အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲတော့မည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက၎င်းတို့ အနေဖြင့် နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာနှစ်ခုနှင့် ယှဉ်ပြိုင်လုပ်ကိုင် သွားမည်ဖြစ်ပြီး မိုဘိုင်းဖုန်းဆင်းမ်ကတ်များနှင့် အခြားဆက်သွယ်ရေး ဝန်ဆောင်မှုများအား အသက်သာဆုံး နှုန်းထားများဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရ ဘတ်ဂျတ်ကို မှီခိုအသုံးမပြုဘဲ နိုင်ငံတော်အစု ရှယ်ယာများ ထည့်ဝင်ထားမည့် MPT (Myanmar Public Telecom Co.,) အမည်ရှိပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ပြီး နော်ဝေနှင့်ကာတာနိုင်ငံတို့မှ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် အပြိုင်ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အများပြည်သူသို့ ရောင်းချသွားမည်ဖြစ်သည်။
ယခုလက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အစိုးရဘဏ္ဍာငွေကို မှီခိုခြင်းမရှိသည့် ပုဂ္ဂလိကကုမ္ပဏီအဖြစ် တရားဝင်ပြောင်းလဲခြင်း မရှိသေးသလို ၎င်းတို့ရောင်းချမည့် ဆက်သွယ်ရေးဝန်ဆောင်မှု နှုန်းထားများကိုလည်း ထုတ်ပြန်ပြောဆိုနိုင်ခြင်း မရှိသေးပေ။ နော်ဝေနှင့် ကာတာနိုင်ငံတို့မှ ဆက်သွယ်ရေး ကုမ္ပဏီများမှာမူ ၎င်းတို့ရောင်းချမည့် မိုဘိုင်းဖုန်းဆင်းမ်ကတ် တန်ဖိုးများနှင့် အင်တာနက်အမြန်နှုန်း ပမာဏများကို အနီးစပ်ဆုံး ထုတ်ပြန်မှုများ ပြုလုပ်ပြီးဖြစ်သည်။