ဝါဆို ဝါခေါင်ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရားဆူးခြုံ ဟိုအထဲက
မျှော့နက်မဲကြီးတွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် မကြောက်ဘူးကွယ်။
လိုက်မယ် လိုက်မယ်။
ကိုဘအေးတစ်ယောက် သူငယ်ပြန်သွားပြီလို့တော့ မထင်ပါနဲ့ဦး။ ခုမှ ခြောက်ဆယ်ကျော်ပဲရှိသေးလို့ သူငယ်တော့ မပြန်လောက်သေးပါဘူး။ ခုနှစ်ဆယ်ကျော် ရှစ်ဆယ်လောက်ရောက်ရင်တော့ ပြောလို့မရဘူးပေါ့နော်။ သူငယ်ပြန်ချင် ပြန်နေမှာ။ ဒီလိုပါ- အခုတလော မိုးကအရမ်းကောင်းပြီး ဝါဆို ဝါခေါင် ရေဖေါင်ဖေါင် ဖြစ်နေတယ်လေ။ အဲဒါ ငယ်ငယ်တုန်းက သပြေသီးမှည့် ကောက်ခဲ့ရတာလေးကို သတိရမိလို့ပါ။ ကိုဘအေးတို့ သပြေသီးမှည့် ကောက်ကြတာတော့ ချောင်းထဲမှာမဟုတ်ပါ။ ခရားဆူးခြုံလည်းမရှိဘူး။ မျှော့နက်မည်းကြီးလည်း မတွယ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုဘအေးတို့က ပုသိမ်မှာ ကုန်းပိုင်းလို့ပြောရမယ့် အိုးဘိုတန်းလမ်းမှာနေတာ။ မြစ်နားချောင်းနား မနီးဘူး။ သပြေပင်ကြီးက ကိုဘအေးတို့ အိမ်ခြေရင်းဘက်က ခြံကြီးမှာရှိတယ်။ ခြံရဲ့အလယ်လောက်မှာပေါ့။ မိုးရွာရင် သပြေသီးမှည့်တွေက ကြွေရော။ ကိုဘအေးတို့ ကလေးတစ်သိုက်က မိုးထဲလေထဲမှာ သပြေသီးမှည့်တွေ ကောက်ကြတာပေါ့။ ပတ်ဝန်းကျင်က အမျိုးတွေ ချည်းပဲဆိုတော့ အားလုံးက မောင်နှမတွေ တော်ကြတယ်။ တစိမ်းမပါဘူ။ သပြေသီးမှည့်ကြွေရင် အလုအယက် ကောက်ကြရတာ အရမ်းပျော်စရာကောင်းပါတယ်။ အိမ်ကျရင် မေမေက သပြေသီးငါးပိချက် ချက်ပေးတယ်။ သပြေသီးငါးပိချက်နဲ့ ထမင်းစားလို့ အရမ်းမြိန်တာပဲ။ စာရေးနေရင်းနဲ့တောင် သွားရေကျလာပြီ။ ရှလွတ်(သွားရေပြန်သိမ်းတဲ့အသံ)
ကလေးဘဝတုန်းကတော့ မိုးရွာရင် ပျော်တာပေါ့။ ကျောင်းဖွင့်ချိန်အကြောင်းရေးတဲ့ “မိုးနဲ့ အတူ”ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးဘူးပါတယ်။ အိမ်ကကျောင်းကို ဆိုက်ကားနဲ့ပို့တာတောင် လမ်းကျတော့ ရေထဲဆင်းလျှောက်ကြတယ်ဆိုတာ။ မိုးအကြောင်းပြောရင်လည်း ပူလွန်းတဲ့ အချိန်တုန်းက မိုးကိုမျှော်လိုက်ကြရတာ။ မိုးကလည်း မရွာနိုင်ဘူးဆိုပြီး ညည်းညူနေကြတာ။ အခုရွာမယ့်ရွာတော့လည်း ဒလဟောပဲ။ မိုးကလည်း ရွာရန်ကောလို့ ဆိုကြပြန်တယ်။
မိုးကတော့ သူ့အချိန်နဲ့သူရွာမှာ။ ဒါပေမယ့် အခုဟာက ပုံမှန်မဟုတ်ပဲ ရွာတာမျိုး။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖေါက်ပြန်လာတာနဲ့အတူ မြန်မာနိုင်ငံရဲ့ ရာသီဥတုကလည်း မမှန်တော့ဘူး။ စိုးရိမ်ဘွယ်ရာ အနေအထားတွေ့ရတယ်။ ဒီလောက်နေရာဒေသအနှံ့ မိုးတွေကြီး ရေတွေကြီးနေတာတောင် ဟိုတလောက ဘယ်အရပ်မှာလဲတော့ မမှတ်မိတော့ဘူး။ မိုးခေါင်လို့ လွန်ဆွဲရတယ်ဆိုတာ တွေ့လိုက်ရသေးတယ်။ ဒီကရန်ကုန်က မိုးကို မျှပေးလို့ရရင် ပေးလိုက်ချင်ပါရဲ့။
မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ပတ်သက်ပြီး အခုရက်ပိုင်းအတွင်း ပြည်နယ်နဲ့တိုင်း ဒေသကြီးအချို့မှာ မိုးကြီးနိုင်ပြီး အချို့ဒေသတွေမှာ ရေပါကြီးနိုင်တယ်ဆိုပြီး မိုးလေဝသဌာနကလည်း ထုတ်ပြန်ကြေညာထားတာ တွေ့ရတယ်။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့အညီ မိုးကိုအမှီပြုပြီး လုပ်ကိုင်နေကြရတာ ဖြစ်တဲ့အတွက် ကြိုတင်မခန့်မှန်းနိုင်တဲ့ သဘာဝဖေါက်ပြန်မှု တရားတွေနဲ့ ရင်ဆိုင်ရမှာကို တောင်သူလယ်သမားတွေ နှစ်စဉ်စိုးရိမ်နေကြရပါတယ်။
မိုးကြီးတာနဲ့အတူ လိုက်ပါလာတဲ့ နောက်ဆက်တွဲပြဿနာတော့ ရေကြီးတာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ရာသီဥတု ဖေါက်ပြန်မှုများသာမက မြစ်ရေကြီးခြင်းကြောင့်လည်း ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားတွေကိုပင် ထိခိုက်ဆုံးရှုံးလျက်ရှိနေတာကို တွေ့လာရပါတယ်။ ပြည်နယ်တိုင်းဒေသကြီးအချို့တွေမှာ ရေကြီးတဲ့ပြဿနာကို အနည်းနဲ့အများ ခံစားနေရတာကို တွေ့ရတဲ့အပြင် ရန်ကုန်တိုင်းဒေသကြီးကတော့ အဲဒီပြဿနာကို အများဆုံး ခံစားနေရတာ တွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ငွေနံ့သာကျေးရွာမှာ နှစ်ပေါင်းနှစ်ဆယ်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုကြောင့် လူဦးရေရှစ်ထောင်ကျော် ရေဘေးဒုက္ခကြီး ကြုံတွေ့နေတယ်လို့ သိရပါတယ်။ လှည်းကူးမြို့နယ်ရှိ ငွေနံ့သာ၊ ဘားလားအထက်၊ ဘားလားအောက်၊ စစ်ပင်နဲ့ ဆင်ဖုံးကျေးရွာတို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေကြီးပြီး ရွာတွေထဲကို ရေများဝင်ရောက်ကာ ရေကြီးနေတာ ရက်နှစ်ဆယ်နီးပါးခန့် ရှိနေပြီဖြစ်တယ်လို့ ငွေနံ့သာစံပြကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနက ကျန်းမာရေးမှူး ဒေါ်ချိုချိုအေးက ဒီမိုကရေစီတူဒေးကို ပြောပြတယ်လို့ဆိုပါတယ်။
ဒီလိုရေကြီးတာနဲ့ပတ်သက်ပြီး မနှစ်က လူဦးရေစာရင်းအရဆိုရင် လူပေါင်း ၇၈၈၃ဦး ရှိကြောင်း၊ တိုးလာတဲ့လူဦးရေနဲ့ဆိုရင် ရှစ်ထောင်ကျော်လောက် ရေဘေးဒုက္ခကြုံတွေ့နေတာဖြစ်ကြောင်း၊ ရေကြီးတာကြောင့် ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ငွေနံ့သာစံပြကျေးလက် ကျန်းမာရေးဌာနမှာ ကျန်းမာရေးမှူးတွေရော၊ သူနာပြုဆရာမတွေပါ အချိန်ပြည့် အလှည့်ကျ တာဝန်ထမ်းဆောင်နေကြောင်း ယင်းကပြောပါတယ်။
လှည်းကူးမြို့နယ်က ငွေနံ့သာကျေးရွာဟာ ငမိုးရိပ်ဆည်စီမံကိ်န်းကြောင့် ၁၉၆၄ခုနှစ်မှ စတင်ကာ ရွှေ့ပြောင်းလာခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ရက်ရှည် ခံစားနေကြရတာ ဖြစ်ပါတယ်။ ရေကြီးမှုဒဏ်ကို ခံစားနေရတဲ့ ကျေးရွာတွေဟာ မြေနိမ့်ဒေသဖြစ်ပြီး မိုးရာသီမှာ ငမိုးရိပ်ချောင်း၊ ဆင်ဖုံချောင်းတို့က ရေများတဲ့အတွက် ကျေးရွာထဲကို ချောင်းများမှ ရေဝင်ကာ နှစ်စဉ်ရေကြီးမှုဒဏ်ကို ကြုံတွေ့နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ရေကြီးတာကတော့ နှစ်စဉ်ပါပဲ။ ၂၀၁၃ခုနှစ်မှာ ရေကြီးတာက တော်တော်များပေမယ့် ဒီနှစ်လောက်တော့ မများဘူး။ ငမိုးရိပ်ကနေ ပြောင်းလာပြီး နှစ်ပေါင်းနှစ်ဆယ်အတွင်း ဒီတစ်ခါက အဆိုးဆုံးပါဘဲ။ နှစ်စဉ်ရေကြီးပေမယ့် တာဝန်ရှိသူတွေက အဖြေမရှာသေးတာကိုလဲ မေးခွန်းထုတ်ချင်ပါတယ်”လို့ အသက် ၅၃နှစ်အရွယ်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောတယ်လို့ဆိုပါတယ်။
တကယ်တော့ မြစ်တွေ ချောင်းတွေဟာ နုံးမြေတွေ အနည်ထိုင်ပြီး တစ်ဖြည်းဖြည်း ကောလာနေပါတယ်။ တော်ရုံတန်ရုံ ရေတိုးတာနဲ့တင် ချောင်းတွေ မြောင်းတွေ ရေပြည့်လာပြီး ရေကြီးရေလျှံမှုတွေ ဖြစ်လာတာပါ။ အဲဒီနုံးမြေတွေကို တာဝန်ရှိသူတွေက ငွေကုန်ကြေးကျခံပြီး ဆယ်ယူပေးနိုင်မယ်ဆိုရင်တော့ ရေကြီးမှုတွေဟာ အထိုက်လျောက် လျော့ပါးသက်သာသွားလိမ့်မယ်လို့ ထင်ပါတယ်။
စာသင်ကျောင်းတွေ ပိတ်ထားတာ နှစ်ပတ်ကျော်သွားပြီ ဖြစ်ကြောင်း၊ ရေတွေပြန်ကျသွားမှပဲ ပြန်ဖွင့်နိုင်မှာဖြစ်ကြောင်း၊ သက်ဆိုင်ရာတွေကတော့ ခေါက်ဆွဲနဲ့မုန့်တွေ လာလှူပါကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လှည်းကူးမြို့နယ်အတွင်းက ရေကျော်ကျေးရွာ၊ စစ်ပင် မြောက်ကျေးရွာ၊ ချောင်းဦးကျေးရွာ၊ ကျွန်းတဲ၊ ကျူချောင်း၊ တောင်တလုပ် အစရှိတဲ့ ကျေးရွာတွေမှာလည်း ယခင်နှစ် ရေနစ်မြုပ်တဲ့ ပမာဏထက် အခုနှစ်မှာ ကျော်လွန်ပြီး ရေနစ်မြုပ်ခဲ့တဲ့အတွက် နေအိမ်များအတွင်းကို ရေများသုံးပေခန့် ဝင်ရောက်ကာ ဆင့်များထိုးပြီး နေရတယ်လို့ သိရပါတယ်။ ရေကြီးမှုမှာ ရက်ရှည်လာတဲ့အတွက် ရွာသူ၊ ရွာသားတွေ အလုပ်အကိုင်ပျက်ပြီး စားဝတ်နေရေး ခက်ခဲကာ သွားရေးလာရေးတို့လည်း ခက်ခဲမှုကြုံတွေ့နေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ရေဘေးဒုက္ခသည်တွေအတွက် ထမင်းထုပ်နဲ့ ရေဘူးတွေကို စေတနာရှင်တွေက တစ်ရက်ကို သုံးကြိမ်လောက် လာရောက်လှူဒါန်းနေတယ်လို့ သိရပါတယ်။
ဒါကတော့ သြဂုတ်လ(၂)ရက်နေ့ သတင်းပါ။ သြဂုတ်လ (၄)ရက်နေ့ သတင်းမှာတော့ ရေနုတ်မြောင်းများ ပိတ်ဆို့မှုကြောင့် ပဲခူးမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေနစ်မြုပ်နေပြီး (ရန်ကုန်ရေကြီးတဲ့ အကြောင်းတော့ မပြောတော့ဘူးနော်) ရေမြုပ်အိမ်ထောင်စုများကို ကူညီနိုင်ရန်အတွက် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ရန် စီစဉ်နေပြီဆိုတာပဲ ဖြစ်ပါတယ်။ ရေနုတ်မြောင်းတွေ အလုံအလောက်မရှိတဲ့အပြင် ရှိနှင့်ပြီး ရေမြောင်းတွေကလည်း လုံလောက်တဲ့ ရေစီးဆင်းနိုင်မှု မရှိတဲ့အတွက် ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်တွေ ဖြစ်တဲ့ ကျွန်းသာယာ၊ မဇင်း၊ ကျောက်ကြီးစု၊ ရွာသစ်ရပ်ကွက်တွေမှာ ရေတွေဝင်ရောက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆည်မြောင်းဦးစီးဌာနကတော့ ပဲခူးမြို့ရဲ့ အောက်ပိုင်းစည်တီးရွာ၊ ဈေးညောင်ပင်ရွာနဲ့ ထုံးကြီးရွာတွေဘက်ရှိ ရေစီးရာမှာ အဟန့်အတားဖြစ်နေတဲ့ သောင်ခုံ၁၁ခုကို စက်ယန္တရားတွေနဲ့ ဖြိုဖျက်ခဲ့ပြီး အထက်ချောင်းဖျား ဒေသမှာလည်း ရွှေလောင်းနဲ့ ကိုဒူကွဲဆည်တို့ကို တည်ဆောက်ပြီး ပဲခူးမြစ်ရေကို ထိန်းသိမ်းဖို့ ကြိုတင်စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ “အနိမ့်ပိုင်းရပ်ကွက် ရေမြုပ် အိမ်ထောင်စုတွေကို ကူညီဆောင်ရွက်ပေးဖို့အတွက် ကယ်ဆယ်ရေးစခန်း ငါးခုဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၉၀ဝ စင်တီမီတာရောက်တာနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်သွားမှာပါ။ လက်ရှိရေမှတ်ကတော့ ၈၇၈ စင်တီမီတာရှိပါတယ်” လို့ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။ ပဲခူးမြစ်ကြောင်းတစ်လျှောက် ရေစီးရေလာ မကောင်းတဲ့အတွက် ပဲခူး-ရန်ကုန် မော်တော်ကားလမ်း ရေကျော်သည်အထိ ရေကြီးခဲ့ပြီး လူအသေအပျောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
သဘာဝ ဘေးအန္တရာယ်ဆိုတာကတော့ တားဆီးလို့မရပါ။ မြေငလျင်လှုပ်တာ (မနေ့က ၄.၇.၂၀၁၄) နေ့ (၁၅:၄၀)နာရီအချိန်မှာ ကိုဘအေးတို့ သာကေတမှာ ၅ စက္ကန့်လောက် ငလျင်လှုပ် သွားပါတယ်။ ရစ်ချ်တာစကေး ၄ ဒဿမသုညရှိပြီး ကမ္ဘာအေး မြေငလျင်စခန်းရဲ့ အနောက်မြောက် (၁)မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်သွားတယ်လို့ သိရတယ်။ တရုတ်မှာတော့ ၆ ဒဿမ ၁ နဲ့လှုပ်သွားတာ လူ(၃၈၀)ကျော်လောက် သေတယ်တဲ့) လေမုန်တိုင်းတိုက်တာ၊ စောစောကလို ရေကြီးတာမျိုး ဖြစ်ပါတယ်။ ဖြစ်လာရင် အပျက်အစီးနည်းနိုင်သမျှ နည်းအောင်ပဲ ကြိုတင်စီမံ ကာကွယ်ထားလို့ပဲ ရပါတယ်။ နာဂစ်တုန်းက ဖြစ်ခဲ့တာသက်သေပါပဲ။
သဘာဝဘေး တစ်ခုခုဖြစ်လာပြီဆိုရင် အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး စားဝတ်နေရေးအတွက်သာမက ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များမှာပါ များစွာသော အခက်အခဲများ ဖြစ်ပေါ်လာနိုင်တဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စတွေကို အရေးတယူ ဆောင်ရွက်ပေးဖို့လိုမှာ ဖြစ်ပါတယ်။ ဒါမှသာ အခုလိုရေကြီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို တားဆီးနိုင်မှာဖြစ်ပြီး ဒီလိုဖြစ်စဉ်မျိုးကို ပြည်သူတွေ မကြုံတွေ့စေဖို့အတွက်လည်း တာဝန်ရှိသူတွေအနေနဲ့ ရေတိုရေရှည် စီမံကိန်းတွေ ချမှတ်ကာ ဆောင်ရွက်ဖို့ အချိန်တန်ပြီဖြစ်ပါတယ်။
ရေကြီးရေလျှံမှုတွေဟာ မြေနိမ့်ဒေသတွေမှာ (ကိုဘအေးတို့ သာကေတ၊ ဒေါပုံဘက်တွေ မှာ လမ်းတွေကို ကွန်ကရစ်လမ်းခင်းလိုက်တဲ့အတွက် လမ်းက အိမ်ထက်မြင့်သွားပြီး ရေမြောင်းတွေကလည်း ရေစီးရေလာ မကောင်းတဲ့အတွက် အိမ်တွေ ခြံတွေထဲကို ရေတွေဝင်ပါတယ်။) အများဆုံး ဖြစ်တတ်ပြီးတော့ မြစ်ချောင်းတွေနဲ့ နီးစပ်တဲ့ မြေနိမ့်ဒေသတွေက အခြားဒေသတွေထက် ရေကြီးရေလျှံမှု ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ ရေကြီးမှုဟာ မြစ်ရေမြင့်တက်မှုကြောင့် အများဆုံးဖြစ်ပွားလေ့ရှိပြီး (အဲဒီနေရာမှာလည်း မြစ်ရေတိုးလို့ ကမ်းပါးပြိုတာတွေ တချို့နေရာတွေမှာ တွေ့ရပါ တယ်။) ရေလျှံမှုဟာ မိုးကြီးရာမှတဆင့် ရေထွက်ရာလမ်း မရှိတဲ့အတွက်ကြောင့် ဖြစ်ပွားတတ်တာ တွေ့ရပါတယ်။ (တောင်ပေါ်ဒေသတွေမှာလည်း မိုးကြီးပြီး မြေပြိုမှုတွေ ဖြစ်တာတွေ့ရပါတယ်။) ဒီလိုရေကြီးမှုနဲ့ ရေလျှံမှုတွေ တစ်ပြိုင်နက်တည်း ကြုံတွေ့ရပါက ဒေသခံပြည်သူတွေ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်ပွားလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။
မိုးတွင်းကာလမှာ နှစ်စဉ်ကြုံတွေ့နေရတဲ့ မြစ်ရေကြီးခြင်းနဲ့ မြစ်ရေလျှံခြင်းတို့ကြောင့် မြန်မာနိုင်ငံအနှံ့မှာ နှစ်စဉ်ဆုံးရှုံးမှုများနဲ့ ကြုံတွေ့နေရတဲ့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း နှစ်စဉ် ငွေကြေးမြောက်များစွာ အသုံးပြုပြီး ဆောင်ရွက်ပေးနေရဆဲ ဖြစ်ပါတယ်။ ယင်းဘေးအန္တရာယ်ကို မိုးတွင်းကာလရောက်ပြီဆိုတာနဲ့ အနည်းနဲ့အများ ကြုံတွေ့ကြရမှာကိုလည်း သိရှိထားကြပြီး ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ အဲဒီလိုရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်ခင် ကြိုတင်ကာကွယ်မှု ပြုရာမှာ နှစ်စဉ်ကုန်ကျမယ့် ငွေကြေးများကို ထိထိရောက်ရောက် အသုံးချပြီးတော့ ရေရှည်စိတ်ချနိုင်မယ့် တည်တံ့ခိုင်မြဲတဲ့ လူမှုပတ်ဝန်းကျင် အခြေအနေတစ်ခုကို ထူထောင်နိုင်အောင် ကြိုးစားသင့်ကြပြီ ဖြစ်ပါတယ်။
မိုးရေတက်ရေတစ်ဖွေးဖွေး
ကွင်းကျယ် အဝေးဝေး။
လယ်စောင့်တဲကလေးခြေတံရှည်
မိုးကုတ်အောက်မှာတည်(နေ)
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
တဲနှင့်ပဏာတင့် ။ ။
ကိုဘအေးတို့ ဘေးတစ်အိမ်ကျော်က ကျောင်းသားလေးရဲ့ ကဗျာရွတ်ဆိုသံ ဖြစ်ပါတယ်။ ကိုဘအေးလည်း လယ်စောင့်တဲလေး ခြေတံရှည်ကို မြင်ယောင်ကြည့်မိလိုက်ပါတယ်။ လယ်စောင့်တဲကလေးလည်း မိုးရေတက်ရေအထဲမှာ နစ်မြုပ်နေတာ တွေ့လိုက်ရပါတယ်။ ကြာနီတွေ၊ ကြာဖြူတွေနဲ့လည်း ပဏာမတင့်နိုင်တော့ပါ။