လူတွေကန်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကတော့ ဘရာဇီးမှာ ကန်နေပါပြီ။ ဒါကို အားမရသေးရင် စက်ရုပ်တွေကန်တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ကြည့်နိုင်ပါတယ်။ 2014 RoboCupကို ဘရာဇီးနိုင်ငံ Joao Pessoaမှာ ဇူလိုင်လ ၁၉ ရက်မှာ ကျင်းပမှာပါ။ အင်ဂျင်နီယာလေးထောင်နဲ့ ၄၅ နိုင်ငံမှ သိပ္ပံပညာရှင်များ တီထွင်ထားတဲ့ စက်ရုပ်များက ပြိုင်ပွဲမှာ ပါ၀င်မှာပါ။
ပြိုင်ပွဲကို ခြောက်ရက်ကြာကျင်းပမှာ ဖြစ်ပြီး စက်ရုပ်တွေဟာ လူတွေရဲ့ ထိန်းချုပ်မှုမလိုဘဲ ဘောလုံးကန်ကြမှာပါ။ တကယ့် ဘောလုံး စည်းမျဉ်းစည်းကမ်းများကို လိုက်နာကျင့်သုံးမှာ ဖြစ်ပါတယ်။ ဒိုင်လူကြီး အဖြစ် လူတစ်ယောက်နဲ့ စက်ရုပ်တစ်ကောင်က ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ပထမဆုံး စက်ရုပ် ကမ္ဘာ့ဖလားကို ဂျပန်နိုင်ငံ နဂိုယာမှာ ၁၉၉၇ ခုနှစ်က ကျင်းပခဲ့တာဖြစ်ပါတယ်။ စတင်ကျင်းပကတည်းက ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်းမှာ ထိပ်တန်း သုတေသနပညာရှင်တွေဟာ Artificial Intelligence နည်းပညာကို ပိုမိုကောင်းမွန်အောင် တီထွင်ဖို့ တွေ့ဆုံခဲ့ကြပြီး အခုလို ကမ္ဘာ့ဖလား စက်ရုပ်ဘောလုံးပွဲဖြစ်ပေါ်လာတာပါ။
လူတွေနဲ့ စက်ရုပ်တို့ ကန်ကြမယ့် ဘောလုံးပွဲတွေကို ၂၀၅၀ မှာ ကျင်းပနိုင်ဖို့လည်း ကြိုးပမ်းနေကြပါတယ်။