယ်။ ဒီဂျာနယ်က နိုင်ငံရေးအသားပေးလို့ သိရတယ်။ ဂျာနယ်ရဲ့အာဘော်ကိုတွေ့ရတာက “(TOMORROW) မနက်ဖြန်…..ဆိုသည်မှာ ကျွန်တော်တို့ မျိုးဆက်များအတွက် အနာဂတ်ဖြစ်သည်။ အနာဂတ်တွင် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းနှင့် စိမ်းလန်းသောတိုင်းပြည်ကို ကျွန်တော်တို့ပိုင်ဆိုင်ချင်သည်။ ထိုသို့ပိုင်ဆိုင်ရန်မှာ မိမိတို့၏ဉာဏ်အမြော်အမြင် ကျယ်ဝန်းမှုပေါ်တွင် မူတည်သည်။ ကျွန်တော်တို့သည် ယူကရိန်းနောက်သို့ လိုက်ရန်မဟုတ်။ အနာဂတ်တွင်ကူးပြောင်းရေးကို သေသေသပ်သပ်လုပ်ခဲ့သော ပိုလန်နောက်သို့သာ လိုက်ရန်လိုသည်။ ဒီမိုကရေစီ စပ်ကူးမတ်ကူးကာလတွင် TOMORRROW သည် မိမိထောက်ခံသော အဖွဲ့အစည်းကိုလည်း ဝေဖန်မည်။ မိမိမနှစ်သက်သော အဖွဲ့အစည်းကိုလည်း စေဖန်မည်။ မနက်ဖြန်အတွက် မနက်ဖြန်သည် ပြည်သူတွေအတွက် မှန်ကန်သော သတင်းများဖြင့် အနာဂတ်ကောင်းကို ဖွဲ့စည်းသွားမည်ဟု ကတိပြုပါသည်” လို့ဖြစ်ပါတယ်။ ဒီနေ့ သတင်းဂျာနယ်တွေရဲ့ ကဏ္ဍနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး အားမလို အားမရဖြစ်မှုကိုလည်း အယ်ဒီတာ့အာဘော်မှာ တွေ့ရှိရပါတယ်။ “၂၀ဝ၈ ဖွဲ့စည်းပုံအရ အထွေထွေရွေးကောက်ပွဲပြုလုပ်ပြီး အရပ်သားအစိုးရသစ်တစ်ရပ် ၂၀၁၀ တွင် ထွက်ပေါ်လာသည်။ ယင်းအစိုးရကို ဗိုလ်ချုပ်ကြီးဟောင်းများက ဦးဆောင်သည်။ ကမ္ဘာ့ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားမှု၏ပြယုဂ် ဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်လည်း ကြားဖြတ်ရွေးကောက်ပွဲဝင်ကာ လွှတ်တော်စည်းဝိုင်းထဲရောက်ရှိ သွားသည်။ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းတွင် စာပေစိစစ်ရေးဌာနကို ဖျက်သိမ်းကာ စာပေလွတ်လပ်ခွင့်ပေးလိုက်သည်။ သတင်းစာ၊ ဂျာနယ်များ၏ အခန်းကဏ္ဍက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကာလတွင် အရေးပါလာသည်။ သတင်းဂျာနယ်များခေတ်ဟုပင် ဆိုရလောက်သည်။ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲနေသည့်သူများ၊ နိုင်ငံရေးသမားများ၊ ပညာရှင်များအားလုံး သတင်းမီဒီယာများကို ရှောင်လွှဲ၍မရ။ အားလုံးကပြည်သူသိလိုသော အချက်အလက်အတွက် တွေ့ဆုံမေးမြန်းခြင်းကို ခွင့်ပြုရသည်။ သတင်းဂျာနယ်များကလည်း နိုင်ငံရေးသတင်းတွေကို အသားပေးဖော်ပြလာကြသည်။ သတင်းဖော်ပြရာတွင် ကျင့်ဝတ်နှင့်ညီတာလည်း ရှိသည်။ မညီတာလည်းရှိသည်။ တချို့သတင်းဂျာနယ်တွေက ဂျာနယ်ရောင်းကောင်းအောင်ဖွပြီး ရေးသားကြသည်။ တစ်ချို့က အစိုးရ၊ လွှတ်တော်နှင့် တရားရေးဌာနများ၏ အားနည်းချက်တွေကိုချည်း ဝေဖန်လာကြသည်။ ပြည်သူတွေက အရင်လိုမဟုတ်တော့။ သတင်းစားသုံးသူတွေသာ ဖြစ်လာကြသည်။ အရပ်သားအစိုးရသက်တမ်း သုံးနှစ်ကျော်လာသည်။ တိုင်းပြည်၏ အခြေအနေက ကမောက်ကမဝဲသြဃထဲမှ ရုန်းမထွက်နိုင်သေး။ လာဘ်စားမှုများပပျောက်မသွားသလို ပြည်တွင်းငြိမ်းချမ်းရေးက နှေးကွေးနေဆဲ။ ဒီလိုအခြေအနေတွင် ဒီမိုကရေစီအင်အားစုများ၏ မဟာဗျူဟာက အနာဂတ်အတွက် အရေးပါသည်။ ဒီမိုကရေစီအင်အားစုများသည် ပွင့်ပွင့်လင်းလင်းပြောရလျှင် Institution မကောင်း။ တစ်ယောက်တစ်ပေါက် အမျိုးသားရေး အစွန်းရောက်အဖွဲ့များကလည်း ဗရုတ်ဗရက် အခြေအနေတွင် ခေါင်းထောင်လာသည်။ များမကြာခင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး ထွက်လာတော့မည်။ ယခုအချိန်အထိ စစ်တပ်ကို အာခံတော်လှန်ခဲ့သော ဒီမိုကရေစီအင်အားစုများ၊ ပါတီများ၊ တိုင်းရင်းသားများ ညီညွတ်ရေးမရသေး။” လို့ ဖေါ်ပြထားပါတယ်။

နိုင်ငံရေးအသားပေးဖော်ပြမယ့် Tomorrow အပတ်စဉ်ထုတ်သတင်းဂျာနယ်ကို “မာဂျေက ဒါတွေပြောမယ်” ဆောင်းပါးရှင် မာဂျေ(ဦးဝဏ္ဏ)နဲ့ ဆောင်းပါးရှင် (ဦး) ဇော်သက်ထွေးတို့က တာဝန်ယူ ထုတ်ဝေတာဖြစ်တယ်လို့ သိရပါတယ်။ ဇာဂနာနဲ့ ကျော်စွာမြင့်တို့လည်း Contributor အနေနဲ့ ပါဝင်ထားတာတွေ့ရပါတယ်။ Tomorrow သတင်းဂျာနယ်ကို မနက်ဖြန်တိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် မြန်မာနိုင်ငံရေး အလှည့်အပြောင်းများအား ဘက်လိုက်မှု ကင်းစွာဖြင့် အရှိအတိုင်း ကျင့်ဝတ်နှင့်အညီ စာဖတ်သူများအတွက် ထုတ်ဝေသွားမှာဖြစ်တယ်လို့ စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။ Tomorrow သတင်းဂျာနယ်အနေနဲ့ နိုင်ငံရေးအသားပေး ရေးသားထုတ်ဝေမှာ ဖြစ်ပေမယ့် စာဖတ်သူတွေသိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို ကဏ္ဍအလိုက် ဖွဲ့စည်းတင်ပြသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျာနယ်တွေ ဖတ်စရာများတဲ့ ဒီနေ့ ဒီကာလမှာ Tomorrow News Journal ကလည်း ဖတ်လို့ ကောင်းတဲ့ ဂျာနယ်တစ်စောင်ပဲ ဖြစ်တယ်ဆိုတာ ပြောပါရစေ။

နောက်တစ်ခုက Democracy Today သတင်းစာပါ။ ဒီမိုကရေစီ ခေတ်နဲ့အညီ ခါတော်မီပေါ်ထွက်လာတာလို့ ပြောရမှာဖြစ်ပါတယ်။ သတင်းစာရဲ့ ခေါင်းစီးမှာလည်း Serving the People’s Right To Know ပြည်သူတို့၏ သတင်းသိခွင့်ကို အမှုတော်ထမ်းမည့် Democracy Today လို့ဖော်ပြထားပါတယ်။ သူ့ရဲ့ဆောင်ပုဒ်ကတော့ “ပြည်သူအရေး ရပ်တည်ပေး ဒီမိုကရေစီတူဒေး” လို့ဆိုပါတယ်။ Myanmar News Network ကစီစဉ်ထုတ်ဝေတာပါ။ ကိုသန့်စင်ဖတ်ရတော့ သုံးစောင်မြောက်သတင်းစာဖြစ်နေပါပြီ။ သူရဲ့ပထမဆုံးအာဘော်တစ်နည်းအားဖြင့် မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် မဖတ်လိုက်ရပါ။ ဒါပေမယ့် ဒီမိုကရေစီ အသားပေးတဲ့ သတင်းစာလို့ပဲ မှတ်ယူရပါမယ်။ ပြည်သူ့အော်သံ ကဏ္ဍမှာ တွေ့ရတဲ့ ဖိတ်ခေါ်စာလေးကတော့ သူ့ရဲ့မူဝါဒကို ထင်ဟပ်နေတယ် လို့ယူဆပါတယ်။

“ဒီမိုကရေစီ တူဒေးသတင်းစာတွင် မြန်မာနိုင်ငံအရပ်ရပ်မှ အများပြည်သူတို့၏ ဘဝအခြေအနေမှန်ကို ထင်ဟပ်၍ ရေးသားဖော်ပြမည်ဖြစ်ရာ၊ မြန်မာပြသည်သူတို့၏ နေ့စဉ်ဘဝ၊ ကြုံတွေ့နေရသည့်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍပေါင်းစုံမှ အမြင်မတော် ဆင်တော်နှင့် ခလောက်ဖြစ်နေသော ဖြစ်ရပ်များ ခံစားချက်များကို အထူးကဏ္ဍအဖြစ် ဖွင့်လှစ်ဖော်ပြပေးမည်ဖြစ်ရာ မိမိတို့ခံစားနေရသည့် ဖြစ်ရပ်များကို ရေးသားပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။” လို့ဖြစ်ပါတယ်။ နေ့စဉ်ထုတ်သတင်းစာ တစ်စောင်ဖြစ်တဲ့အတိုင်း အခြားသတင်းစာများနည်းတူ ပြည်တွင်းသတင်းများ ။ နိုင်ငံတကာသတင်းများကို ပုံမှန်ထည့်သွင်းဖော်ပြထားပြီး အဲဒီနေ့သတင်းစာမှာတော့ ပြည်တွင်းဆိုင်ရာ ဆောင်းပါး (၄) ပုဒ်နဲ့ ပြည်ပဆိုင်ရာဆောင်းပါးတစ်ပုဒ်လည်း ပါဝင်ပါတယ်။ ပါဝင်တဲ့ဆောင်းပါးတွေကို ခေါင်းစဉ်မျှပဲ ဖောပြရရင် “ဖွဲ့စည်းပုံပြင်ဖို့ ချီတုံချတုံ ဖြစ်နေတယ်” ခေါင်းစဉ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခြင်း အင်တာဗျူးဆောင်းပါး၊ မောင်သိန်းညွန့် (ကော့ကရိတ်)ရဲ့ “ရလဒ်ကိုလေ့လာရှေ့ခြေလှမ်း မှန်ကန်ရန်လိုအပ်” ဆောင်းပါး၊ သိန်းထက်အောင်ရဲ့ “ကမ္ဘာလူလိမ်ကြီးများ” ဆောင်းပါး၊ မျိုးထွန်း (NNDP) ရဲ့ “လွှတ်တော်ကိုယ်စားလှယ်များ ဘာတွေလုပ်နေကြသလဲ” ဆောင်းပါးနဲ့ နောင်ဦးရဲ့ “အကျပ်အတည်းမှ လွတ်မြောက်ရန် ဗင်နီဇွဲလား ခေါင်းဆောင်များ မည်သို့ဆုံးဖြတ်မည်နည်း” ဆောင်းပါးတို့ပဲ ဖြစ်ပါတယ်။

ဒီသတင်းစာမှာ တစ်ခုရုပ်ဆိုးသွားတာက “လိင်တူချင်း ၁၀ နှစ်ပြည့် မင်္ဂလာအခမ်းအနား မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပ” ဆိုတဲ့ သတင်းကို ရှေ့မျက်နှာဖုံးတင်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီလို့၊ ဒီမိုကရေစီအခွင့်အရေး ပြည်သူ့အခွင့်အရေးလို့ဆိုလိုချင်တာလား။ ဒီလိုလိင်တူချင်း မင်္ဂလာအခမ်းအနားကျင်ပတာကို မတ်(၃)ရက်ထုတ် The Voice နဲ့ 7 Day သတင်းစာတို့မှာလည်း မျက်နှာဖုံးသတင်းအနေနဲ့ ဖော်ပြထားပါတယ်။ မတ်(၂)ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Excel Treasure ဟိုတယ်မှာ လိင်တူချစ်သူအမျိုးသားနှစ်ဦးတို့ရဲ့ (၁၀)နှစ်ပြည့် မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ကြတာကို ဂုဏ်ယူစရာ သတင်းတစ်ရပ်အနေနဲ့ ဖော်ပြခဲ့ကြတာပါ။ ဒီလိုမင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့တဲ့ အမျိုးသားနှစ်ဦးစလုံးဟာ လိင်တူချစ်သူများအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းများမှာ လုပ်ကိုင်နေကြသူများဖြစ်ပြီး ၎င်းတို့က လွန်ခဲ့တဲ့(၁၀)နှစ်ခန့်ကပင် လက်ထက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မတ်(၂)ရက်က ပြုလုပ်ခဲ့တဲ့ပွဲက (၁၀)နှစ်တာပေါင်းသင်းခြင်းကို ပြဆိုခြင်းသာဖြစ်ကြောင်း လိင်တူချစ်သူများ၏ အခွင့်အရေးကို အဓိကလုပ်ဆောင်နေသည့် လူ့အခွင့်အရေးပညာပေးဌာန (HREIB) ရဲ့ညွန်ကြာရေးမှူးဆိုသူက ပြောပါတယ်။

သူတို့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ (အမေရိကန် ပြည်ထောင်စုမှာပင် အငြင်းပွားနေပြီး အာရှတိုက်၌ လုံးဝမရှိသော လိင်တူလက်ထက်ခြင်းကို မြန်မာနိုင်ငံ၌ ခွင့်ပြုလိုက်ပြီလား)ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက်လာတယ်လို့ ဆိုပါတယ်။ Daily Eleven မှာဖော်ပြထားချက်အရ ကမ္ဘာ့နိုင်ငံ (၁၅)နိုင်ငံတွင် လိင်တူလက်ထပ်ခြင်းကို လွတ်လပ်စွာ ခွင့်ပြုထားပြီး (၁၃)နိုင်ငံ၌ ဥပဒေကန့်သတ်ချက်များဖြင့် ခွင့်ပြုထားကြောင်း၊ ကျန်ရှိသော နိုင်ငံအများစုတွင် လိင်တူလက်ထက်ခြင်းကို ခွင့်ပြုမထားပဲ အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်(၁၈)ခုတွင်သာ ခွင့်ပြုထားပြီး ပြည်နယ်(၄)ခုတွင် အကန့်အသတ်ဖြင့် ခွင့်ပြုကာ ကျန်ပြည်နယ်များတွင် ခွင့်ပြုထားခြင်းမရှိကြောင်း၊ အာရှနိုင်ငံများထဲတွင် လိင်တူလက်ထက်ခြင်းကို ခွင့်ပြုထားသည့် နိုင်ငံတစ်နိုင်ငံမျှ မရှိဘဲ အချို့နိုင်ငံများတွင် သေဒဏ်အထိအပြစ်ပေးနိုင်သော ဥပဒေများဖြင့် တားမြစ်ထားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၇ အရ တားမြစ်ထားပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါတယ်လို့ ဆိုပါတယ်။

အဲဒီပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၇ ဆိုတာကတော့ “မည်သူမဆို ယောကျာ်းနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ တိရစ္ဆာန်နှင့်ဖြစ်စေ၊ မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယျှက်မှုကို ပြုလုပ်လျှင် ထိုသူကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ (၁၀)နှစ်အထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်”လို့ဖြစ်ပါတယ်။

ဒီလိုလိင်တူလက်ထက်တာကို ဘာသာရေးအရလည်း ခွင့်ပြုထားခြင်း မရှိတာနဲ့ ပတ်သက်ပြီး “ဘုန်းကြီးတို့ ဗုဒ္ဓဘာသာမှာ ခွင့်ပြုမထားပါဘူး။ လောကဝဘာဝ ယုတ္တိရော၊ ကမ္မသဘာဝယုတ္တိရောမှာ ဒါတွေက မသင့်လျော်ပါဘူး။ အဲဒီအပေါ်မှာတော့ ဘုန်းကြီးတို့က သဘောမတူဘူး။ ဒီမိုကရေစီဆိုတာလည်းပဲ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေကို အားမပေးဘူး။ ဘုရားနည်းနဲ့လည်း မကိုက်ညီဘူး။ ဒီမိုကရေစီဆိုပြီး ဒါတွေက မဖြစ်သင့်တဲ့ ကိစ္စတွေဖြစ်တယ်။ ဒီမိုကရေစီကို ခုတုံးလုပ်ပြီး ထင်ရာစိုင်းနေမယ်ဆိုရင်တော့ တိုင်းပြည်က အကျင့်စာရိတ္တပိုင်းဆိုင်ရာ လျော့မယ်။ အကျင့်စာရိတ္တမပါဘူးဆိုရင် ကျန်တဲ့အပိုင်းတွေမှာလည်း လဲပြိုသွားမှာပဲ။ ဘာသာရေးအရရော၊ လူမှုရေးအရရော ဒါတွေက လုံးဝကိုက်ညီမှု မရှိဘူး။ ဗုဒ္ဓဒေသနာအရလည်း ဒါတွေက ကိုက်ညီမှုမရှိဘူး။ လောကရေးရာအရလည်း ဥပဒေရေးရာအရလည်း ဒါတွေက ကျယ်ကျယ်ပြန့်ပြန့် တားမြစ်သင့်တယ်” လို့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့ပါတယ်။ ဗဟန်းမြို့နယ် ရဲစခန်းကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီးတော့ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဒီလုပ်ရပ်ဟာ အရှက်တရားကင်းမဲ့ခြင်းသာဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံတဲ့ ကိစ္စရပ်ဖြစ်တယ်လို့ Facebook သုံးစွဲသူတွေကလည်း အပြင်းအထန်ဝေဖန်တယ်လို့ သိရပါတယ်။

ကိုသန့်စင်တို့နိုင်ငံဟာ လိင်တူလက်ထပ်တာကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံမဟုတ်ပါဘူး။ ဥပဒေနဲ့လည်း သတ်မှတ်ပြဌာန်းထားာတွေရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ကြားလို့မှ မတော်တဲ့ကိစ္စတွေဖြစ်ပါတယ်။ အခုလိင်တူလက်ထက်တဲ့ သူတွေကိုတော့ ကိုသန့်စင်မသိပါ။ သူတို့ရဲ့ ရာထူးတာဝန်တွေကြည့်ရတာ အဆင့်အတန်းတစ်ခုအထိ ရှိမှာပါ။ ကိုသန့်စင်တွေ့ဖူးတဲ့ သူတွေကတော့ အရှက်တရား လုံးဝမရှိပါ။ ပတ်ဝန်းကျင်ကို ဂရုမထားပဲ ပြောချင်ရာပြော ဆိုချင်ရာဆိုပြီး နေချင်သလိုနေ ပျံတံတံ နံ့တံ့တံ့နဲ့ မျက်စိစပါးမွှေး စူးစရာ မျက်စိနောက်စရာတွေပါ။ ဖြစ်နိုင်ရင် သူတို့ကို စကြာဝဋ္ဌာ အပြင်ဘက်ကိုတောင် နှင်ထုတ်ပစ်လိုက်ချင်ပါတယ်။ ရခဲလှတဲ့ ဘုရားဆုပန်မင်းယောကျာ်းဘဝကို တန်ဖိုးမထားဘဲ နိမ့်ကျတဲ့ဘဝမျိုးကို ခုံမင်ကြတာ ရင်နာစရာပါ။ အေးလေဒီလိုလူမျိုးတွေက ရှေ့ပဝေသဏီဘုရားရှင်လက်ထက်ထဲက ရှိနေတာလို့ ကြားဖူးပါတယ်။ ကမ္ဘာဦးကတည်းကပဲ ရှိနေတာဖြစ်ချင်ဖြစ်မယ်။ သိသာသိစေ မမြင်စေနဲ့ ဆိုသလိုပဲ ကွယ်ရာမှာ ဖြစ်ချင်သလို ဖြစ်နေတာတွေကို ဘာမျှမပြောလိုပါ။ ဒါပေမယ့် ခုလိုပေါ်ပေါ်တင်တင်ကြီး လုပ်လာကြတာတော့လည်း မြန်မာ့လူ့အဖွဲ့အစည်းကို စော်ကားလိုက်သလိုပါပဲ။

Daily Eleven ကပြောတယ်။ ဒီမိုကရေစီကို အထင်သေးအောင် အာရုံလွှဲနေကြသလားတဲ့။ ဒီမိုကရေစီဆိုတာ လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းက စနစ်တစ်ရပ်သာဖြစ်တဲ့အတွက် ဒီမိုကရေစီရဲ့ လွတ်လပ်မှုဟာ လူ့အဖွဲ့အစည်းရဲ့ ကန့်သတ်ချက်ဘောင်များကို မဖြစ်မနေ လေးစားလိုက်နာရမှာ ဖြစ်ကြောင်း၊ ဒါကြောင့် လွတ်လပ်မှုဆိုတာ စည်းလွတ်ဝါးလွတ်မဟုတ်ဘဲ လူ့အဖွဲ့အစည်းရဲ့ ကန့်သတ်ချက်ဘောင်အတွင်းမှာသာရှိကြောင်း၊ Freedoms of Expression လို့ဆိုပြီး အများပြည်သူရှေ့မှာ မလျော်မကန်ပြောဆိုမှုတွေ၊ မီဒီယာတွေမှာ် မလျော်မကန်ရေးသားဖော်ပြမှုတွေ ပြုလုပ်တာဟာ “ဒီမိုကရေစီကိုပုံဖျက်ခြင်း” “(Distortion of Democracy)” သာ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံအတွက် အရေးတကြီးကိစ္စများနဲ့ ပြည့်နှက်နေချိန်မှာ မီဒီယာအချို့ရဲ့အကူအညီနဲ့ လိင်တူချင်းလက်ထက်ခွင့်ကို ရှေ့တန်းတင်လာခြင်းမှာလည်း ဒီမိုကရေစီကို အထင်သေးအောင် အာရုံလွှဲခြင်း တစ်မျိုးဖြစ်တယ်တဲ့။

ကိုသန့်စင်ကတော့ ထင်ပါတယ်။ ဒီနေ့နိုင်ငံတော်ရဲ့ အရေးကိစ္စဆောင်ရွက်သူအားလုံးဟာ ဒါလောက်ကိစ္စလေးနဲ့တော့ အာရုံမလွှဲလောက်ပါဘူး။ အာရုံလည်း မလွဲသင့်ပါဘူး သူတို့ဟာသူတို့ အရှက်မရှိတဲ့ကိစ္စကို ဂရုစိုက်မနေသင့်ပါ။ အာရုံနောက်မနေသင့်ပါ။ လူ့အခွင့်အရေးဆိုပြီး လူ့ဘောင်အဖွဲ့အစည်း ဂုဏ်သိက္ခာကျစေမယ့် အခွင့်အရေးမျိုးတော့ မဖြစ်သင့်ပါ။ ဒီလိုဟာမျိုးကိုလည်း ဒီမိုကရေစီလို့ အမည်မတပ်ပါနဲ့၊ ဒီမိုကရေစီ တန်ဖိုးကျပါတယ်။ ဒါကြောင့် ကိုသန့်စင် ထွေီကာလီလည်း မပြောချင်တော့ပါ။ ကြည့်လည်းလုပ်ကြပါဦးလို့သာ ပြောချင်ပါတယ်။ ဆင်ခြင်တုံတရားလေးနဲ့ပေါ့။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *