Samsung က Chromebook 2 ကို ပြသလိုက်ပြီး Galaxy Note 3 လို Leather နဲ့ ဖုံးအုပ်ချုပ်လုပ်ထားသကဲ့သို့ ထင်ရအောင် ပြုလုပ်ထားပါတယ်။ Chromebook 2 ရဲ့ သွင်ပြင်က အလွန်စွဲမက်ဖွယ်ကောင်းတာကို တွေ့ရပါတယ်။ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ပလတ်စတစ် နဲ့ပြုလုပ်ထားတဲ့ Chromebook တွေထက် ပိုမိုခန့်ညားပြီး အမြင်ထူးစေမှာ ဖြစ်ပါတယ်။ Chromebook ဈေးကွက်မှာ Samsung ဟာ ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ Chromebook တွေဟာ ဈေးသက်သာပြီး ကျောင်းသားများ အသုံးပြုဖို့ သင့်တော်ပါတယ်။
Chromebook 2 ကို ၁၁.၆ လက်မ နဲ့ ၁၃.၃ လက်မ အရွယ်နှစ်မျိုးထုတ်လုပ်ထားပါတယ်။ ဒေါ်လာ ၃၂၀ နဲ့ ဒေါ်လာ ၄၀၀ ဈေးနှုန်း အသီးသီး သတ်မှတ်ထားပါတယ်။ Samsung က ဧပြီလမှာ ရောင်းချပေးမယ်လို့ ပြောပါတယ်။ ဈေးသက်သာပြီး Chrome OS ကို မြည်းစမ်းချင်သူများအတွက် ရွေးချယ်စရာ တစ်ခုဖြစ်ပါတယ်။
Chromebook 2 မှာ Samsung ရဲ့ ARM အခြေပြု Exynos 5 Octa Chip တပ်ဆင်ထားပြီး အမျိုးအစားပေါ်မူတည်ပြီး အမြန်နှုန်း 1.9GHz နဲ့ 2.1GHz ရရှိနိုင်ပါတယ်။ အရွယ်ငယ်တဲ့ အမျိုးအစား ဟာ ရှစ်နာရီ ၊ အရွယ်ကြီးတဲ့ အမျိုးအစား ဟာ ရှစ်နာရီခွဲ အသုံးခံပါတယ်။ 16GB SSD Storage တပ်ဆင်ထားပါတယ်။
၁၃.၃ လက်မ အမျိုးအစား မှာ Full HD (1920×1080) Resolution Display တပ်ဆင်ထားပါတယ်။ ၁၁.၆ လက်မ အမျိုးအစားမှာ HD LED (1366×768) Resolution Display တပ်ဆင်ထားပါတယ်။ HDMI Port တစ်ခု၊ USB 3.0 Port တစ်ခု၊ USB 2.0 Port တစ်ခု ၊ MicroSD Card Slot တစ်ခု တပ်ဆင်ထားပါတယ်။ 720p HD Webcam တပ်ဆင်ထားပါတယ်။
Samsung က ဒေါ်လာ ၂၅၀ တန် ပထမမျိုးဆက် Chromebook ကို ဈေးကွက်ထဲမှာ ဆက်လက်ရောင်းချပေးမှာ ဖြစ်ပေမယ့် ပိုမိုစွမ်းဆောင်ရည်ကောင်းတဲ့ Chromebook 2 ကို လည်း ရွေးချယ်နိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။
၁၁.၆ လက်မ အမျိုးအစား ကို အနက်ရောင် ၊ အဖြူရောင် နဲ့ ၁၃.၃ လက်မအမျိုးအစား ကို မီးခိုးရောင် တစ်မျိုးထဲသာ ထုတ်လုပ်ပေးထားပါတယ်။