Automobile, News

လူငယ်တွေကြိုက်မယ့် ဇိမ်ခံကား 2015 Mercedes-Benz C 200 အသစ်ကို မြန်မာပြည်တွင် ဝယ်ယူရရှိနိုင်ပြီ။

လူငယ်တွေကြိုက်မယ့် ဇိမ်ခံကား 2015 Mercedes-Benz C 200 အသစ်ကို မြန်မာပြည်တွင် ဝယ်ယူရရှိနိုင်ပြီ

Mercedes-Benz C 200 ဟာ ပြိုင်ကားတစ်စီးရဲ့ အငွေ့အသက်ကို အပြည့်အဝ ရရှိစေမယ့် ဇိမ်ခံဆီဒင် ကားအမျိုးအစားပါ။ အင်ဂျင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကောင်းမွန်ခြင်း၊ အဆင့်မြင့်မားတဲ့ နောက်ဆုံးပေါ် ဘေးကင်းလုံခြုံရေးစနစ်တွေ ပါဝင်ခြင်း၊ ဇိမ်ခံကားတစ်စီးပီသစွာ သက်တောင့်သက်သာ ရှိခြင်းတွေကြောင့် C 200 ဟာ ဇိမ်ခံဆီဒင်ကား တစ်စီးထက် ပိုမိုတဲ့ ခံစားမှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကားရဲ့အရွယ်အစားက ကျစ်ကျစ်လစ်လစ်ရှိပြီး ပြိုင်ကားရုပ်ထွက်နဲ့ အနည်းငယ် ဆင်တူတာကြောင့် ပြိုင်ကားတွေအပေါ် နှစ်သက်ကြတဲ့ လူငယ် ကားဝါသနာရှင်တွေ အကြိုက်တွေ့ကြမှာပါ။

မြန်မာနိုင်ငံရဲ့ နံပါတ်တစ် အွန်လိုင်းမော်တော်ယာဉ်ဈေးကွက် Motors.com.mm သည် Mercedes-Benz Myanmar ၏ ပံပိုးကူညီမှုဖြင့် 2015 Mercedes-Benz C 200 ဇိမ်ခံဆီဒင်ကားကို စမ်းသပ်မောင်းနှင်မှု ပြုလုပ်ခဲ့ပါတယ်။ C 200 အမျိုးအစားဟာ Mercedes-Benz ရဲ့ C-Class အမျိုးအစားထဲမှာပါဝင်ပြီး Avantgrade, Exclusive နဲ့ AMG Line ဆိုပြီး ဂရိတ်ခွဲသုံးမျိုး ရှိပါတယ်။ Exclusive ဂရိတ်က Luxury ပိုဆန်ပြီး အတွင်းခန်းတစ်ခုလုံးကို Leather နဲ့ ကြိုးချုပ်ချုပ်ထားတာဖြစ်လို့ လူကြီးပိုင်းတွေအတွက် ပိုသင့်တော်ပါတယ်။ AMG Line ကတော့ Sport Type ပိုဆန်ပြီး အင်ဂျင်ပိုင်းစွမ်းဆောင်ရည်၊ အတွင်းခန်း အပြင်အဆင်တွေကို Sport Car ခံစားမှုဘက်ကို ပိုအသားပေးထားပါတယ်။ Avantgrade ကတော့ ပုံမှန်ရိုးရိုးရှင်းရှင်းနဲ့ ဈေးကလည်း အခြားဂရိတ်တွေထက် အနည်းငယ် သက်သာပါတယ်။

အရင်က Mercedez-Benz အမှတ်တံဆိပ်ကားတွေကို ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ သိပ်ကို မြင်တွေ့ရခဲပါတယ်။ Mercedez-Benz ကားတွေကို ကြိုက်နှစ်သက်သူအချို့ကပဲ ကိုယ်တိုင်စီးနင်းဖို့ တင်သွင်းလေ့ရှိကြပြီး ဈေးကလည်း တော်တော့်ကို ကြီးမြှင့်ပါတယ်။ လက်ရှိအချိန်မှာတော့ Cycle & Carriage Automobile Myanmar Co.,Ltd က Mercedez-Benz အမှတ်တံဆိပ် ကားတွေကို တရားဝင် တင်သွင်းရောင်းချခွင့် ရရှိပြီ ဖြစ်တာကြောင့် Mercedez-Benz ကားအသစ်တွေကို သင့်တင့်တဲ့ ဈေးနှုန်းတစ်ရပ်နဲ့ ပြည်တွင်းမှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ Mercedez-Benz ကို ကြိုက်နှစ်သက်သူတွေ အနေနဲ့ နောက်ဆုံးထုတ် Mercedez-Benz ကားသစ်တွေကို သွားရောက်ကြည့်ရှု စမ်းသပ်မောင်းနှင်ပြီး ဝယ်ယူနိုင်ပါတယ်။ ဥရောပကားမော်ဒယ်ဖြစ်လို့ ပြုပြင်ထိန်းသိမ်းရခက်ခြင်းနှင့် အပိုပစ္စည်းရှားပါးမှု ပြသနာဟောင်းတွေ အတွက်လည်း စိတ်ပူစရာမလိုပါဘူး။ Cycle & Carriage Automobile Myanmar Co.,Ltd ရဲ့ Services Center ကို ရန်ကုန်မှာ ဖွင့်လှစ်ထားပြီး မော်တော်ယာဉ်ဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်းတွေကို ဝန်ဆောင်မှုပေးနေပါတယ်။

merceds1

ကိုယ်ထည်တည်ဆောက်ပုံ ဒီဇိုင်းပိုင်း

ဇိမ်ခံဆီဒင်ကားတစ်စီးဖြစ်တဲ့ Mercedes-Benz C 200 ရဲ့ဒီဇိုင်းဟာ ရုတ်တရက်ကြည့်ရင် ရိုးရိုးကြီးပုံစံမျိုး ထင်ရပေမယ့် သေသေချာချာကြည့်လေ ခေတ်မီပြီး ပြိုင်ကားတစ်စီးပုံစံမျိုးနဲ့ တူလေလေပါပဲ။ Mercedes-Benz C 200 ရဲ့ ကားရှေ့ ကိုယ်ထည်က ပုံမှန်ဇိမ်ခံဆီဒင်ကားတွေထက် အနည်းငယ် ရှည်လျားပြီး ဒီအချက်က C 200 ကို ပြိုင်ကားတစ်စီးနဲ့ ဆင်တူစေပါတယ်။ Mercedes-Benz C 200 ကို လေခွင်းအား အထူးကောင်းမွန်စေဖို့ အထူးစီမံဒီဇိုင်းဆွဲထားတာကြောင့် ကားရဲ့ကိုယ် ထည်တစ်ခုလုံးဟာ ကျစ်ကျစ်လစ်လစ်နဲ့ ဆွဲဆောင်မှုရှိတာကို တွေ့ရမှာပါ။ Mercedes-Benz ရဲ့ဝိသေသဖြစ်တဲ့ ရိုးရှင်းသပ်ရပ်မှုကိုလည်း တွေ့မြင်ခံစားရမှာဖြစ်ပြီး C 200 မော်ဒယ်ရဲ့ ဆွဲဆောင်မှုရှိပြီး ပြိုင်ကားပုံစံဒီဇိုင်းကြောင့် ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ မောင်းနှင်တဲ့အခါ အခြားကားတွေရဲ့ တလေးတစားဦးစားပေးခြင်းခံရမှာ အသေအချာပါပဲ။

ထူးခြားချက်တစ်ရပ်အနေနဲ့ကတော့ Mercedes-Benz C 200 ကိုယ်ထည်တစ်ခုလုံးနီးပါးကို ပေါ့ပါးပြီး မာကျောတဲ့ အလူမီနီယံသတ္တုနဲ့ တည်ဆောက်ထားပါတယ်။ ဒီအချက်ကြောင့် ကားရဲ့အလေးချိန်ဟာ အရင်မော်ဒယ်တွေထက် ပေါင် ၂၂၀ လောက်ထိ လျော့ကျသွားပြီး ဒီ ၂၀၁၄ မော်ဒယ်ဟာ သူ့နောင်တော်တွေထက် ပိုပြီးလည်း ကြံခိုင်တောင့်တင်းတယ်လို့ Mercedes-Benz က ဆိုထားပါတယ်။

ရှေ့မီးကြီးက ဟေလိုဂျင်မီးသီးတွေထက် ရှေ့မြင်ကွင်းကို ပိုမို ရှင်းလင်းစေတဲ့ LED မီးကြီးတွေဖြစ်ပြီး ကားစတီယာ ရင်လှည့်တဲ့ဘက်(သို့) ကားကွေ့တဲ့ဘက်ကို အလိုအလျောက်လှည့်ပေးမှာတဲ့ Intelligent Light System ဖြစ်လို့ ကားရှေ့ မြင်ကွင်းပိုင်း ရှင်းလင်းဖို့အတွက် စိတ်ပူစရာမလိုတော့ပါဘူး။ ရှေ့မီးကြီး၊ နောက်မီးတွေမှာ နေ့လင်းမီးတန်းတွေနဲ့ အဆင့်မြင့်ထားပါသေးတယ်။ နောက်ကြည့်မှန်တွေကို အလိုအလျောက် ခေါက်သိမ်းတဲ့ စနစ်ပါဝင်ပြီး နေရာကျဉ်းကျဉ်းတွေမှာ ကားရပ်နားစဉ် အဆင် ပြေမှာပါ။

mercedes2

 

အတွင်းပိုင်းအပြင်အဆင်

ထိပ်တန်းဇိမ်ခံကား တစ်စီးဖြစ်တာနဲ့အညီ သက်တောင့်သက်သာရှိစေမယ့် Features တွေကို ထည့်သွင်း တည်ဆောက်ထားပါတယ်။ ကားမောင်းသူထိုင်ခုံနဲ့ ရှေ့ခန်း ခရီးသည်ထိုင်ခုံတွေကို သက်တောင့်သက်သာရှိစေဖို့ ကိုယ်ကြိုက်နှစ်သက်သလို ထိုင်ခုံအနေအထား လေးမျိုးအထိ ပြောင်းလဲချိန်ညှိနိုင်ပါတယ်။ ထိုင်ခုံအားလုံးက ရာသီဥတုကို လိုက်ပြီး အပူအအေးထိန်းချုပ်ပေးနိုင်တဲ့ ချည်သားကို အသုံးပြုပြီး Hand-made Fitting ကျကျ ချုပ်လုပ်ထားပါတယ်။ ကားအတွင်းခန်း အပူချိန်ကို အလို အလျောက် ထိန်းချုပ်တဲ့ (Thermatic automatic Climate Control) စနစ်ပါဝင်ပြီး ဒီစနစ်က ခရီးသည်အရေအတွက်နဲ့ ပြင်ပရာသီဥတု အပူချိန်အပေါ် မူတည်ပြီး အအေးပေးစနစ်ကို ထိန်းချုပ်ပေးပါတယ်။

ကားတွင်းလေသန့်စင်မှုစနစ်က ဖုန်မှုန့်တွေကို တစ်လက်မရဲ့(ဝ.ဝ၀ဝ၂) အရွယ်အစားအထိ စစ်ထုတ်သန့်စင်ပေးမှာ ဖြစ်ပြီး ပြင်ပက ဆိုးရွားအနံအသက်တွေ၊ ဆာလဖာဒိုင်အောက်ဆိုက်ဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ဒ်၊ ဟိုက်ဒရိုကာဗွန် တို့လို ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတ်ငွေ့တွေကိုလည်း သန့်စင်ပေးမှာဖြစ်ပါတယ်။ ရလာဒ်ကတော့ ရန်ကုန်ရဲ့ ကားကျပ်ကျပ် လမ်းမတွေပေါ်ရောက်နေရင်တောင် ဇိမ်ခံအိမ်တစ်လုံးထဲရောက်နေသလို သက်တောင့်သက်သာ ရှိနေမှာပါ။ ဒီအချက်က ကားအကြာကြီးမောင်းနှင်ရလေ့ရှိသူတွေ၊ ခရီးဝေးမောင်းနှင်သူတွေအတွက် တကယ့်ကို စိတ်ရောကိုယ်ပါ လန်းဆန်းစေမှာပါ။

မြင်ကွင်းကျယ် ရူခင်းကြည့် ပြတင်း (Panoramic Sliding Sunroof) ပါဝင်တာကြောင့် သဘာဝအလင်းရောင်နဲ့ လတ်ဆတ်တဲ့ လေထုကို ထိတွေ့ခံစားကြည့်ချင်တဲ့ အချိန်မျိုးမှာ သင့်ဆန္ဒကို အပြည့်အဝဖြည့်ဆည်းပေးနိုင်မှာပါ။ နောက်ဖုံးကတော့ ပစ္စည်းတွေထည့်ဖို့၊ ခရီးသွားတဲ့အခါ ဝန်စည်စလွယ်တွေ တင်ဖို့ လုံလောက်အောင် ကျယ်ဝန်းပါတယ်။ နောက်ဖုံးတံခါးအဖွင့်အပိတ်ကို အလွယ်တကူပြုလုပ်နိုင်အောင်လည်း အာရုံခံစနစ်တစ်ခုကို တပ်ဆင်ထားပါတယ်။ ပစ္စည်းတွေကို သယ်လာပြီး လက်မအားတဲ့အခါမျိုးမှာ ကားနောက်ပိုင်းမြီးရဲ့ အောက်ခြေမှာ ခြေတစ်ဖက်ဝှေ့ယမ်းလိုက်တာနဲ့ ကားနောက်ဖုံးတံခါးက အလိုအလျောက် အဖွင့်အပိတ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

mercedes3

 

ပြိုင်ကားအငွေ့အသက် နဲ့ ဖျော်ဖြေရေးကဏ္ဍ

Mercedes-Benz C 200 မှာ ပြိုင်ကားတစ်စီးရဲ့ အငွေ့အသက်ကို အပြည့်အဝရရှိစေမယ့် Feature တစ်ခု ပါဝင်ပါတယ်။ ကားအတွင်းခန်းအရောင်ကို ကွဲပြားတဲ့ အရောင် သုံးမျိုးထဲကမှ စိတ်ကြိုက်ပြောင်းလဲသတ်မှတ်နိုင်ခြင်းပါ။ ဒီအချက်က ပြိုင်ကားဝါသနာရှင် လူငယ်တွေကို စိတ်ဝင်စားစေမှာ အမှန်ပါပဲ။ ဒါ့အပြင် ကားမောင်းသူနဲ့ ရှေ့ခန်း ခရီးသည်ထိုင်ခုံတွေဟာ စူပါပြိုင်ကားတစ်စီးက ထိုင်ခုံတွေပုံစံမျိုး ဒီဇိုင်းထုတ်ထားတာပါသေးတယ်။

ပြိုင်ကားချစ်သူလူငယ်တွေဟာ မြူးကြွသွက်လက်တဲ့ သီချင်းတွေကို ခပ်ကျယ်ကျယ် ဖွင့်လေ့ရှိကြပါတယ်။ ဒါကြောင့် C 200 ရဲ့အသံပိုင်းဆိုင်ရာကိုလည်း Mercedes-Benz က လျစ်လျူရှုမထားခဲ့ပါဘူး။ ကားအတွင်းပိုင်း အသံစနစ်အတွက် Burmester Surround Sound System ကို စွမ်းအားမြင့် စပီကာ ၁၃ လုံးနဲ့ တွဲဖက်အသုံးပြုထားပါတယ်။ ကားရှေ့ပိုင်း ခြေနင်းနေရာမှာ ဘေစ့်စပီကာ နှစ်လုံးတပ်ဆင်ထားပြီး မြူးကြွသွက်လက်တဲ့ ဂီတသံမျိုးစုံကို သိသိသာသာခံစားရရှိစေမှာပါ။ ၇ လက်မအရွယ် High-resolution မျက်နှာပြင်မှာ ကားမောင်းနှင်မှု အချက်အလက်တွေ၊ လမ်းညွန်စနစ်၊ ဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး ဂီယာတံနေရာမှာရှိတဲ့ Multitouch Sensor Touchpad ကတဆင့်လည်း အလွယ်တကူ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

mercedes4

အင်ဂျင်နဲ့ စက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်

၂.ဝ လီတာ ဆလင်ဒါလေးလုံးထိုး ဓာတ်ဆီ တာဘိုအင်ဂျင်ကို အသုံးပြုထားပြီး မြင်းကောင်ရေ ၁၈၄ ကောင်ရေနဲ့ ၅၅၀ဝ rpm ရှိပါတယ်။ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီကို ၂၃၅ ကီလို မီတာ (235 km/h)၊ အရှိန်တင်နိုင်နှုန်း အရ သုညကနေ ၁၀ဝ ကီလို မီတာကို (၇.၃) စက္ကန့်အတွင်း ရောက်ရှိစေလို့ ဇိမ်ခံဆီဒင်ကားတွေထဲမှာ အင်ဂျင်စွမ်းဆောင်ရည်က ထိပ်တန်းဖြစ်ပါတယ်။ ဆီစားနှုန်းက ကီလိုမီတာ ၁၀ဝကို လောင်စာဆီ ၅.၆ လီတာ (5.6 L/100km) ရှိလို့ ဆီစား သက်သာတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ECO Star/Stop လုပ်ဆောင်ချက်က မီးပွိုင့်တွေနဲ့ ကားခတ္တခဏရပ်နားစဉ် အချိန်တွေမှာ လောင်စာဆီကို အထူးချွေတာပေးပါတယ်။

ကားအမြန်နှုန်းကို အလိုအလျောက် ထိန်းချုပ်ပေးတဲ့ Cruise Control စနစ်ကို အဆင့်မြင့်ထားပြီး SPEEDTRONIC က ကိုယ်မောင်းလိုတဲ့ အမြန်နှုန်းကို ကိုယ်ကိုယ်တိုင် သတ်မှတ်ပြီး မောင်းနှင်နိုင်မှာပါ။ ဒီစနစ်က ကားစတင် မောင်းနှင်သူတွေအတွက် အရမ်းကောင်းတဲ့ စနစ်ဖြစ်ပြီး လီဗာဘယ်လောက်နင်းနင်း ကိုယ်သတ်မှတ်ထားတဲ့ အမြန်နှုန်းထက် ပိုသွားခြင်းမရှိပဲ၊ အရှိန်လွန် ကားမတော်တဆမှုတွေကနေ ကာကွယ်ပေးမှာပါ။

AGILITY CONTROL Suspension ကြောင့် လမ်းမျက်နှာပြင် အနေအထားနဲ့ ကိုက်ညီလိုက်ဖက်တဲ့ Suspension စနစ် ကို စိတ်ကြိုက်ပြောင်းလဲနိုင်ပြီး ငြိမ့်ညောင်းမှုအပြည့်နဲ့ မောင်းနှင်သွားလာနိုင်မှာပါ။ Electric Stability Program (ESP) မှာ ပါဝင်တဲ့ Dynamic Cornering Assist ကတော့ လမ်းကွေ့တွေကို အရှိန်နဲ့ ချိုးကွေ့တဲ့အခါ ကားကို ထိန်းချုပ်ရတာ လွယ်ကူစေမှာဖြစ်ပြီး လုံခြုံစိတ်ရမှုနဲ့ တည်ငြိမ်မှုကို ခံစားရမှာပါ။ ဒါကြောင့် အရှိန်နဲ့ ကွေ့တဲ့အခါ ကားက အနည်းငယ်ယိမ်းယိုင်လာပြီး ၊ ထိန်းချုပ်ရတာ အခက်အခဲရှိနေပြီဆိုတာနဲ့ ESP ရဲ့ အာရုံခံစနစ်တွေက သိရှိပြီးတစ်ပြိုင်နက် အတွင်းဘက် ကားဘီးတွေအပေါ်ကို သတ်မှတ်ထားတဲ့ အရှိန်ထိန်းဘရိတ်တွေ သက်ရောက်စေကာ ယိမ်းယိုင်မှုတွေကို လျော့ချပေးပါတယ်။

Mercedes-Benz C 200 ကို ထိန်းကျောင်းမောင်းနှင်တဲ့ Transmission ဂီယာစနစ်ဟာ 7G-TRONIC PLUS အော်တိုဂီယာစနစ်ဖြစ်ပြီး ကားဆိုင်းထိန်းစနစ်(Suspension)နဲ့ ထိန်းချုပ်မောင်းနှင်မှုစနစ်ကို ကိုယ်ကြိုက်နှစ်သက်ရာ ပုံစံ ငါးမျိုးနဲ့ ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ Eco Mode က မီးပွိုင်မှာလိုမျိုး ကားခေတ္တခဏတာရပ်နားချိန်တွေမှာ လျှပ်စစ်မော်တာနဲ့ ကားကိုခဏတာ မောင်းနှင်စေတာကြောင့် လောင်စာဆီ ချွေတာပေးနိုင်ပါတယ်။ Comfort Mode က ကားရဲ့ဆိုင်းထိန်းစနစ်ကို သက်တောင့် သက်သာဖြစ်အောင် ပြုပြင်ပေးပြီး မြို့တွင်းလမ်းတွေပေါ် မောင်းနှင်ရာမှာ တကယ့်ကိုပဲ သက်တောင့် သက်သာရှိစေမှာပါ။ Sport + Mode ကိုပြောင်းလဲမောင်းနှင်မယ်ဆိုရင်တော့ ကားရဲ့ဆိုင်းထိန်းစနစ်က ပိုမိုမာကျောကြံခိုင်လာပြီး ကားကို အရှိန်မြင့်မြင့်နဲ့ ငြင်ငြင်သာသာ မောင်းနှင်နိုင်ပါလိမ့်မယ်။

mercedes5

ဘေးကင်းလုံခြုံရေးစနစ်

Mercedes-Benz ရဲ့အဓိက လက်ကိုင်ထားတဲ့ မူဝါဒက ဘေးအန္တာရာယ် ကင်းကင်းနဲ့ လုံခြုံစိတ်ချစွာ မောင်းနှင်းနိုင်ဖို့ပါ။ ဒါကြောင့် ပြိုင်ကားတစ်စီးရဲ့ အငွေ့အသက်တွေကို ခံစားရမယ့် Mercedes-Benz C 200 မှာ နောက်ဆုံးပေါ်အဆင့်မြင့် ဘေးကင်းလုံခြုံရေး နည်းပညာတွေကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ PARKTRONIC နဲ့ Active Parking Assist စနစ်တွေက ကားရပ်နားတဲ့အခါမျိုးမှာ ကားရပ်နားမယ့် နေရာအကျယ်အဝန်းကို တွက်ချက်ပေးပြီး ဘယ်လိုမျိုး ကားရပ်နားသင့်တယ် ဆိုတာမျိုးအထိ ကူညီပေးမှာပါ။ ဒါ့အပြင် အခြားကားတွေနဲ့ တိုက်မိခြင်းမှ ကင်းဝေးဖို့ ကားပတ်လည်က အရာဝတ္တုတွေကို အာရုံခံကိရိယာက စုံစမ်းပြီး ယာဉ်မောင်းသူကို အသိပေးခြင်း၊ အလိုအလျှောက် ကားဘရိတ်ဖမ်းပေးခြင်းတွေကို ပြုလုပ်ပေးမှာပါ။

Mercedes-Benz Intelligent Drive စနစ်က ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ဖို့ ယာဉ်မောင်းကို အကူအညီတွေ အပြည့်အဝ ပေးထားပါတယ်။ DISTRONIC PLUS နဲ့ Steering Assist and Stop & Go Pilot အတွဲအစပ်က သင့်ရှေ့က ကားနဲ့ မတိုက်မိအောင် အသိပေးနေပြီး လုံခြုံစိတ်ချရတဲ့ အကွာအဝေးတစ်ခုမှာ ရှိနေအောင် ကူညီပေးပါတယ်။ Attention Assist စနစ်ကတော့ ကားမောင်းသူရဲ့ အပြုအမှုတွေကို သတ်မှတ်ချက် အချက်(၇၀)နဲ့ စောင့်ကြည့်ပြီး သတိပေးမှုတွေပြုလုပ်မှာပါ။ အကယ်၍ ကားမောင်းသူက အိပ်ငိုက်နေရင်၊ ပင်ပန်းနွမ်းနယ်နေရင် ဒီစနစ်က အာရုံခံသိရှိပြီး စခရင်ဒိုင်ခွက်နဲ့ အသံအချက် ပေးမှုတွေကတဆင့် ကားရပ်ဖို့၊ အနားယူဖို့ အလိုအလျောက် အသိပေးမှုတွေကို ပြုလုပ်ပေးမှာပါ။ ခရီးဝေးမောင်းနှင်မှုတွေအတွက် အရမ်းကောင်းတဲ့ လုံခြုံရေးစနစ်တစ်ခုပါ။

Electric Stability Program (ESP)၊ Anti-Lock Braking System (ABS)၊ Adaptive Brake၊ Cruise Control စတဲ့ နည်းပညာမြင့် မော်တော်ယာဉ်လုံခြုံရေး နည်းပညာတွေလည်း ပါဝင်ပါတယ်။ PRE-Safe လုံခြုံရေးစနစ်က ကားရှေ့မှာရှိတဲ့ အရာတွေကို ရေဒါလှိုင်းအခြေပြု ထောက်လှမ်းပေးသွားမှာပါ။ Electric Stability Program (ESP) က လမ်းအကွေ့တွေ၊ မြေမျက်နှာပြင် မညီညာတဲ့ အခြေအနေတွေမှာ ယာဉ်တည်ငြိမ်မှုနဲ့ ကားဘီးတစ်ခုချင်းစီအပေါ်မှာ ထိန်းချုပ်မှုတွေ လုပ်ပေးမှာပါ။ Anti-Lock Braking System (ABS) ကတော့ ကားဘရိတ်အုပ်စဉ် ကားဘီးတာယာတွေ အသေ လောခ့်(Lock)ကျခြင်းမှ ကာကွယ်ပေးပြီး လမ်းမချော်၊ စလစ်မဖြစ်စေပဲ အန္တာရာယ်ကင်းကင်း မျှမျှတတ ဘရိတ်မိအောင်ပြုလုပ်ပေးပါတယ်။
Adaptive Brake နည်းပညာကြောင့် ဘရိတ်ကို ခပ်ဖြည်းဖြည်းနင်းလိုက်ရုံနဲ့ ကားဘရိတ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ဖို့ ကူညီပေးပါတယ်။

တကယ့်ကို အသုံးတည့်တဲ့ အခြားသော အားသာချက် တစ်ရပ်ကတော့ Mercedes-Benz C 200 ရဲ့စတီယာရင်က ဘီးတွေကို ပုံမှန်အခြေအနေကနေ ၉၀ ဒီဂရီအထိ ချိုးကွေ့စေနိုင်ပါတယ်။ ဒီအချက်က ကျဉ်းမြောင်းတဲ့ လမ်းတွေမှာ U turn လှည့်ကွေ့ ချင်တဲ့အခါ အထောက်အကူဖြစ်ပါတယ်။

mercedes6

သုံးသပ်ချက်အကျဉ်း၊ ဝယ်ယူရန်လမ်းညွန် နှင့် အာမခံစနစ်

motors.com.mm စမ်းသပ်မောင်းနှင်စဉ်အတွင်း Mercedes-Benz C 200 ၏ လုံခြုံရေး နည်းပညာများကို အမျိုးမျိုး စမ်းသပ်ခဲ့ပါတယ်။ တစ်နာရီ ကီလိုမီတာ ၂၀ဝ အထိ အရှိန်မြင့် မောင်းနှင်ခဲ့စဉ် ESP ၊ ABS ၊ Adaptive Brake၊ Cruise Control လုံခြုံရေး စနစ်များအပြည့်အဝ သက်ရောက်မှုရှိခဲ့ကာ လမ်းမညီညာမှုများတွင် ယာဉ်တည်ငြိမ်မှု အပြည့်ရှိခြင်း၊ အန္တာရယ်ရှိသော လမ်းကွေ့များတွင်လည်း လုံခြုံရေးစနစ်များ သက်ရောက်ခဲ့ပြီး အလိုအလျှောက် ထိန်းကျောင်းမောင်းနှင်မှုများကို မျက်မြင်တွေ့ရှိခဲ့ပါတယ်။

၂၀၁၅ မော်ဒယ် Mercedes-Benz C 200 ဟာ ဇိမ်ခံဆီဒင်အမျိုးအစားဖြစ်ပြီး Mercedez-Benz Myanmar အဆိုအရတော့ Upper-middle Class နဲ့ Upper Class လူတန်းစားအတွက် ရည်ရွယ်ပါတယ်။ မော်တော်ယာဉ်ဆိုင်ရာ အဆင့်မြင့်နည်းပညာတွေ ပါဝင်တာ၊ မောင်းနှင်မှု အထောက်အကူပြု လုံခြုံရေးစနစ် မြင့်မားတာ၊ အင်ဂျင်စွမ်းဆောင်ရည် ကောင်းမွန်တာ၊ Luxury Seden ထဲမှာ အမြန်နှုန်းကောင်းမွန်တဲ့ အချက်တွေက ပေးရတဲ့ တန်ဖိုးနဲ့ ထိုက်တန်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကဈေးကွက်မှာ အခြေခံဈေးနှုန်း ကန်ဒေါ်လာ ခြောက်သောင်းကျော်က စတင်မှာဖြစ်ပြီး ၂၀၁၅ မော်ဒယ်ကို မှာယူမယ်ဆိုရင်တော့ သင်္ဘောတင်စားရိတ်၊ ဆိပ်ကမ်းရောက် CIF တန်ဖိုး၊ ကညနအခွန်၊ အကောက်ခွန် အားလုံးပေးဆောင်ပြီး အပြီးအစီးတန်ဖိုးက မူရင်းတန်ဖိုးရဲ့ နှစ်ဆနီးပါး ကျသင့်မှာပါ။

Mercedez-Benz Myanmar Showroom မှာတော့ Avantgrade ကို အမေရိကန်ဒေါ်လာ ၁၁၃၀ဝ၀ ၊ Exclusive ဂရိတ်ကို အမေရိကန်ဒေါ်လာ ၁၁၅၀ဝ၀ နဲ့ AMG Line ဂရိတ်ကို အမေရိကန်ဒေါ်လာ ၁၁၈၀ဝ၀ စသဖြင့် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိမှာပါ။ အာမခံစနစ်ကတော့ 2-Years Parts Warrenty နဲ့ 3-Years Services Warrenty တို့ကို ဝယ်ယူစဉ် တစ်ပါတည်း ရရှိနိုင်ပါတယ်။ ပြည်တွင်းတွင် မျက်မြင်ဝယ်ယူလိုပါက Mercedez-Benz Myanmar Showroom အမှတ်(၅၁)၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – 01-666-712, 01-664-059 ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *