Opinion

အားလုံးအဆင်ပြေသွားမှာပါ

ကိုဘအေးက ရှစ်တန်းကျောင်းသူသမီးကို ကျောင်းသွားကြိုရင်း လဘက်ရည်ဆိုင်ထိုင်လေ့ရှိတယ်။ သမီးကနေ့လယ်ပိုင်းကျောင်း၊ ဆယ့်နှစ်နာရီ ဆယ့်ငါးကနေ ညနေ ငါးနာရီအထိ။ အဲဒီတော့ ကိုဘအေးက အိမ်ကနေ သုံးနာရီခွဲလောက်ထွက်ပြီး ကျောင်းနဲ့ မနီးမဝေးက လဘက်ရည်ဆိုင်မှာ လဘက်ရည်တစ်ခွက်မှာ၊ ပါလာတဲ့သတင်းစာကိုဖတ်လိုက် လဘက်ရည်တစ်ကျိုက်မော့လိုက် ပေါ့ဗျာ။ အဲ့ဒီအချိန်မှာတော့ လဘက်ရည်ဆိုင်က လူအစည်ကားဆုံးပဲ။ နေ့လည် ဆယ့်နှစ်နာရီတစ်ချိန်၊ ညနေလေးနာရီ တစ်ချိန်ပေါ့။ နှစ်လုံးထွက်တာကို စောင့်ကြည့် ကြတာလေ။ တီဗွီမှာလာတဲ့ ဂဏန်းတွေက သူတို့ထိုးတာနဲ့ နီးစပ်လာပြီဆိုရင် တစ်ဆိုင်လုံးဆူညံသွားတာပဲ။ ဟိုကပြတာပြီးသွားလို့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ကြဘူးဆိုရင်တော့ ဟင်ကနဲ ဟာကနဲဖြစ်ကုန်ကြ ပြန်ရော။ သြော် – လူတွေ လူတွေ ၊ ဒီနှစ်လုံးသံသရာထဲကကို မထွက်နိုင်ကြသေးဘူးနော်။ ကိုဘအေးကတော့ သူတို့ကြည့်နေတဲ့ ဂဏန်းတွေကို မကြည့်တတ်ဘူးဗျ။ တီဗွီမှာ ထိုင်းက သတင်းတွေပြရင်းနဲ့ ဂဏာန်းတွေက အောက်မှာပြေးနေတာ၊ အပေါ်အောက် ပြောင်းနေတာတွေလည်းရှိတယ်။ အဲဒီ ဂဏာန်းလေးနှစ်လုံးကတစ်ပတ်မှာ(၅)ရက်၊ မြန်မာပြည်က လူတွေကို နှိပ်စက်နေတာပေါ့။ ထားပါ၊ ဒါကကြုံလို့ပြောတာပါ။

ကိုဘအေး လဘက်ရည်ဆိုင်ထိုင်ရင် ရံဖန်ရံခါ တစ်ဖက်လမ်းမှာနေတဲ့ ကိုမြင့်အောင်(နာမည်လွှဲ)နဲ့ ဆုံတတ်တယ်။ သူကလည်း သူ့ရဲ့သမီး ခြောက်တန်းကျောင်းသူကိုလာကြိုတာ။ ဒီလိုပဲ ဆုံကြရင် ထွေရာလေးပေါ့။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်ဖြင့် ပေါ့ဗျာ။ သူလည်း သူသိတာ သူပြော၊ ကိုယ်ကလည်း ကိုယ်သိတာ ကိုယ်ပြော။ သူ့ထင်မြင်ချက်၊ ကိုယ်ထင်မြင်ချက်တွေ ဖလှယ် ကြတာပေါ့။

တစ်ရက်တော့ ကိုမြင့်အောင်တစ်ယောက် မျက်နှာမကောင်းတာနဲ့ ကိုဘအေးက စကားတောက်ကြည့် လိုက်တယ်။
“ ဘာတွေများ စိတ်ညစ်စရာရှိလို့လဲ ကိုမြင့်အောင်”
“ခက်တယ်ဗျာ၊ လူတွေက နေရာတကာ ဂွတိုက်ရမှ ကျေနပ်ကြသလားမသိဘူး။”
“ကဲ- လင်းစမ်းပါဦးဗျာ အကြောင်းရင်းကို”
“ဒီလိုဗျာ…” လို့ အစချီပြီး ကိုမြင့်အောင်ပြောတာက………..
သူတို့လက်ရှိနေတာက ပေနှစ်ဆယ်- ခြောက်ဆယ် ပျဉ်ထောင်အိမ်မှာ ခြေရင်းဘက်ဆယ်ပေ တစ်ခြမ်းမှာနေတာ။ သူ့မိန်းမရဲ့ အမရဲ့ မိသားစုလည်းရှိတော့အမတို့လင်မယားက နောက်ဖေးထပ်ခိုးမှာအိပ်တယ်၊ အိမ်ရှေ့တစ်ခြမ်းကို ထပ်ခိုးတင်ပြီးတော့ ပစ္စည်းပစ္စယတစ်ချို့နဲ့ ကိုမြင့်အောင်တို့သားအမိ၊ သားအဖ သုံးဦးက အိပ်ကြတယ်။ ဧည့်ခန်းနဲ့ မီးဖိုဆောင်ကိုတော့ ဘုံသုံးပေါ့။ မိသားစုနှစ်ခုဆိုတော့ ဆယ်ပေးခန်းလေးက နေရာတာ ကျဉ်းကြပ်တာပေါ့ဗျာ။ဒီကြားထဲ မိန်းမနဲ့ကွဲနေတဲ့ ယောက်ဖတစ်ယောက်က လာနေသေးတယ်။ နဂို ပေနှစ်ဆယ်ဆိုရင်တော့ ဘာပဲပြောပြော နေရထိုင်ရတာ နေသာသေးတယ်ပေါ့။

ယောက္ခထီးကြီး နေမကောင်းတော့ ခေါင်းရင်းဘက်ဆယ်ပေတစ်ခြမ်းကို ရောင်းလိုက်ရတာလေ။ အဖိုးကြီးကလည်း အူမကြီး ကင်ဆာဆိုတော့ ရတော့မရပါဘူး။ လက်ရှိခေါင်းရင်းဘက်ခြမ်းမှာနေတဲ့သူတွေကလည်း ပထမ လူတွေဆီကတစ်ဆင့် ပြန်ဝယ်ပြီး နေတာ။

ဒီသာကေတဆိုတာက ဟိုအိမ်စောင့်အစိုးရလက်ထက်က နေရာချထားပေးခဲ့တာ။ တောင်ဥက္ကလာတို့ မြောက်ဥက္ကလာတို့နဲ့ အတူတူ ပေါ့။ ၁၉၅၉ ခုနှစ်လောက်ကဆိုတော့ နှစ်ပေါင်း(၅၀)ကျော်သက်တမ်းရှိပြီလေ။ မြို့စတည် တည်ချင်းတော့ ပျဉ်ထောင်အိမ်တွေက အများစုပါ။ နောက်ပိုင်းတော့ ကိုယ့်ဟာကိုယ် တိုက်ပြင်ဆောက်တဲ့ သူလည်းဆောက်ပေါ့။ လက်လွှဲရောင်းချသွားလို့ တိုက်ပြင် ဆောက်ပြီးနေတဲ့သူနေပေါ့။ ဒါပေမယ့် အများအားဖြင့်ရာခိုင်နှုန်း ကိုးဆယ်လောက်က ပျဉ်ထောင်အိမ်တွေပဲများပါတယ်။ စဉ်းစားကြည့်လေ နှစ်ပေါင်း(၅၀)ကျော်ရှိပြီးဆိုတော့ ပျဉ်ထောင်အိမ်က လမ်းလျှောက်လိုက်တိုင်း ကြမ်းခင်းတွေက တကျွီကျွီနဲ့ အသံထွက်နေပြီလေ။ အိမ်တိုင်တွေဆွေးလို့ ထပ်ပိုးရတာနဲ့၊ ဆင့်တွေအသစ်ထပ်ထည့်ရတာနဲ့ ၊ ပျဉ်ခင်းတွေလဲရတာနဲ့။ သွပ်တွေက သံချေးတက်ပြီးပေါက်ကုန်လို့ ဖါထေးတာ ဖါထေး၊ အသစ်လဲတာလဲနဲ့ လုပ်နေကြရတာ။ တစ်အိမ်လုံးပြန်ဆောက် ဖို့ကျတော့ ငွေကြေးက လိုက်နိုင်ဦးမှ။ တစ်ခြမ်းစီနေတဲ့သူတွေဆို သူ့ဘက်ချည်းပဲပြင်လို့မရ ကိုယ့်ဘက်ကချည်းပဲလည်း ပြင်လို့မရဘူး။ ဟော- အခုကန်ထရိုက်ခေတ်ရောက်တော့ ကိုယ်ကအကုန်အကျမခံရ တော့ဘူး။ ခြေရင်းခန်း၊ ခေါင်းရင်းခန်းညှိ (တချို့ကတော့လည်းတစ်ဦးတည်းပေါ့လေ)၊ ကန်ထရိုက်နဲ့စကားပြော၊ အခန်းပေးအခန်းယူကိစ္စ၊ အပြောင်းအရွှေ့ကြေးကိစ္စ(အဲဒါကို တချို့ကလည်း အလျော် အစားလို့ပြောကြတယ်)။ ညှိလို့ နှိုင်းလို့ အဆင်ပြေပြီဆိုရင် ကန်ထရိုက်နဲ့ စာချုပ်ချုပ်ကြ၊ စည်ပင်ကို အိမ်ဆောက်ခွင့်တင်၊ ကျရင် ဆိုင်းဘုတ်အစိမ်းထောင်၊ ယာယီအိမငှားနေဖို့ အိမ်ရှင်တွေပြောင်း (အိမ်ငှားရှိရင်လည်း အိမ်ငှားတွေကို စပေါ်ပြန်ပေးပြီး ဆင်းခိုင်းရတာပေါ့)ပြီးရင် အဟောင်းဆိုင် ကုလားကိုခေါ်ပြပြီး အိမ်ဟောင်းကို ဖျက်ရောင်း (အိမ်ဟောင်းကို ကန်ထရိုက်တာယူတာလည်း ရှိတယ်။ တချို့ကလည်း အိမ်ရှင်က ကိုယ့်ဖာသာရောင်း)ပြီးရင်တော့ ဆောက်လုပ်ရေးလုပ်ငန်းစကြပေါ့။ အများအားဖြင့် တစ်နှစ်နဲ့အပြီးဆောက် ကြတယ်။ အကြောင်းကြောင်းကြောင့် တစ်နှစ်နဲ့မပြီးရင်တော့ မြေရှင်ကဆက်ပြီး အိမ်ငှားနေဖို့ ကန်ထရိုက်တာက တာဝန်ယူရတယ်။ အဲဒါကလည်း စာချုပ်ထဲမှာ ထည့်ချုပ်ထားရတယ်။

ကန်ထရိုက်တာနဲ့ စာချုပ်ချုပ်တဲ့အခါတော့ အသေးစိတ်ကြည့်ရတာပေါ့။ ဘယ်နှစ်ထပ်ဆောက်မယ်(သာကေတဘက်မှာ ကန်ထရိုက်တိုက်တွေ စဆောက်ခွင့်ရတော့ စည်ပင်က သုံးထပ်ပဲ ဆောက်ဖို့ ခွင့်ပြုတယ် ပြောတယ်။ ဒါပေမယ့် ကန်ထရိုက်ကလည်း ပထမထပ်ကို ဝရန်တာမထုတ်ပဲ မှန်ခန်းလုပ်လိုက်ပြီး မြေညီနဲ့မှ အထပ်တစ်ထပ်လို့ ယူလိုက်တယ်။ ပြီးတော့မှ ဒုတိယထပ်၊ တတိယထပ်ကို နှစ်ထပ်ယူပြီး ခေါင်မိုးပေါ်မှာဒါဘာဆိုပြီး အခန်းတစ်ဝက်တင်ဆောက်လိုက်သေးတယ်)။ ခုနောက်ပိုင်းတော့ ငါးထပ်ဆောက်လို့ရပါပြီ။ အိမ်ရှေ့လမ်းအကျယ်ပေါ်မူတည်ပြီးတော့လည်း အထပ်မြင့် ဆောက်လို့ရတယ်။ နှစ်ခန်းတွဲ ဆောက်ရင်တော့ တစ်ခြမ်း ပေးတစ်ခြမ်းယူမို့ ကန်ထရိုက်တာက ပိုကြိုက်တယ်။ နှစ်ခန်းတွဲက အနည်းဆုံး မြေအကျယ်ပေ (၂၅)ရှိမှ။ ဒေါပုံဘက်ကတော့ ပေ(၂၅) မြေကွက်ဆိုတော့ နှစ်ခန်းတွဲ ဆောက်ကြတာများတယ်။ ခြေရင်း၊ ခေါင်းရင်း(၁)ပေစီ ချန်ရတော့ အခန်းလေးတွေက ကျဉ်းတာပေါ့။ ဒါပေမယ့် ဈေးကသင့်တော့လည်း အရောင်းထွက် ကြပါတယ်။

သာကေတဘက်ကတော့ မျက်နှာစာပေ နှစ်ဆယ်များတယ်။ တချို့လည်း ဘေးအိမ်က ဆယ်ပေကွက် ဆိုရင် ညှိပြီးတော့ ပေ(၃၀)နှစ်ခန်းတွဲ ဆောက်ကြတယ်ပေါ့။ ပေ(၄၀)ဆယ်ရှိတဲ့သူကတော့ နှစ်ခန်းတွဲဆိုရင် အခန်းကျယ်ရတာပေါ့။ တချို့ကလည်း (၃)ခန်းတွဲ ဆောက်ကြတယ်။ သာကေတဘက်မှာက ဒီဘက်နှစ်ပိုင်းတွေကျမှ ကန်ထရိုက်တွေ ဆောက်လာကြတာ။ နည်းနည်းခပ်ကျဲကျဲပဲ ဟိုလမ်းတစ်လုံး ၊ ဒီလမ်းတစ်လုံး တချို့လမ်းတွေဆို ဆောက်တာမရှိသေးဘူး။ ဒေါပုံဘက်ခြမ်းကတော့ ဆောက်နေတာစိပ်တယ်။ ကိုဘအေးလည်း ကိုယ်နဲ့ နီးစပ်ရာသိလို့ပြောတာပါ။ တကယ်တော့ ရန်ကုန်တစ်မြို့လုံး ဆောက်နေကြတာပါ။

ရန်ကုန်မှာတော့ ကန်ထရိုက်တိုက်တွေ စဆောက်ကြတာ ကျောက်မြောင်းဘက်ကလို့ထင်တယ်။(ကိုဘအေးအထင်မှားရင်လည်း မှားမယ်၊ ထင်တာပြောတာ) ဟိုတစ်ခါက ဆောင်းပါးတစ်ပုဒ်မှာ ကျောက်မြောင်းဘက်က သူငယ်ချင်းရဲ့ တိုက်ခန်းကို မဒမ်ဘအေးပွဲစားလုပ်တာ ရေးဖူးသေးတယ်။ ကန်ထရိုက်တိုက်တွေ မဆောက်ခင် ဟိုအရင်တုန်းက ဓမ္မစိန္တာလမ်းထဲက သူငယ်ချင်းရဲ့အိမ်ကို တစ်ခေါက်နှစ်ခေါက်လောက် ရောက်ဖူးတယ်။ နောက်ပိုင်းမှာ ကိစ္စရှိလို့ တစ်ခါသွားရှာတာ တိုက်တွေချည်းဖြစ်နေလို့ မျက်စိလည်သွားတယ်။ အိမ်နံပါတ် မှတ်မိလို့တော်သေးတာပေါ့။ ကျောက်မြောင်းဆိုတော့ တာမွေထဲပေါ့။ တာမွေထဲမှာ အားလုံးလိုလို တိုက်တွေ ချည်းဖြစ်ကုန်တာ။ နောက်တော့ စမ်းချောင်းဘက်တွေ ၊ နောက်ပိုင်းတော့ မြို့နယ်တော်တော်များများ ကန်ထရိုက် တိုက်တွေ ဆောက်ကုန်ကြတယ်။ ကန်ထရိုက်တွေ ရွှေခေတ်ပေါ့နော်။

အဲ … ပြောရရင်တော့ ကိုမြင့်အောင်တို့လည်း ကန်ထရိုက်တိုက်ဆောက်ဖို့ စိတ်ကူးကြတယ်။ ၂၀_၆၀ပေ အကွက်ဆိုတော့ နှစ်ခန်းတွဲတော့ ဆောက်လို့မရဘူး။ ၁၈ပေ တစ်ခန်းပဲ ဆောက်လို့ရတယ်။ ၅ ထပ်ပေါ့ အိမ်ရှင်ကို နှစ်ခန်းပေး ကန်ထရိုက် သုံးခန်းယူပေါ့ အထပ်ကတော့ ညှိရတာပေါ့။

ကိုမြင့်အောင်တို့က စိတ်ကူးနေကြတုန်းရှိသေးတယ် ခေါင်းရင်းခန်းက ဆရာမလာတိုင်ပင်တယ် အဲဒီလိုပဲ ဆောက်ကြရင် ကောင်းမလားပေါ့။ စောစောကပြောသလိုပဲ အိမ်တစ်လုံးကို တစ်ခြမ်းစီနေတာဆိုတော့ ပြင်ဖို့ကလည်း မလွယ်ဘူး။ ကိုမြင့်အောင် မိန်းမကလည်း ဆရာမပဲဆိုတော့ သူတို့အချင်းချင်း တစ်ညနေမှာ တိုင်ပင်နေကြတုန်း ယောက်ဖလုပ်တဲ့သူက ရူးကြောင်မူးကြောင်နဲ့ ရောက်လာပြီး ငါ့အမက ဒီအိမ်မှာပဲ ခေါင်းချမှာ သူခေါင်းချပြီးမှ နင်တို့လုပ်ချင်တာလုပ်လို့ ပြောတယ်ဆိုပြီး ဝင်ပြောတော့ တစ်ဖက်က ဆရာမကလည်း ကြောင် အမ်းအမ်းဖြစ်သွားတာပေါ့။ အမှန်က ယောက်ဖက သူ့ဟာသူ လျှောက်ပြောတာ အမက ဆောက်ဖို့ ပြောပြီးသား၊ သူက ကျန်းမာရေးက သိပ်မကောင်းတော့ ပြောင်းရရွှေ့ရမှာတွေကို စိတ်ထဲရှုပ်နေမိတာတစ်ခုပဲ။ အိမ်တစ်အိမ်ပြောင်းရရွှေ့ရတာကလည်း လွယ်တော့မလွယ်ဘူးလေ။ ပစ္စည်းတွေ သိမ်းရ ဆည်းရတာနဲ့ ၊နောက်ပြီး နေရာပြန်ချရတာနဲ့ တစ်နှစ်လောက်နေလို့ တိုက်ဆောက်ပြီးရင်လည်း ပြန်ပြောင်းရဦးမှာ။ အင်းလေ တစ်သက်လုံးကောင်းကောင်းနေသွားနိုင်ဖို့ဆိုတော့ အပင်ပန်းတော့ ခံကြရမှာပေါ့နော်။

နောက်ကျတော့ အမက သူဘာမှမပြောပါဘူးဆိုတော့ ယောက်ဖလုပ်တဲ့သူက အဲဒါဆိုရင် ကန်ထရိုက်ကို သူရှာခဲ့မယ်။ အမတို့က ဘာမှသိတာမဟုတ်ဘူး ဘာမှနားလည်တာမဟုတ်ဘူးလို့ ဆိုပြန်တယ်။ သူက နေရာ တကာဆရာကြီးလုပ်ချင်တဲ့ ဉာဉ်ရှိတယ်။ အမှန်တော့ သူ့အလုပ်နဲ့ သူလည်းအားတာမဟုတ်ဘူး မိုးလင်းသွား မိုးချုပ်မှ ပြန်လာတာ။ ပုံနှိပ်လုပ်ငန်းလုပ်တယ်ပဲ ပြောပါတော့။ တကယ်က ကိုမြင့်အောင် မိန်းမကလည်း ကျောင်းဆရာမ တစ်ဖက်ခန်းကလည်း ကျောင်းဆရာမ နလပိန်းတုံးတွေမဟုတ်ကြဘူးလေ။ ကောင်းတဲ့လူကို နံစမ်းပြီးရှာမှာ ပေါ့နော်။

တစ်ရက်ကျတော့ ညနေဖက်ပဲ တူအငယ်က သူ့အသိပွဲစားတစ်ယောက် ခေါ်လာတယ်။ အဲဒီလိိုုပဲ ပြောဆို နေကြတုန်းပဲ တူအကြီးကောင်က ရူးကြောင်မူးကြောင်နဲ့ ဝင်လာပြီး ဘယ်လိုဆောက်မှာလဲ ၊ ဘယ်အချိုးအစားနဲ့ ဆောက်မှာလဲ။ ငလျင်လှုပ်လို့ ပြိုကျရင် ဘယ်လိုလုပ်မလဲ၊ အကုန်သေကုန်မှာ ဘာညာနဲ့ ကဖျက်ယဖျက် ဝင်ပြော ပြန်တယ်တဲ့။ ပွဲစားလုပ်တဲ့သူကလည်း မင်းသဘောမတူရင် မလုပ်ပါဘူးပေါ့။ သူတို့ချင်းလည်း သိတယ်လေ။ဒီလိုဆိုတော့လည်း ကန့်ကွက်တာမဟုတ်ဘူး။ အကျိုးအကြောင်းကို ပြောပြတာလို့ဆိုပြန်တယ်။ အချင်းချင်းက တိုးတိုးတိတ်တိတ် တိုင်ပင်နေကြတာ။ မပြီးခင် ဗမာမမြင်စေနဲ့ ဆိုသလိုပဲ တကယ်မလုပ်သေးပဲနဲ့ အိမနီးပါးချင်းတွေလည်း မသိစေချင်သေးဘူးလေ။ အဲ့ဒါကို သူက အသံကျယ်ကြီးနဲ့လာပြောနေတာဆိုတော့ အားလုံးစိတ်ညစ်နေကြရတာပေါ့။

နောက်တစ်ခါ တရုတ်ကြီးဆိုတဲ့ သူတစ်ယောက်ကလည်း (သူ့နာမည်ရင်းတော့ ရှိမှာပါ၊ လမ်းထဲမှာ လူတွေကတော့ အဲဒီအတိုင်းပဲ ခေါ်နေကြတာ) ဘယ်က ဘယ်လိုကြားလာပြန်လည်း မသိဘူး တစ်ဖက်ခန်းက ဆရာမဆီမှာ ပွဲစားလာလုပ်ပြန်တယ်။ သူကလည်း လမ်းထဲမှာ နာမည်ထွက်နေတာ အဲဒီလိုပဲ အလုပ်ဖြစ်မယ့် ကိစ္စဆို သူကဝင်ပါလာပြီး ဝေစုဝင်ဝင်ယူတတ်လို့။ အဲဒီအခါကျတော့ တူအငယ်က ပူညံ ပူညံ လုပ်ပြန်ရော ဘယ်သူမှ မပြောပါနဲ့ဆိုတာ ဘာညာပေါ့၊ သူခေါ်လာတဲ့ ပွဲစားနဲ့ အလုပ်ဖြစ်ရင်တော့ သူလည်း မုန့်ဖိုးလေးဘာလေးရမယ် ထင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ပွဲစားနှစ်ယောက်ရဲ့ ကန်ထရိုက်တာကတစ်ဦးတည်းပဲ ဖြစ်နေတယ်။ အခုတော့ အဲဒီကန်ထရိုက်တာနဲ့ပဲ လုပ်ဖြစ်သွားပါတယ်။ ပွဲစားတွေကတော့ ပွဲခခွဲယူကြပေါ့။ ပွဲခက ကိုယ်ပေး စရာမလိုဘူး၊ ကန်ထရိုက်ကပဲပေးမှာ။

အဲဒီအခါကျတော့ ယောက်ဖလုပ်တဲ့သူက ရှေ့နေခေါ်လာမယ်။ ရှေ့နေနဲ့ စာချုပ်ချုပ်မယ၊် ရှေ့နေခ တစ်သိန်းပေးရမယ် လုပ်ပြန်တယ်။ ကိုမြင့်အောင်ရဲ့ မရီးရယ် ၊ သူ့မိန်းမရယ် ၊ ယောက်ဖရယ် အမွေဆိုင်က သုံးယောက် လက်မှတ်ထိုးရမှာလေ။ ပွဲစားတွေကရော ကန်ထရိုက်ကရော ပြောပါတယ်။ အရပ်စာချုပ်ချုပ်တာပဲ၊ ရှေ့နေမလိုပါဘူးပေါ့၊ သူလိုချင်တာ ကိုယ်လိုချင်တာ ညှိပြီး ချုပ်ကြရုံပဲလေ။ ရှေ့နေ ပါမှ ဇယားကရှုပ်နေဦးမယ်။ ရှေ့နေခလည်း ကုန်ဦးမယ် အားလုံးဒီလိုပဲ လုပ်နေကြတယ်။ လိုအပ်တာအားလုံး ကန်ထရိုက်က လုပ်သွားမှာပဲ၊ သူတို့လည်း လုပ်ငန်းတွေ အများကြီးလုပ်နေတာဆိုတော့ နာမည်တော့ အပျက်ခံ မှာ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကတော့ ှေ်န ှငိန ဖြစ်အောင် ပြောစရာရှိတာ ပြောထားရတာပေါ့ဗျာ။ ဒါကလည်း စာချုပ်ထဲမှာ ထည့်ချုပ်ရတာပဲ။

ကိုမြင့်အောင် မိန်းမက သူတို့က မလိုဘူးပြောတယ်။ ငါတို့ရှေ့နေ မငှားတော့ဘူးဆိုတော့မှ အေးလေဒါဆိုလည်းပြီးရောဆိုပြီး ရှောချသွားတယ်။ လက်မှတ်ထိုးစရာရှိတာလည်း ထိုးပေးလိုက်တယ်။ ယောက်ဖ အဲဒီလို နည်းနည်းလေးဆရာဝင်လုပ်လိုက်ရမှဗျ။ ကိုမြင့်အောင်ပြောပြတဲ့ ကန်ထရိုက်တိုက် ဆောက်မယ့် ရာဇဝင်ကို နားထောင်ပြီး ကိုဘအေးဆီတောင် စိတ်အညစ်တွေ ကူးစက်သွားတယ်။

အဆင်ပြေသွားမှာပါ ကိုမြင့်အောင်ရယ်။ ဒီလိုပဲ ဘာကိစ္စလုပ်လုပ် ဘယ်နေရာဖြစ်ဖြစ် အဖုအထစ်ကလေးတွေ ကတော့ရှိမှာပဲ။ ယာဉ်မောင်းတွေကိုပြောတဲ့ ဆောင်ပုဒ်လိုပေါ့။ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် ဆိုတာလေ။ စိတ်ရှည်ရှည်ထားပြီး သည်းခံတတ်ရင် တစ်နေ့တော့ အောင်မြင်မှုရလာမှာပါ။ ဘယ်နေရာမဆို အဖျက်ကတော့ ရှိတတ်တာပဲ။ ကျွန်တော်တို့ မြတ်စွာဘုရားတောင် မာရ်နတ်က ဖျက်သေးတာပဲ မဟုတ်လား။ သစ္စကပူရဗိုဇ် တို့ ဒေဝဒတ်တို့ဆိုတာလည်း မြတ်စွာဘုရားကို အမြဲတမ်း ကန့်လန့်တိုက်ခဲ့တာ မဟုတ်လား။ နောက်ဆုံးတော့ မြတ်စွာဘုရားရဲ့ ခန္တီပါရမီနဲ့ မေတ္တာတရားကပဲ အနိုင်ရသွားတာလေ။ ကျွန်တော်တို့လက်ရှိ ဒီမိုကရေစီ အစိုးရကိုပဲကြည့် အတိုက်အခံတွေ စိန်ခေါ်မှုတွေ အများကြီးပဲ။ အာဏာရလာတဲ့ အစိုးရတစ်ရပ်မှာ အာဏာမရ တဲ့ သူတွေက အတိုက်အခံဖြစ်လာတာပဲ။ ဒါက ဓမ္မတာပါ။ အစိုးရဆိုတာလည်း ပုထုဇဉ်တွေနဲ့ ဖွဲ့စည်းထားတာ။ အဲဒီတော့ ဗူ စနမ်နခအ ဆိုတာဖြစ်မှာမဟုတ်ဘူး။ တတ်နိုင်သလောက် ကောင်းအောင်လုပ်နေတဲ့ကြားက ချွတ်ယွင်း ချက်တွေ ၊ အားနည်းချက်တွေကတော့ ရှိလာမှာပဲ။ ပြည်သူလူထုအတွက် လိုအပ်ချက်တွေ အလိုမပြည့်မှုတွေ ကတော့ ရှိနေမှာပဲ။ တန်ခိုးရှင်တွေ မဟုတ်တော့ ဥုံဖွ ဆိုပြီး မြေကြီးက ပဒေသာပင် ချက်ချင်း ပေါက်လာအောင် လုပ်နိုင်ကြမှာ မဟုတ်ဘူး။ အစိုးရကလည်း အဖက်ဖက်က ကြိုးပမ်းမှုတွေ၊ အားထုတ်မှုတွေကို စေတနာပါပါ နဲ့ လုပ်ရမှာဖြစ်သလို ပြည်သူတွေကလည်း စိတ်ရှည်သည်းခံကြရမှာပါ။ တရားကိုနတ်စောင့်တယ်ဆိုတဲ့ စကားလို ဒီကြားထဲမှာ မတရားလုပ်တဲ့သူတွေရှိရင်လည်း သူတို့တရားကို သူတို့စီရင်ပါလိမ့်မယ်။

ကိုဘအေးက ရွှေပြည်အေး တရားဟောတော့မှ ကိုမြင့်အောင်လည်း ဟုတ်ပါတယ်လေ အဆင်တော့ ပြေသွားမှာပါ။ တကယ်တော့လည်း ကိုယ်က မိန်းမနဲ့စပ်မှ တော်ရတာလေ။ ကိုယ်လည်း သိပ်ပြောပိုင်ခွင့် မရှိပါဘူး။ အကြံပြုသင့်တာ အကြံပြုရတာပါ။ သူတို့ကို အဆင်ပြေသွားစေချင်လို့ပါ ဆိုပြီး မျက်နှာလေး ပြန်ကြည်လာပါတယ်။ နောက်တစ်ရက် ၊ နှစ်ရက်နေလို့ ကိုဘအေး ဈေးသွားရင်းနဲ့ တွေ့တော့ ကိုမြင့်အောင်က ကန်ထရိုက်နဲ့ စာချုပ်ချုပ်ပြီးသွားပြီ ပြောပါတယ်။ မြေဂရန်ကိစ္စလေးတွေတော့ လိုက်လုပ်နေရတယ်ပေါ့၊ ကိုဘအေးလည်း ဝမ်းသာပါတယ်ပြောလိုက်ပါတယ်။

ဒါနဲ့ ပြောရဦးမယ်၊ ကိုဘအေးတို့လည်း အခုနေနေတဲ့ မိန်းမရဲ့ အမွေဆိုင်အိမ်ကို ကန်ထရိုက်တိုက်ဆောက်ဖို့ စီစဉ်နေကြတာ၊ ပျဉ်ထောင်အိမ်ဆိုတော့လည်း ပြင်ဆောက်ဖို့က သင့်နေပြီလေ။ ဒီလိုပဲ ယောက်ဖတွေ၊ ယောက်မ တွေ၊ မရီးတွေ ၊ တူတွေ၊ တူမတွေ တစ်ယောက်တစ်ပေါက် ဖြစ်ကြဦးမှာ။ ကိုဘအေးကတော့ ပွဲကြည့်ပရိသတ် ပဲ။ တိုင်ပင်လာရင်တော့ တတ်နိုင်သလောက် အကြံပေးမယ်။ ဝင်တော့မပါတော့ဘူး ဝင်မပူတော့ဘူး၊ သူများကိုတော့ ရွှေပြည်အေး တရားဟောထားပြီး ကိုယ်ကျတော့ စိတ်ညစ်ညူးပူပန်နေလို့ မဖြစ်ဘူးလေ။ နောက်ဆုံးတော့ အားလုံးအဆင် ပြေသွားကြမှာပါ… နော်။ ကောင်းတာလုပ်တာပဲ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *