လက်ရှိအချိန် ကွန်ပျူတာလောကအတွင်း ခေတ်စားလာတာကတော့ Ultrabook တွေဖြစ်ပါတယ်။ Ultrabook ဆိုတာကတော့ အလွန်သေးငယ်တဲ့ အစိတ် အပိုင်းများ ပေါင်းစပ်ထည့်သွင်းထားတဲ့ Laptop လို့ ဆိုရမှာပါ။ ထည့်သွင်းထားတဲ့ အစိတ်အပိုင်းများအားလုံးက နောက်ဆုံးပေါ် ကမ်ဘာ့အသေးဆုံး နည်းပညာများနဲ့ ဖန်တီး ထားတဲ့ပစ္စည်းတွေကြီး ဖြစ်ပါတယ်။ ဥပမာအနေနဲ့ SSD (Solid State Hard Drive) မျိုး ဖြစ်ပါတယ်။ Ultrabook များရဲ့ အရွယ်အစားတွေကလည်း အလွန့် အလွန်ကို ပါးလွှာပြီး စွမ်းဆောင်ရည်လည်း မြင့်မားနေတာကြောင့် Laptop များ၊ Notebook များကိုပင် နောက်ကောက် ကျသွားစေပါတယ်။
ပြည်တွင်းဈေးကွက်ထဲ ဝင်ရောက်လာပြီဖြစ်တဲ့ Ultrabook အမျိုးအစား Acer Aspire S3 အတွင်း Intel ရဲ့ နောက်ဆုံးထွက် Processor ဖြစ်တဲ့ Ivy Bridge Core i5 1.7 GHz ကိုအသုံးပြုထားပြီး Turbo နည်းပညာ ပါဝင်တဲ့အတွက် Processorရဲ့ မြန်နှုန်းကို 2.6GHz အထိ မြှင့်တင်နိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစားအနေနဲ့ ၁၃ လက်မရှိတဲ့ Aspire S3 ရဲ့ resolution ထုတ်လုပ်နိုင်မှုကတော့ 1366 x 768 ဖြစ်တဲ့အတွက် သာမာန် Laptop တစ်ခုရဲ့ အရည်အသွေးလို့ ပြောလို့ရပါတယ်။ Graphic ပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင်တော့ Aspire S3က onboard graphic ကိုသာ အသုံးပြုထားတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း Acerကနေ ၄င်းရဲ့ ultrabookကို စွမ်းအား မြင့်စေချင်တဲ့အတွက် memoryနေရာမှာ DDR 3 (4GB)အထိ ထည့်သွင်းပေးထားတာကတော့ စိတ်ကျေနပ်စရာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ရုံးသုံး software များ အသုံးပြုခြင်းအပြင် သမာရိုးကျ application များကိုလည်း ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Ultrabook တွေမှာ ထူးထူးခြားခြား ပါဝင်တာကတော့ Hard Diskတွေ ဖြစ်ပါတယ်။ သမာရိုးကျ Diskတွေထက် ဆိတ်ငြိမ်ပြီး လျှင်မြန်တဲ့ စွမ်းရည်တွေနဲ့ တုန့်ပြန်နိုင်တဲ့ SSD တွေကိုသာ အသုံးပြုထားလေ့ရှိပါတယ်။ Aspire S3မှာလည်း 500 GBကို သာမာန် Hard Diskအဖြစ် ထည့်သွင်းပေးထားပြီး 20GBစာကိုတော့ SSD ထည့်သွင်းပေးထားပါတယ်။ ဘက်ထ္တရီသက်တမ်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ 3 Cell Li-Polymer batteryကို အသုံးပြုထားပါတယ်။ ဒီအပြင် Ultrabookများ အတွင်း အသုံးပြုထားတဲ့ ပစ္စည်းများဟာ low voltage ဖြစ်သည့်အပြင် ပါဝါစား သက်သာစေရန် ဖန်တီးထားတဲ့အတွက် မီးပျက်လျှင် ကွန်ပျူတာ အသုံးပြုဖို့အတွက် ကတော့ ၆ နာရီလောက်အထိ စိတ်ပူရမှာ မဟုတ်ပါဘူး။ I/O port များအနေနဲ့ကလည်း နောက်ဆုံးပေါ်တွေဖြစ်တဲ့ USB 3.0၊ HDMIတို့ကို ထည့်သွင်းပေးထားသည့် အပြင် ဆက်သွယ်မှုအနေနဲ့ကလည်း Bluetooth 4.0၊ Wi-Fi 802.11 b/g/n တို့ ပါဝင်ပါသေးတယ်။
အားသာချက်
Intel၏ နောက်ဆုံးထွက် Ivy Bridge CPUကို အသုံးပြုထားခြင်းနှင့် Memory 4 GB ထည့်သွင်းထားခြင်းတို့က Aspire S3 ရဲ့ အားသာချက်ပါပဲ။
အားနည်းချက်
မျက်နှာပြင်စွမ်းဆောင်ရည်ဟာ အခြား ultrabook များထက် နည်းပါးပြီး graphicကလည်း အနည်းငယ် နိမ့်တယ်လို့ ဆိုရမှာပါ။
ခြုံငုံသုံးသပ်ချက်
Ultrabook တစ်လုံးကို စတင်အသုံးပြုကြည့်ချင်သူများအဖို့ ကတော့ Aspire S3က သင့်တော်တယ်လို့ ဆိုရပါမယ်။ ဒါပေမယ့်လည်း ၄င်းက စွမ်းအားအမြင့်ဆုံး Ultrabook တစ်ခု မဖြစ်သေးမှန်းကိုတော့ သိထားရပါမယ်။