ဆယ်တန်းစာမေးပွဲကြီးလည်းပြီးလေပြီ။ ဆယ်တန်းစာမေးပွဲကြီးရဲ့နောက်ဆုံးနေ့ (၂၂.၃.၂၀၁၄)နေ့ကိုတော့ စိတ်ကြိုက်မြန်မာ ဘာသာရပ်နဲ့ ပိတ်လိုက်ပါတယ်။ ၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စိတ်ကြိုက် မြန်မာစာဘာသာရပ်ဖြေဆိုဖို့ စာရင်းပေးထား တာနှစ်ဦးသာ ရှိတယ်လို့ဆိုပါတယ်။ စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ပါဝင်တဲ့ဘာသာတွဲ (၃)၊ ဘာသာတွဲ (၄)နဲ့ ဘာသာတွဲ (၆) တို့အနက် ဘာသာတွဲ (၄)ကို ဖြေဆိုဖို့ စာရင်းပေးထားသူ ဦးရေမှာ ရန်ကုန်တိုင်းဒေသကြီးမှာ အမျိုးသမီးတစ်ဦးနဲ့ တနင်္သာရီတိုင်း ဒေသကြီးမှာ အမျိုးသားတစ်ဦးဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ နှစ်ဦးသာဝင်ယောက်ဖြေဆိုရန် စာရင်းပေးသွင်းထားတယ် လို့သိရပါတယ်။ အဲဒီနှစ်ဦးထဲက တနင်္သာရီတိုင်းက အမျိုးသားကြီးဆိုရင် ၆၀ တောင်စွန်းနေပြီးလို့ဆိုတယ်။ ခုထိဖြေဆို နေတုန်းပဲတဲ့။ ကျည်ပွေ့အတက်မပေါက်သေးလို့ပေါ့နော်။ အဲဒါကြောင့်လည်းစိတ်ကြိုက်မြန်မာစာကို နှစ်စဉ်တစ်ရက် အချိန်ပေးရတယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကို ယခင်နှစ်ကလည်း တစ်နိုင်ငံလုံးမှာ ဖြေဆိုသူနှစ်ဦးသာရှိတယ်လို့သိရပါတယ်။
အခုနှစ်ဆယ်တန်းစာမေးပွဲမှာ ဘာသာရပ်တွေနဲ့ပတ်သကလို့ ကျောင်းသားအများစုက ဖြေဆိုနိုင်ကြတယ်လို့ ပြောပါတယ်။ မြန်မာစာဖြေတဲ့နေ့ထဲက ပွဲဦးထွက်ကောင်းခဲ့တယ်လို့သိရပါတယ်။ အိမ်ကကျောင်းဆရာမက သာကေတ အ.ထ.က (၂)မှာဆယ်တန်း စောင့်ကျတယ်။ ပထမတော့ ဆယ်တန်းစောင့်မပါဘူးဆိုလို့ဝမ်းသာနေတာ။ စာမေးပွဲခန်းစောင့်ရတယ်ဆိုတာက ထိုင်နေရတာမဟုတ်ဘူးလေ။ လျှောက်နေရတာ။ သူက လမ်းလျှောက် ရတာများရင် ခြေထောက်တွေကနာလာတယ်။ အဲ့ဒါကြောင့် ဆယ်တန်းစောင့်မပါ ပါစေနဲ့လို့ ဆုတောင်းနေတာ။ ကျောင်းမှာက သူနဲ့နာမည်တူ ဆရာမတစ်ယောက်ရှိတယ်။ အဲ့ဒီဆရာမက ဆယ်တန်းဖြေမယ့် သမီး ကျောင်းသူရှိလို့ ဆယ်တန်းစောင့်မပါဘူး။ စာမေးပွဲရက်နီးတဲ့အထိ နာမည်စာရင်းမပါသေးတော့ ဆယ်တန်းသမီးရှိတဲ့ ဆရာမနဲ့များ ရောယောင်ပြီးမပါတော့ဘူးလားဆိုပြီး ဝမ်းသာနေတာ။ ဆယ်တန်းစာမေးပွဲက ဗုဒ္ဓဟူးနေ့ ဖြေရမှာ။ တနင်္ဂနွေနေ့မှာ ကျောင်းစာရေးမဆီက ဖုန်းလာတယ်။ တနင်္လာနေ့ကျရင် ထ(၂)မှာ အစည်းအဝေး သွားတက်ပါဆိုပြီးတော့ပေါ့။ ဆရာမဆုတောင်း မပြည့်ဘူးဖြစ်သွားတယ်။ မတတ်နိုင်ဘူး။ အိမ်သာစောင့်ပဲထားပေးဖို့ပြောရမှာပဲ။ အဲဒါလည်း ဆုတောင်းမပြည့်ပြန် ဘူး။ သူ့ထက်အသက်ကြီးတဲ့ဆရာမတွေ လည်းပါတော့ အိမ်သာစောင့်ကို အဲဒီဆရာမကြီးတွေပဲ ချထားလိုက်တယ်။ သူကတော့ မူလတန်းပြ PJ ဆရာမလေးတစ်ယောက်နဲ့ အခန်းစောင့်တွဲကျတယ်။ PJ ဆိုတာက အလယ်တန်းပြ ရာထူးနဲ့မူလတန်းြ ပြတဲ့သူကိုခေါ်တာ။
ဒီနှစ်က သန်းခေါင်စာရင်းကောက် လုပ်ငန်းကလည်းရှိတော့ အဲဒီထဲပါတဲ့သူတွေကို ဆယ်တန်းစောင့် မထည့်ဘူး။ ဒါတောင် လူမရှိလို့သူတို့ကျောင်းက ဆရာမတစ်ချို့ဆို သန်းခေါင်စာရင်းကောက်လည်းပါတယ်။ ဆယ်တန်းစောင့် လည်းပါတယ်။ နက်ဖန်သဘက်ခါပင်စင်ယူမယ့်ဆရာမကြီးတွေတောင်ထည့်ထားတယ်။ အဲဒီတော့ သူလည်းစောဒကတွေ မတက်နိုင်တော့ဘူး။ အခန်းစောင့်လုပ်ရုံပဲရှိတော့တယ်ပေါ့။ နောက်ဆုံးတော့ ပြီးတော့ လည်းပြီးသွားတာပါပဲ။ အေးအေးဆေးဆေးနဲ့ပြီးသွားပါတယ်။ ဒီနှစ်ဆယ်တန်းစာမေးပွဲကြီးကတော့ အများစုကဖြေနိုင်ကြတယ်လို့သိရတယ်။ မေးခွန်းဟောင်းတွေပြန်ပါတယ်လို့ပြောတယ်။ စာမေးပွဲခန်းထဲမှာ တစ်ဦးစနှစ်ဦးစလောက်ပဲ မဖြေနိုင်တာတွေ့ရတယ်တဲ့။ တစ်နှစ်လုံးကျောင်းစာကိုအလေးမထားခဲ့တဲ့သူတွေပဲနေ မှာပေါ့။ ဒါ့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့လျှောက်ထားပြီးလာရောက်မဖြေဆိုတဲ့ ကျောင်းသားဦးရေဟာ မန္တလေးတိုင်းဒေသကြီး အတွင်းမှာတင် တစ်သောင်းကျော်ရှိတယ်လို့သိရပါတယ်။ မြန်မာစာနဲ့ အင်္ဂလိပ်စာ နှစ်ရက်ပေါင်းဖြေဆိုသူ (၈၄၇၃၉)ဦးမှာ နှစ်ရက်ပေါင်းပျက်ကွက်သူ (၁၀၉၅၉)ဦး ရှိတယ်လို့ဆိုပါတယ်။ ပထမနေ့မှာ ၆ ဒဿမ ၃၆ရာခိုင်နှုန်းရှိပြီး ဒုတိယနေ့မှာ ၆ ဒဿမ ၅၇ ရာခိုင်နှုန်း ပျက်ကွက်ခဲ့တယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံး အနေနဲ့ ဘယ်လောက်ပျက်ကွက်တယ်ဆိုတာတော့ ကြေညာပေးသလား ကိုယ်တွေပဲ မဖတ်မိလို့လားမဆိုနိုင်။ မသိရပါ။
ဒီဆယ်တန်းစာမေးပွဲ တစ်နည်းအားဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ ဘဝမှာအဆုံးအဖြတ် တစ်ခုလို့ဆိုရလောက်အောင် သက်ဆိုင်ရာကျောင်းသူကျောင်းသားတွေအတွက်ရော မိဘတွေအတွက်ပါ ဖိစီးမှုအများကြီးဖြစ်စေတဲ့ စာမေးပွဲကြီးတစ်ခုပါ။ ဘဝအတွက် အဆစ် အချိုး အကွေ့ တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီတစ်ထစ်ကျော်ပြီးသွားရင်ပဲ တော်တော်စိတ်အေးသွားရလောက်အောင် အရေးကြီးတဲ့ အတားအဆီး တစ်ခုလို့ပြောရပါမယ်။ အချိန်တွေကုန် ငွေတွေကုန်နဲ့ ကျောင်းထားပေးရတဲ့ ကျူရှင်တွေ ဝိုင်းတွေထားပေးရတဲ့ မိဘတွေကို သနားဖို့ကောင်းပါတယ်။ အားနာဖို့လည်းကောင်းပါတယ်။ စောစောကလို စာမေးပွဲလာမဖြေကြတာ ပျက်ကွက်ကြတာဘာကြောင့်ပါလဲ။ တစ်နှစ်တစ်နှစ်ဆိုတဲ့ အချိန်ကမနည်းပါ။ ကုန်လွန်သွားတဲ့အချိန်တွေက အစားပြန်မရပါ။ ငါသွားဖြေလည်း မထူးတော့ဘူးဆိုပြီး လက်လျှော့ လိုက်ကြတာလား။ အစောထဲကဥစ္စာရင်လို ဥစ္စာရင်ခဲမလုပ်ခဲ့ကြလို့ ကိုယ့်အခြေအနေကိုယ်သိနေကြလို့ ပဲလား။ တကယ်ကတော့ ရည်မှန်းချက်ရှိကြရင် ကြိုးစားမှု ဝီရိယရှိကြရင် အောင်မြင်နိုင်မှာမလွဲပါ။ မြန်မာနိုင်ငံမှာ ဆယ်တန်းနဲ့ပဲ ပညာရေး အညွှန့်တုန်းသွားတဲ့ သူတွေမနည်းပါ။
ကိုဘအေးတို့ ဆယ်တန်းအောင်တုန်းက ( ဒီတစ်ခါ ကိုဘအေးအလှည့်။ “ကိုဘအေးနဲ့အလွဲလေးများ” ဆိုတဲ့ စာတစ်ပုဒ်မှာ ပညာရေးနဲ့ပတ်သက်ပြီး တစ်လွဲဖြစ်ခဲ့ရတဲ့ အကြောင်းရောခဲ့ဖူးလို့ ကိုဘအေးကို အလှည့်ပေးလိုက်ဦးမယ်) ၁၉၆၈ခုနှစ်ပေါ့။ တက္ကသိုလ်ဝင်ခွင့်ကို IL (A) စနစ်ကျင့်သုံးခဲ့တာ။ IL (A) စနစ်ရဲ့နောက်ဆုံးနှစ်လို့သိရပါတယ်။ လေးနှစ်လောက်ကျင့်သုံးခဲ့ပြီး မအောင်မြင်လို့ရပ်တန့်ခဲ့တာပါ။ IL (A) ဆိုတာကIntelligent Level (Aggregate)ဆိုတဲ့စနစ်ပေါ့။ တော်လှန်ရေးအစိုးရလက်ထက်က ဆိုရှယ်လစ်ပညာရေးစနစ်သစ်ဆိုပြီး ဖော်ထုတ်လိုက်တဲ့စနစ်ပါ။ ကိုဘအေးတို့ဘကြီးတွေခေတ်တုန်းက ဆယ်တန်းအောင်ရင် BOC ကောလိပ်ကိုတက်ကြရပြီး(IA) အင်တာမီဒီရိတ် (Intermediate) လို့ခေါ်ပါတယ်။ ကောလိပ်ဒုတိယနှစ်ပေါ့။ တစ်ချို့က အင်တာအောင်ပြီး (ဥပစာ အောင်တယ်လို့လည်း ပြောတယ်) ကျောင်းဆက်မတက်တော့ပဲ အလုပ်ဝင်ကြတယ်။ အင်တာပြီးမှ ဆေးကျောင်း၊ အင်ဂျင်နီယာကျောင်း၊ ဝိဇ္ဇာ(BA) သိပ္ပံ (B.Sc) ြခေ့နူသမ သ် ဗမအျယ ြခေ့နူသမ သ် ှခငနညခန ဆိုပြီး ဆက်တက်ရပါတယ်။ ဆောက်လုပ်ရေးမှာ လုပ်ခဲ့တဲ့ ဘကြီးဦးသိန်းတင်ဆိုရင်B.Sc (Engineer) ပါ။ အားလုံးအတူတူတက်ကြပြီးမှ ကိုယ်သန်ရာသန်ရာ ကိုယ်ဝါသနာပါရာကို ရွေးချယ်ခွင့်ရှိတဲ့ စနစ်ကောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီခေတ် ကျောင်းသားတွေရဲ့ အနာဂတ်က မိမိလိုရာကိုလျှောက်လို့ရတာ ဖြစ်လို့ မိမိလိုရာကို ရွေးချယ်ခွင့်ရှိကြပါတယ်။ ယခင်က အမှတ်အလိုက် ရွေးချယ်ရာ မှာ တိုက်ရိုက်အမှတ်နဲ့ပဲ ဆုံးဖြတ်ပြီး Aggregate ပျမ်းမျှရာခိုင်နှုန်းအတိုင်း ဆုံးဖြတ်ပါတယ်။ ဥပမာ (၅)ဘာသာ ရှိတာမှာ တစ်ဘာသာ (၁၀ဝ)ပေးတယ်ဆိုရင် စုစုပေါင်း အမှတ်(၅၀ဝ)ရနိုင်စရာရှိတယ်။ (၄၀ဝ)ရရင် ၈၀ ရာခိုင်နှုန်း (၄၅၀)ရရင် ၉၀ ရာခိုင်နှုန်းတွက်ရတာ ရှင်းတယ်။ ၈၀ ရာခိုင်နှုန်းဒါမှ မဟုတ် စုစုပေါင်း ၄၀ဝ ရမှ ဆေးကျောင်းဝင် မယ်ဆိုရင် သိသာမြင်သာပါတယ်။
အခုဖော်ထုတ်လိုက်တဲ့ ဆိုရှယ်လစ်ပညာရေး စနစ်သစ်ရဲ့ နည်းစနစ်ဟာ တိုက်ရိုက်နည်းမဟုတ်ဘဲ တစ်ဆင့်ခံနည်းကို ဖော်ထုတ်ခဲ့တာပါ။ တစ်ဘာသာကို အမှတ်(၂၀)စီပေးထားပါတယ်။ ဥပမာ သင်္ချာဘာသာ အတွက် အမှတ်(၉၀) မှIL (A) အမှတ်(၂၀) ပြည့်ရမှာဖြစ်ပါတယ်. သမိုင်းဘာသာကျတော့ (၇၅)မှတ်ရရင်ပဲ IL (A) အမှတ်(၂၀)အပြည့်ရမယ်ဆိုတဲ့ အစိုးရကပဲ သတ်မှတ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ Arbitrary လိုသလို သတ်မှတ်နိုင်တဲ့ စနစ်ဖြစ်ပြီး တစ်နည်းအားဖြင့် (၁၀)တန်းကျောင်းသားဘဝကတည်းက အစိုးရက အညှာကိုင် နိုင်မယ့်စနစ်ကို တမင်ဖော်ထုတ်လာတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။ အဲဒီပေါ်လစီအရ ဆယ်တန်းအောင်တာနဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ ဘဝကို အစိုးရက ဆုံးဖြတ်ပေးလိုက်ပြီး ဆေးကျောင်းက အမှတ်အများဆုံးနဲ့ စက်မှုတက္ကသိုလ်က ဒုတိယအများဆုံးဆိုလာတော့ ဒီတက္ကသိုလ်နှစ်ခု မရရင်ဘဲ စာမတော်တဲ့ ပုံမျိုးဖြစ်လာပါတယ်။ဒါကြောင့် ဆရာဝန်ဖြစ်ချင်သလား ၊ အင်ဂျင်နီယာဖြစ်သလားဆိုတာ အရေးမကြီးတော့ပါ။ မိဘတွေဂုဏ်ယူနိုင်ဖို့ မိမိကို အထင်မသေးဖို့ အမှတ်မီရင် ဆေးနဲ့ စက်မှုတက္ကသိုလ်တွေကို လျှောက်ရတဲ့ ယဉ်ကျေးမှုဆိုးကြီး တစ်ခု ပေါက်ဖွားခဲ့ပါတော့တယ်။ ကျောင်းသားတွေစိတ်ပါရာ သင်ကြားခွင့်ရပြီး ထူးချွန်ခွင့်မရှိတော့ပါ။ ဒါကြောင့် စိတ်မပါဘဲ ဆရာဝန်ဖြစ်လာသူတွေ ၊ အင်ဂျင်နီယာဖြစ်လာသူတွေ ပေါ်ပေါက်ခဲ့ရပါတယ်။ ဒီနေ့အထိ ဆရာဝန်ဘွဲ့ရပြီး ဆရာဝန် မလုပ်တဲ့သူတွေ ရှိနေပါတယ်။ နိုင်ငံအတွက် အလွန်နစ်နာပါတယ်။ အဲဒီခေတ်က IL (A) နဲ့ ရွေးတာမို့ ဝိဇ္ဇာ ဘာသာနဲ့ စာတော်တဲ့သူတွေလည်း ဆေးကျောင်းကို ရောက်သွားကြပါတယ်။ ဆယ်တန်းသိပ္ပံ အခြေခံပါမလာ၊ ဘိုင်အိုဘာသာယူမလာကြတော့ အခက်အခဲအတော် ဖြစ်ကြရပါတယ်။ အဲဒီIL (A) ရဲ့ ကောင်းမှုကြောင့် ကိုဘအေးလည်း Physic , Chemistry နဲ့ ဆယ်တန်းအောင်ပြီး ပုသိမ်ကနေ Burmese Major နဲ့ မန္တလေး တက္ကသိုလ်သွားတက်ရတာသာကြည့်တော့ ။ အဲဒီတုန်းကလည်း ကိုယ့်အသိုင်းအဝိုင်းမှာ တက္ကသိုလ်ရောက်တဲ့ သူက သိပ်မရှိတော့ ဘာလုပ်ရမယ် ၊ ဘာကိုင်ရမယ်ဆိုတာ နားမလည်ခဲ့ဘူး ။ ညွှန်ပြမယ့်သူလည်း မရှိဘူး တက္ကသိုလ်ဝင်ခွင့် ထွက်ကတည်းက သိပ္ပံမေဂျာ ပြန်လျှောက်ရမှာ မန္တလေးတက္ကသိုလ်သွားတက်ပြီးမှ သိပ္ပံ မေဂျာ ပြန်လျှောက်တော့ မရတော့ဘူး။ မြန်မာစာနဲ့ပဲ ဘွဲ့ယူခဲ့ရတယ်။ အချိန်မီပြန်လျှောက်တဲ့သူတွေကတော့ Maths Major ပြန်ရပါတယ်။ ဒါတောင် ပုသိမ်မှာ မတက်ရဘဲ တောင်ကြီးကောလိပ်ကို သွားတက်ရပါတယ်။ IL (A) စနစ်ကြောင့် အဲဒီလို ကမောက်ကမဖြစ်ခဲ့ကြရတာပါ။ ကိုဘအေးကတော့ IL (A) ရဲ့ ကျေးဇူးကြောင့် မန္တလေးတက္ကသိုလ်ကြီးကို တက်ဖူးသွားပါတယ်။ ရေနီမြောင်းဘေးမှာ ထိုင်ဖူးသွားပါတယ်။ မြန်မာနိုင်ငံရဲ့ မင်းနေပြည်တော်ဟောင်းဖြစ်ပြီး ယဉ်ကျေးမှုများထွန်းကားခဲ့ရာ ဒုတိယမြို့တော်ကြီးရဲ့ တက္ကသိုလ်ကျောင်းတော် ကြီးမှာ တစ်နှစ်တာပညာရင်နို့ သောက်စို့ပြီးတော့ ဒုတိယနှစ်မှာတော့ ကိုယ့်ဇာတိမြေက ပုသိမ်ကောလိပ်ကိုပဲ ပြောင်းလျှောက်ပြီး တက်ခဲ့ပါတော့တယ်။
ပညာရေးစနစ်မကောင်းရင် အဓိက ထိခိုက်နစ်နာရတာ ကျောင်းသူ၊ ကျောင်းသားတွေပါ။ ပြီးတော့ မိဘတွေက အချိန်ကုန်လူပန်း ဖြစ်ကြရပါတယ်။ ခေတ်အဆက်ဆက်မှာ ကျောင်းသား ၊ ကျောင်းသူတွေဟာ အမျိုးမျိုး စမ်းသပ်နေတဲ့ ပညာရေးစနစ်ရဲ့ သားကောင်တွေဖြစ်ခဲ့ကြရပါတယ်။ ဒါကြောင့် ပညာရေးစနစ်ကို အပြောင်းအလဲ မများစေချင်ဘူး ။ တည်ငြိမ်စေချင်တယ်ဆိုတာ ရေးခဲ့ဖူးပါတယ်။
အခုအချိန်မှာတော့ နိုင်ငံအတွက် အရေးကြီးတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို အမြန်ဆုံး အတည်ပြု နိုင်ဖို့ ဆောင်ရွက်နေပါပြီ။ တင်မယ့်တင်တော့လည်း ဥပဒေကြမ်းက နှစ်ခုဖြစ်နေပါတယ်။ မတ်(၁၅)ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် နဝမပုံမှန် အစည်းအဝေး (၂၅)ရက်မြောက်နေ့မှာ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်ရေး ကော်မတီကရေးဆွဲတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းနဲ့ ပညာရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းတို့ကို တစ်ပြိုင်တည်းတင်သွင်းခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ဒီအမျိုးသားပညာရေး ဥပဒေဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ဥပဒေဖြစ်ပြီး မြန်မာနိုင်ငံ အတွက် တကယ်လိုလားတဲ့ အားလုံးကလည်း ဆန္ဒရှိတဲ့ ဥပဒေဖြစ်လို့ ဝိုင်းဝန်းပြီး စေတနာထားဆောင်ရွက် ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါအပြင် မိမိတို့သက်တမ်းမှာ ဒီဥပဒေကို မပြဌာန်းနိုင် ၊ အတည်မပြုနိုင်ဘူးဆိုရင် မိမိတို့အားလုံးညံ့ရာကျမယ်လို့လည်း ပြောခဲ့ပါတယ်။
မတ်လ (၂၁)ရက်နေ့မှာတော့ အထက်ပါ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီနဲ့ ပညာရေး ဝန်ကြီးဌာနတို့ရဲ့ ဥပဒေကြမ်း နှစ်ခုကို ပူးပေါင်းရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေအရ ပညာရေးဆိုင်ရာ အခြေခံမူများမှာ သင်ယူလိုသူရဲ့ အရည်အချင်းနဲ့ဆန္ဒကို အခြေခံပြီး ရွေးချယ်နိုင်ခွင့်ရှိတဲ့ တက္ကသိုလ်စနစ်ကို ထည့်သွင်းပြဌာန်းထားပြီး ပညာရေး အဆင့်တိုင်းနဲ့ ပညာရပ်နယ်ပယ် အသီးသီးမှာ ပညာရေးအဆင့်အတန်း သတ်မှတ်ပြီး အရည်အသွေး အာမခံမှုရှိတဲ့ စနစ်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းပြဌာန်းထားတယ်လို့ သိရပါတယ်။
ဒီအမျိုးသားပညာရေး ဥပဒေကြမ်းမှာ ကျောင်းပြင်ပ ပညာရေး ၊ ကိုယ်တိုင်သင်ယူပညာရေး ရှေးဦးအရွယ် ကလေးသူငယ်ပညာရေး ၊ မူကြိုပညာရေး ၊ သူငယ်တန်းပညာရေး ၊ အခြေခံပညာရေး ၊ နည်းပညာနှင့် သက်မွေး ပညာရေး ၊ အဆင့်မြင့်ပညာရေး ၊ ဆရာအတတ်ပညာရေး ၊ အဝေးသင်ပညာရေး ၊ ရပ်ရွာအခြေပြု ပညာရေး ၊ အခမဲ့မသင်မနေရ ပညာရေးတို့အား ဖော်ဆောင်ရမယ့် ပြဌာန်းချက်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တက္ကသိုလ် ၊ ဒီဂရီကောလိပ် ၊ ကောလိပ် (သိပ္ပံ)များ ဖွဲ့စည်းတည်ထောင်ခွင့် ပေါင်းစည်းခွင့် ၊ ဖွင့်လှစ်ခွင့် ရပ်ဆိုင်းခြင်း ၊ ပိတ်သိမ်းခြင်း ၊ သို့မဟုတ် ပိတ်သိမ်းခွင့်ပြုခြင်းတို့ကို လုပ်ကိုင်ခွင့်ရရှိမယ့် အမျိုးသား ပညာရေး ကောင်စီကို ဖွဲ့စည်းရမယ့် ပြဌာန်းချက်လည်း ပါဝင်တာ တွေ့ရပါတယ်။
ဒါကြောင့် ကိုဘအေးတို့ခေတ်တုန်းကလို ကမောက်ကမဖြစ်ရတဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်မျိုး မဟုတ်ဘဲ ပညာသင်ယူလိုသူရဲ့ အရည်အချင်းနဲ့ ဆန္ဒကို အခြေခံပြီး ရွေးချယ်ခွင့်ရှိတဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်ကို ကျင့်သုံးခြင်း ဆိုတဲ့ အခြေခံမူ ပါဝင်တဲ့ အမျိုးသားပညာရေး ဥပဒေဟာ ကိုဘအေးတို့ သားသမီးမြေးမြစ်တွေအတွက် အခွင့် အလမ်းကောင်းတွေ ၊ အလားအလာကောင်းတွေ မျှော်မှန်းလို့ရနိုင်ပြီဖြစ်ပြီး ဒီဥပဒေဟာလည်း အရှည်သဖြင့် တည်တံ့နိုင်ပါစေလို့ ဆန္ဒပြုရပါတယ်။