အမေရိကန် စစ်တပ်က Iron Man ၀တ်စုံကို တီထွင်နေတဲ့ သတင်းဟာ အရင်ကလည်း ထွက်ရှိခဲ့ဖူးပါတယ်။ အခုတစ်ခါမှာတော့ The Wall Street Journalက စက်ရုပ်၀တ်စုံရဲ့ သတင်းအချက်အလက်အသေးစိတ်ကို ထုတ်ဖော်ရေးသားလိုက်ပါတယ်။ စက်ရုပ်၀တ်စုံကို TALOSလို့ အမည်ပေးထားပြီး ရုပ်ရှင်ဇာတ်ကားထဲကလို စွမ်းဆောင်ရည်များပါရှိပါတယ်။ ၀တ်စုံမှာ လက်နက်ပါရှိပြီး ကျည်ကာကွယ်နိုင်ပါတယ်။ ၀တ်ဆင်သူရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို စောင့်ကြည့်ပေးပြီး စူပါမန်းလို စွမ်းအားတွေရှိမှာပါတဲ့။ ဒီ ၀တ်စုံကို တီထွင်ဖို့ နာမည်ကြီးတွေဖြစ်တဲ့ Lockheed Martin, General Dynamicsနဲ့ Raytheonတို့လို ကုမ္ပဏီတွေပါ၀င် ကူညီမှာပါ။
အခြား နယ်ပယ်မှ ကုမ္ပဏီလေးတွေကလည်း စက်ရုပ်၀တ်စုံကို တီထွင်ဖို့ ပူးပေါင်းမယ်လို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားအတွက် ၀တ်စုံကို ဒီဇိုင်းလုပ်ပေးတဲ့ အထူးပြုလုပ်ချက် ကုမ္ပဏီ Legacy Effectsကလည်း ၀တ်စုံအတွက် ဒီဇိုင်းနဲ့ နမူနာ၀တ်စုံကို 3D Print လုပ်ဖို့ ပါ၀င်မှာပါ။
အမေရိကန် စစ်တပ်က အလိုရှိနေတဲ့ စွမ်းဆောင်ရည်မြင့် ၀တ်စုံကို တီထွင်ဖို့ ဆိုတာ အလွန်ခက်ခဲမှာပါ။ အဲဒီအတွက် ကုမ္ပဏီများစွာက ပူးပေါင်းတီထွင်တာလို့ ဂျာနယ်မှာ ရေးသားထားပါတယ်။ အဖွဲ့တစ်ဖွဲ့က ကိုယ်အလေးချိန်များပြားပေမယ့် သတ်ပုတ်ရာမှာ ကျွမ်းကျင်တဲ့ ဆူမိုနပန်းသမားတွေကို စတင် လေ့လာနေပြီလို့ ဆိုပါတယ်။ သုတေသနပညာရှင်တွေကလည်း အင်းဆက်ပိုးမွှားများရဲ့ အရိုးဖွဲ့စည်းပုံကို လေ့လာနေကြပါပြီ။
ဂျာနယ်က ၀တ်စုံတီထွင်သူများဟာ TALOSရဲ့ အလေးချိန်ဟာ ပေါင်လေးရာလောက်ရှိမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါကလည်း ပြဿနာတစ်ခုပါ။ ပန်တဂွန်က ၃၆၅ ပေါင် ၀တ်စုံမှာ စနစ်အားလုံးကို စွမ်းအင်ပေးဖို့အတွက် ဘက်ထရီ စနစ်လိုအပ်မယ်လို့ ယုံကြည်နေပါတယ်။ စီမံကိန်းအတွက် ဒေါ်လာ ဆယ်သန်းအသုံးပြုပြီးပြီလို့ သိရပါတယ်။ စစ်တပ်က ၀တ်စုံကို ၂၀၁၈ မှာ အပြီးတီထွင်လို့ အရင်က ပြောကြားခဲ့ဖူးပါတယ်။