Automobile

MINI Cooper Countryman 2012

အင်္ဂလန်နိုင်ငံအခြေစိုက် British Motor Corporation (BMC)မှ ထုတ်လုပ်တဲ့ သေးငယ်ပြီး သွက်လက်လှပတဲ့ Mini ကားလေးများကို မြင်တဲ့သူတိုင်း ချစ်ကြပါတယ်။ 1959 ခုနှစ်မှ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ယခုအချိန်အထိ Mini ကားလေးများရဲ့ ပုံစံဟာ မျက်လုံးထဲမှာ ရိုးမသွားဘဲ အမြဲဆန်းသစ်နေခြင်းဟာ Mini ကားလေးများရဲ့ ထူးခြားချက်ပါ။ နောက်ပိုင်းမှာတော့ BMWမှ တာ၀န်ယူပြီး Mini Coupe, Mini Covertible, Mini Clobman နဲ့ Mini Countrymanဆိုပြီး ပုံစံ လေးမျိုးကို နာမည် လေးမျိုးခွဲပြီး ထုတ်လုပ်ခဲ့ပါတယ်။ ဒီတစ်ပတ် ICT ပရိသတ်ကြီးအတွက်ကိုတော့ 2010 ခုနှစ်မှ စတင် ထုတ်လုပ်တဲ့ Mini Cooper Countrymanကို မိတ်ဆက်ပေးပါ့မယ်။

Mini Cooper Countryman ဟာ Miniရဲ့ အစဉ်အလာ ပုံစံ တံခါးနှစ်ပေါက်မှ ခွဲထွက်ပြီး ပထမဦးဆုံး တံခါးလေးပေါက်ပါ SUV ကားအမျိုးအစား ဖြစ်ပါတယ်။ Mini Coupeထက် 15.1 လက်မ ပိုရှည်ပြီး Mini Clobmanထက် 5.8 လက်မ ပိုရှည်တာ တွေ့ရပါတယ်။ အမြင့်မှာလည်း အခြား Mini များထက် ပိုမြင့်ပြီး၊ အရွယ်အစားမှာ သိသာစွာ ကြီးမားနေတာ တွေ့ရပါတယ်။ သို့သော်လည်း Mini Countrymanဟာ ဘယ်လိုပဲ ကြည့်ကြည့် Miniရဲ့ မူလ ပုံသဏ္႑ာန်မှ ခွဲထွက်သွားခြင်း မရှိတာကြောင့် Mini ပရိသတ်တွေ သဘောတွေ့ခဲ့ကြပါတယ်။

Mini ကားများရဲ့ ထုံးစံအတိုင်း အပြင်မှ ကြည့်လျှင် သေးငယ်တယ် ထင်ရပေမယ့် အတွင်းခန်းမှာ ထင်သလို မသေးဘဲ ကျယ်၀န်းတာဟာ Miniရဲ့ ထူးခြားမှုပါ။ Countrymanရဲ့ အတွင်းခန်းဟာလဲ ခြောက်ပေ ခြောက်လက်မ အရပ်ရှိတဲ့ ယာဉ်မောင်းသူအတွက်တောင် ပြောစရာ မရှိအောင် အဆင်ပြေတယ်ဆိုတော့ သာမာန်သူတွေအတွက်တော့ အလွန် ကျယ်၀န်းပါတယ်။ Mini Cooperရဲ့ အခြားကားများနဲ့ မတူတဲ့ ကြီးမားတဲ့ စက်၀ိုင်းပုံစံ မီတာအချက်ပြ ဒိုင်ခွက်မှာ ပြောင်းလဲမှု မရှိသည့်အပြင် ကြီးမားတဲ့ ဘဲဥပုံသဏ္႑ာန် အမြိတ်အကွပ်ကို ကားရဲ့ နောက်တံခါးမှ ရှေ့တံခါးအထိ ပုံဖော်ထားတဲ့ Countrymanရဲ့ အတွင်းခန်းဟာ အလွန် ကျယ်၀န်းတယ်လို့ ခံစားရအောင် တည်ဆောက်ထားတာပါ။

ကားရဲ့ ထိုင်ခုံများကိုတော့ အနက်ရောင် သားရေတုနဲ့ ချူပ်လုပ်ထားပြီး လက်ကိုင် အနားကွပ်များကိုတော့ ငွေမှင်ရောင်ကို အသုံးပြုထားပါတယ်။ နောက် ထိုင်ခုံ နောက်ပိုင်းမှာတော့ ပစ္စည်းထားရန် အခန်း ပါရှိပြီး 12.2 ကုဗပေ ကျယ်၀န်းပါတယ်။ နောက်ထိုင်ခုံမှာ ရှေ့တိုးနောက်ဆုတ် လိုသလို လုပ်လို့ရပြီး ရှေ့သို့ိ တိုးထားပါက နောက်ခန်းမှာ 16.5 ကုဗပေ အကျယ်အ၀န်းကို ရရှိမှာပါ။ တင်ဆောင်ရန် ပစ္စည်းများပြားပါက နောက်ထိုင်ခုံကို ရှေ့သို့ လှဲချနိုင်ပြီး အကျယ် 41.3 ကုဗပေထိ ရရှိမှာ ဖြစ်တဲ့အတွက် ပစ္စည်းများများ သယ်ချင်သူများအတွက် အလွန် အဆင်ပြေပါတယ်။ စပီကာ ခြောက်လုံးပါ အသံပိုင်းစနစ်အပြင် ခရီးလမ်းကြောင်းကို မှတ်တမ်းတင်ပေးနိုင်တဲ့ Trip Computerပါ ပါ၀င်တဲ့အတွက် အလွန် ပြည့်စုံပါတယ်။

Mini Cooper Countrymanကို Base မော်ဒယ်နဲ့ S မော်ဒယ်ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ မော်ဒယ် နှစ်မျိုးစလုံးကို ဆလင်ဒါလေးလုံးထိုး အင်ဂျင်ကို ကားရဲ့ ရှေ့ပိုင်းမှာ တပ်ဆင်ထားပြီး ရှေ့ယက် အမျိုးအစားပဲ ဖြစ်ပါတယ်။ 6-Speed Manual ဂီယာကို တပ်ချင်တယ်ဆိုရင်တော့ မှာယူရမှာပါ။ Base မော်ဒယ်မှာ မြင်းကောင်ရေ 121hp ထွက်ရှိပြီး 0 မှ 60mph ထိကို 9.8 စက္ကန့်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

Automatic ဂီယာကို အသုံးပြုပြီး မောင်းနှင်ရင်တော့ 10.9 စက္ကန့် ကြာမြင့်မှာ ဖြစ်တဲ့အတွက် အခြားကားများထက် အနည်းငယ် နှေးနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဆီစားနှုန်းကတော့ သက်သာပါတယ်။ ၁ ဂါလံကို 31 မိုင်ထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဆီကတော့ သန့်စင်တဲ့ Premium ဆီ ဖြစ်ရပါမယ်။ Countryman S မှာတော့ 1.6Li အင်ဂျင်ကို Turbo တပ်ဆင်ပေးထားတဲ့အတွက် မြင်းကောင်ရေ 181hp ထွက်ရှိပါတယ်။ လေးဘီးယက်အမျိုးအစား 4 Wheel Driveကို မှာယူ တပ်ဆင်နိုင်ပြီး 0 မှ 60mphကို 7.6 စက္ကန့် အတွင်း ရောက်အောင် မောင်းနှင်နိုင်ပါတယ်။

ယာဉ်အန္တရာယ် ကင်းေ၀းစေရန်အတွက်လည်း ဘရိပ်ညှပ်၍ လမ်းချော်ခြင်း မဖြစ်စေရန် Antilock Disc Brakes စနစ်၊ တာယာယက်အား ထိန်းချူပ်မှုစနစ် Traction Control, လျှပ်စစ်တည်ငြိမ်မှု ထိန်းချူပ်မှုစနစ်အပြင် အသက်ကယ်လေအိတ် ခြောက်လုံးတို့ကိုပါ တပ်ဆင်ပေးထားတဲ့အတွက် လုံခြုံမှုစနစ်အား ကောင်းတယ် လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် အပူပေး ထိုင်ခုံစနစ် Bluetooth စနစ်၊ စပီကာ ဆယ်လုံးပါ Harman Kardon အသံပိုင်းစနစ်များ အပါအ၀င် ကားရဲ့ ဆေးရောင် ကို နှစ်သက်ရာ ဂရက်ဖစ်ဒီဇိုင်း ပြောင်းလဲခြင်း ၀န်ဆောင်မှုတို့ကိုပါ ကြိုက်သလို ရွေးချယ် မှာယူနိုင်တဲ့အတွက် Mini Cooper Countryman ကားလေးဟာ မြင်သူ တိုင်း ငေးရတဲ့ အမိုက်စားကားလေးဆိုတာ အသေအချာပါပဲ။ ဈေးနှုန်းတွေကတော့ USD 25,000 ကျော်သာ ပေးရမှာ ဖြစ်တဲ့အတွက် ၀ယ်စီးသင့်တဲ့ SUV ကားလေးအဖြစ် အကြံပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *