ကိုဘအေးတို့ လမ်းထဲကို နှစ်ကျိပ်ရှစ်ဆူ ဘုရားတစ်ဆူ ကြွတယ်။ ဘုရားပင့်လာတဲ့နေ့က လမ်းထဲမှာ တစ်အိမ်တက်တစ်အိမ်ဆင်း အပူဇော်ခံပြီး နောက်တစ်နေ့မနက်မှာ ဘုရားအမှုးပြုပြီး သံဃာတော်ငါးပါးကို နေ့ဆွမ်းကပ်ရမယ်။ တစ်အိမ်ကို ဆွမ်းတစ်ပွဲ၊ ဆွမ်းဟင်းတစ်ပွဲ ပို့ရမှာဖြစ်လို့ ကြက်သားဆီပြန်လေးနဲ့ သရက်ချဉ်သုပ်လေးလုပ်ဖို့ မဒမ်ဘအေး စီစဉ်တယ်။ ဒါပေမယ့်သူက ခါးနာနေလို့ ကိုဘအေးပဲ ဈေးခြင်းတောင်းဆွဲပြီး အဝယ်တော် လုပ်လိုက်ရတယ်။ ကြက်သားဈေးက (၇၀ဝ၀) ဖြစ်နေပြီ။ (၄၀)သား ဝယ်လိုက်တယ်။ ရင်ပုံသားကို ခုတ်ထားတဲ့ အပိုင်းလေးတွေဆိုတော့ အသားတော့ များပါတယ်။ ပြီးတော့ ဟင်းရွက်သယ်ဆီမှာ သရက်ချဉ်ဝယ်၊ လဘက်အကြော်စုံဆိုင်မှာ ကြက်သွန်ကြော်၊ နှမ်း၊ မြေပဲကြော် တစ်ထုပ်စီ ဝယ်တယ်။ သြော်- ကုန်စုံဆိုင်မှာ ကုလားလေးမဆလာတစ်ဗူး ဝယ်ရသေးတယ်။ သမီးကမှာလို့ ရွှေရင်အေးပါဆယ် တစ်ခွက်နဲ့ အုန်းနို့ကျောက်ကျောနှစ်တုံး ဝယ်ပြီး ဈေးထဲက ပြန်ထွက်ခဲ့တယ်။ အိမ်က ဘုရားဆွမ်းတော်ကပ်ဖို့ လမ်းထိပ်မှာ ဖရဲသီးတစ်စိပ်ဝယ်၊ ကိုယ်တွေစားဖို့ ခေါက်ဆွဲသုပ်နှစ်ပွဲ ဝင်ဝယ်ပြီး ဈေးဝယ်တဲ့ကိစ္စ ပြီးတယ်ဆိုပါတော့။ ချက်တာပြုတ်တာကတော့ မဒမ်ဘအေးရဲ့ တာဝန်ပေါ့။ ကိုယ်က တစ်ပတ်စာအဝတ်တွေ လျှော်ရအုံးမှာ။ အားလုံး ချက်ပြုတ်ပြီးစီးတော့ ကိုးနာရီထိုးပြီ။ ဒါနဲ့ ဆွမ်းနဲ့ ဆွမ်းဟင်းတွေကို စတီးချိုင့်နဲ့ထည့်ပြီး မြတ်စွာဘုရားသီတင်းသုံးနေတဲ့ လမ်းထဲက သာသနာ့အလင်းရောင် ဓမ္မာရုံကို သွားပို့ပါတယ်။ ဝေယျာဝစ္စလုပ်နေတဲ့ အဒေါ်ကြီးတစ်ယောက်က ကိုဘအေးကို တရားနာလည်း လာခဲ့ဖို့ ပြောပါတယ်။ ကိုဘအေးလည်း ဟုတ်ကဲ့လို့ ကောင်းအောင်ပြောဆိုခဲ့ပြီး အိမ်ကနေပဲ အဝတ်လျှော်စက် လှည့်ထားရင်းနဲ့ နာလိုက်တော့တယ်။
ကိုဘအေးတို့လမ်းထဲကို နှစ်ကျိပ်ရှစ်ဆူဘုရားက နှစ်ကြိမ်ကြွတယ်။ သင်္ကြန်မတိုင်မီတစ်ကြိမ်၊ သင်္ကြန်တွင်းမှာ တစ်ကြိမ်ကြွတယ်။ လမ်းတိုင်းတော့ နှစ်ကြိမ်ကြွတာ မဟုတ်ဘူး။ အဲဒီအကြောင်းတွေကိုတော့ သာကေတသူဖြစ်တဲ့ မဒမ်ဘအေးပြောပြလို့ သိရတာပါ။ သင်္ကြန်မတိုင်မီကြွတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားက ရပ်ကွက်လုံးဆိုင်ရာ ဓမ္မာရုံက ပင့်ရတာ။ ကိုဘအေးတို့က ၁/ထူပါရုံ ရပ်ကွက်ပေါ့။ ဘုရားတွေမပင့်မီ တစ်လလောက်အလိုမှာ ဓမ္မာရုံမှာ ဘုရားမဲနှိုက်ရတယ်။ ကိုယ်မဲကျတဲ့ဘုရားကို အခု ပင့်ဆောင်ပူဇော်ထားတာပေါ့။ ဓမ္မာရုံရှိတဲ့လမ်းက ဓမ္မာရုံမှာ သီတင်းသုံးပေါ့။ ဓမ္မာရုံမရှိတဲ့လမ်းကတော့ ဘုရားမဏ္ဍာပ်ထိုးပြီး ပူဇော်ရတယ်။ ကိုဘအေးတို့လမ်းလည်း အရင်က ဓမ္မာရုံမရှိတော့ လမ်းအလယ်ပိုင်းလောက်မှာ မဏ္ဍာပ်ထိုးပြီး ပင့်ထားရတယ်။ ဓမ္မာရုံဆောက်ပြီးသွားတော့ မနှစ်စပြီး ဓမ္မာရုံမှာ အပူဇော်ခံလို့ ရသွားတယ်။ နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို ပင့်ထားပြီးတော့ (၅)ရက်သီတင်းသုံးအပြီးမှာ ဒေသစာရီ ကြွချီအပူဇော်ခံပြီး တစ်နှစ်ပတ်လုံး သီတင်းသုံးတော်မူရာ ရပ်ကွက်လုံးဆိုင်ရာ ဓမ္မာရုံကြီးကို ဘုရားများကို ပြန်လည်ပို့ဆောင်ရပါတယ်။
သင်္ကြန်တွင်း (အကြိုနေ့မှာ) ပင့်ရတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားများက မြို့နယ်လုံးဆိုင်ရာ ဓမ္မာရုံကြီးက ဖြစ်ပါတယ်။ သာကေတမြို့ကြီး စတည်ကတည်းက ရပ်ကွက်အလိုက် မဲနှိုက်ပြီး ရပ်ကွက်ထဲမှာမှ အခုလမ်းက ရေလှည်းဦးမောင်မောင်ဆိုတာ မဲပေါက်ထားတာလို့ သိရပါတယ်။ အဲဒီတုန်းက အခုလိုလမ်းတွေမှာ အဝီစိတွင်းတွေ မရှိသေးဘူး။ ရေစည်လှည်းတွေ ဝယ်သုံးရတာ။ ရေစည်လှည်းဆိုလို့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက် ကိုဘအေး သန်လျင်မှာနေတုန်းက ရန်ကုန်မြို့ထဲကို လာရင်းနဲ့ သာကေတအဝိုင်းနားမှာ တွေ့ရတဲ့ ရေစည်လှည်းတွေဟာ အပျံစားလုပ်ထားတာ တွေ့ဖူးတယ်။ ရေစည်လှည်းကို ဆေးရောင်တွေ အလှအပ ခြယ်ထားပြီးတော့ လှည်းထိပ်မှာလည်း ပန်းအိုးလေးထိုးလို့ ပြီးတော့ နောက်ကြည့်မှန်တွေ ဘာတွေနဲ့ ကိုဘအေးကတောင် တယ်ဟုတ်ပါလားလို့ အောက်မေ့မိသေးတယ်။ အရင်တုန်းက အခုနေတဲ့ ရပ်ကွက်ထဲမှာ ရေစည်လှည်းအဖွဲ့ဆိုတာ ရှိတယ်တဲ့။ အဲ့ဒီရဲ့ခေါင်းဆောင် ရေလှည်းဦးမောင်မောင်ဆိုတာက လမ်းထဲမှာ နေတယ်။ နှစ်ကျိပ်ရှစ်ဆူဘုရားကို ဦးမောင်မောင် မဲနှိုက်ပြီး ပေါက်ခဲ့တာ အစဉ်အလာအရ ခုအချိန်အထိ နှစ်စဉ်ဘုရားပင့်ပြီး ပူဇော်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုဘအေးတို့လမ်းက နှစ်တိုင်း ဘုရားနှစ်ကြိမ် ပင့်ရတယ်။ ဘုရားနှစ်ကြိမ် လှည့်ရတယ်။ မနှစ်တုန်းက စီနီယာနံပါတ် (၁) ပေါက်လို့ ဘုရားလှည့်တော့ ဒေဝါဝင်း၊ ရာဇာဝင်းတွေပါ ခင်းရတယ်။ တီးဝိုင်းအဖွဲ့လည်း ငှားရတယ်။ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲနဲ့ ကြုံဖူးတာတော့ ရန်ကင်းမှာနေတုန်းကလည်း ကြုံဖူးတယ်။ ရန်ကင်း နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကလည်း တော်တော်စည်ကားပါတယ်။
ဒီနှစ် ကိုဘအေးတို့လမ်း မဲပေါက်ပြီး ပင့်ဆောင်ပူဇော်ရတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားက ဝါတော်စဉ် (၂၁)ဖြစ်တဲ့ “ဖုဿ” မြတ်စွာဘုရား ဖြစ်ပါတယ်။ နှစ်ကျိပ်ရှစ်ဆူဆိုတာကတော့ ဂဏန်းအနေနဲ့ ၂၈ ဖြစ်ပါတယ်။ အဲဒီ ၂၈ ဆူသော ဘုရားတွေရဲ့ ဝါစဉ်က အောက်ပါအတိုင်း ဖြစ်တာ တွေ့ရပါတယ်။
၁။ တဏှင်္ကရာဘုရား
၂။ မေဓင်္ကရာဘုရား
၃။ သရဏင်္ကရာဘုရား
၄။ ဒီပင်္ကရာဘုရား
၅။ ကောဏ္ဍညဘုရား
၆။ မင်္ဂလဘုရား
၇။ သုမနဘုရား
၈။ ရေဝတဘုရား
၉။ သောဘိတဘုရား
၁၀။ အနောမဒဿီဘုရား
၁၁။ ပဒုမဘုရား
၁၂။ နာရဒဘုရား
၁၃။ ပဒုမုတ္တိရ်ဘုရား
၁၄။ သုမေဓါဘုရား
၁၅။ သုဇာတဘုရား
၁၆။ ပိယဒဿီဘုရား
၁၇။ အတ္ထဒဿီဘုရား
၁၈။ ဓမ္မဒဿီဘုရား
၁၉။ သိဒ္ဓတ္ထဘုရား
၂၀။ တိဿဘုရား
၂၁။ ဖုဿဘုရား (ကိုဘအေးတို့ လမ်းမှာ ပင့်ထားတဲ့ဘုရား)
၂၂။ ဝိပဿီဘုရား
၂၃။ သိခီဘုရား
၂၄။ ဝေဿဘူဘုရား
၂၅။ ကကုသန်ဘုရား
၂၆။ ကောဏာဂုံဘုရား
၂၇။ ကဿပဘုရား
၂၈။ ဂေါတမဘုရားတို့ ဖြစ်ပါတယ်။
အထက်ပါ နှစ်ကျိပ်ရှစ်ဆူဘုရားများကို နေ့နံအလိုက် အုပ်စုပြန်ခွဲမယ်ဆိုရင် နေ့နံတစ်ခုကို ဘုရားလေးဆူ ရပါတယ်။ နေ့နံခုနှစ်ခု ဖြစ်တဲ့အတွက် ဘုရား၂၈ဆူ ဖြစ်တာပါ။ တကယ်တော့ ကမ္ဘာအဆက်ဆက်မှာ ပွင့်တော်မူခဲ့တဲ့ ဘုရားအဆူဆူပေါင်းဟာ ဂင်္ဂါဝါဠု သဲစုမက ရှိတယ်လို့ ဆိုပါတယ်။ ဒီနှစ်ကျိပ်ရှစ်ဆူ ဘုရားများက နေ့နံအလိုက် ကိုယ်စားပြု ဘုရားများအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါလိမ့်မယ်။
တနင်္ဂနွေနေ့ဖွား ဘုရားလေးဆူက (၁) မေဓင်္ကရာ (၂) သောဘိတ (၃) ပိယဒဿီ (၄) သိခီ။ တနင်္လာနေ့ဖွားက (၁) သရဏင်္ကရာ (၂) အနောမဒဿီ (၃) အတ္ထဒဿီ (၄) ဝေဿဘူ။ အင်္ဂါနေ့ဖွား ဘုရားများက (၁)ဒီပင်္ကရာ (၂) ပဒုမ (၃) ဓမ္မဒဿီ (၄) ကကုသန်။ ဗုဒ္ဓဟူးနေ့ဖွားက (၁) ကောဏ္ဍည (၂) နာရဒ (၃) သိဒ္ဓတ္ထ (၄) ကောဏာဂုံ။ ကြာသပတေးနေ့ဖွားက (၁) မင်္ဂလ (၂) ပဒုမုတ္တိုရ် (၃) တိဿ (၄) ကဿပ။ သောကြာနေ့ဖွားက (၁) သုမန (၂) သုမေဓ (၃) ဖုဿ (၄) ဂေါတမ တို့ဖြစ်ပြီး စနေနေ့ဖွား ဘုရားလေးဆူက (၁) တဏှင်္ကရာ (၂) ရေဝတ (၃) သုဇာတ (၄) ဝိပဿီ မြတ်စွာဘုရားတို့ ဖြစ်ပါတယ်။ ရာဟုနေ့သား ဘုရားတော့ မရှိပါ။
ကိုဘအေးလည်း လမ်းထဲကို ဘုရားကြွတော့ နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို သိချင်တာနဲ့ ပညာအလင်းပြ စာပေတိုက်က ထုတ်ဝေပြီး ပါဠိဆရာကြီး ဦးအောင်တင်စီစဉ်တဲ့ “ဗုဒ္ဓပရိတ်တော်နှင့် အန္တရာယ်ကင်း ဂါထာပေါင်းချုပ်”ဆိုတဲ့ စာအုပ်ထဲမှာ ရှာတွေ့လို့ စာဖတ်သူများ ဗဟုသုတ အလို့ငှာ တင်ပြပေးရခြင်း ဖြစ်ပါတယ်။ ဝါသနာပါလို့ ဂါထာများ ရွတ်ဖတ်ပူဇော်ချင်တယ်ဆိုရင်တော့ “နှစ်ကျိပ်ရှစ်ဆူစက် ပရိတ်ပါဠိ” ဆိုတာကတော့ နည်းနည်းရှည်တယ်။ နေ့နံအလိုက် ဘုရားလေးဆူ ရှိခိုးဂါထာတွေလည်း ရှိပေမယ့် အောက်ဖော်ပြပါ နှစ်ကျိပ်ရှစ်ဆူဂါထာ အကျဉ်းပါဠိကိုပဲ နေ့စဉ်မပြတ် ရွတ်ဖတ်ပေးပါက ဘေးရန်အန္တရာယ် ကင်းရှင်းပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြစ်စေနိုင်ပါတယ်။ စီးပွားလာဘ်လာဘလည်း တိုးတက်စေပါတယ်။ နာမည်သတင်း ကျော်စောခြင်းလည်း ဖြစ်စေနိုင်ပါတယ်လို့ ဆိုတဲ့အတွက် ဓမ္မလက်ဆောင် ပေးလိုက်ပါတယ်။ ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်ပွားများ အားထုတ်ကြရင် ကောင်းကျိုးချမ်းသာ ရရှိမှာပါ။ “အဋ္ဌဝီသတိ မေ ဗုဒ္ဓါ၊ ဘဂဝန္တော အရဟန္တော။ အနန္တ ပုညာ၊ အနန္တဂုဏာ၊ အနန္တဉာဏာ၊ အနန္တတေဇာ၊ အနန္တဣဒ္ဓိမန္တာ၊ အနန္တဇုတိမန္တာ၊ နမောတေသံ အဋ္ဌဝီသတိ နံ ဗုဒ္ဓါနံ၊ ဘဂဝန္တာနံ အရဟန္တာနံ သမ္မာသမ္ဗုဒ္ဓါနံ။”
သဗ္ဗ ဒါနံ ဓမ္မ ဒါနံ ဇိနာတိ ။