Business, Lifestyle, News

မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍဖွံ့ဖြိုးရန်အတွက် ဆော့ဖ်ဝဲရေးသားသည့် လူငယ်များကို အစိုးရဘက်မှ ထိရောက်သည့်ပံ့ပိုးမှုများ ပြုလုပ်ပေးရန်လိုအပ်

မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္ဍဖွံ့ဖြိုးရန်အတွက် ဆော့ဖ်ဝဲရေးသားသည့် လူငယ်များကို အစိုးရဘက်မှ ထိရောက်သည့်ပံ့ပိုးမှုများ ပြုလုပ်ပေးရန်လိုအပ်

မြန်မာအစိုးရအနေဖြင့် ပြည်တွင်းအိုင်စီတီကဏ္ဍ ဖွံ့ဖြိုးလာစေရန်အတွက် ဆော့ဖ်ဝဲရေးသားနေသော လူငယ်များကို ပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်အချို့က သုံးသပ်ပြောကြားကြသည်။ ပြည်တွင်းဆော့ဖ်ဝဲကဏ္ဍ ယခုလက်ရှိအချိန်ထိ မဖွံ့ဖြိုးရသေးခြင်း၏ အဓိကအကြောင်းရင်းများတွင် အစိုးရဘက်မှ ဆော့ဖ်ဝဲရေးသားသော လူငယ်များကို ထိရောက်သော အကူအညီပေးမှုများ နည်းပါးနေခြင်းအချက်က ထိပ်ဆုံးမှပါဝင်နေကြောင်း အထက်ပါကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်အချို့က ပြောသည်။

“အခုမှစတဲ့ လူငယ်တွေ၊ လူငယ်အဖွဲ့အစည်းတွေအတွက် အစိုးရပိုင်းက ပံ့ပိုးပေးမှုက အများကြီးလိုအပ်ပါတယ်။ အစိုးရက အရမ်းအရေးကြီးတဲ့နေရာမှာ ပါဝင်နေတာပေါ့။ ဆော့ဖ်ဝဲရေးနေတဲ့ လူငယ်တွေကို နေရာပေးစေချင်တယ်။ သူ့ဘာသာသူ နေရင်းထိုင်ရင်းတော့ ဆော့ဖ်ဝဲရေးတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက ဖြစ်မလာဘူး” ဟု ဆော့ဖ်ဝဲရေးသားသည့် ပြည်တွင်း ကုမ္ပဏီကြီးတစ်ခုဖြစ်သော MIT Co.,Ltd မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ထွန်းသူရသက်က ပြောသည်။ မြန်မာနိုင်ငံရှိ ကွန်ပျူတာတက္ကသိုလ်များမှ တစ်နှစ်လျှင်ကျောင်းသားအရေအတွက် ငါးထောင်ဝန်းကျင်ခန့် ထွက်ပေါ်နေသော်လည်း အရည်အချင်းပြည့်ဝသည့် ကျောင်းသားအရေအတွက်သည် မေးခွန်းထုတ်စရာအနေအထားတွင် ဖြစ်နေသည်ဟုလည်း အထက်ပါပုဂ္ဂိုလ်တို့က ဆက်လက်သုံးသပ်ကြသည်။

“အရေအတွက်ကတော့ ရှိတယ်ဗျ။ အရည်အသွေးရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေတယ်။ အစိုးရရဲ့ ပညာသင်ကြားရေးကလည်း မေးခွန်းထုတ်စရာပါပဲ။ တကယ်တော်တဲ့ လူငယ်တွေလည်း အများကြီးရှိပါတယ်။ နိုင်ငံတော်အစိုးရရဲ့ အစကတည်းက သေသေချာချာမွေးထုတ်ပြီး မြေတောင်မြှောက်ပေးနိုင်ဖို့၊ ပံ့ပိုးပေးနိုင်ဖို့က အရမ်းအရေးကြီးပါတယ်”ဟု Mobile Developer တစ်ဦးဖြစ်သော ကိုထွန်းထွန်းလင်းက ပြောသည်။ နိုင်ငံခြားဆက်သွယ်ရေး အော်ပရေတာနှင့် နည်းပညာလုပ်ငန်းများ ပြည်တွင်းသို့ စတင်ဝင်ရောက်လာချိန်တွင် နိုင်ငံ၏အိုင်စီတီနှင့် ဆော့ဖ်ဝဲလုပ်ငန်းသည် ပုံမှန်ထက်ပိုမိုဖွံ့ဖြိုးရန်လိုအပ်နေပြီး ဆော့ဖ်ဝဲကုမ္ပဏီများလည်း ယခုထက် တိုးတက်များပြားလာရန် လိုအပ်နေပြီဖြစ်သည်ဟု အထက်ပါ ပုဂ္ဂိုလ်များထံမှ သိရသည်။

“အစိုးရက အင်တာနက်လည်းကောင်းတယ်၊ လျှပ်စစ်မီးလည်း မှန်တယ်၊ သွားရေးလာရေးလည်း အဆင်ပြေတဲ့နေရာတွေမှာ ဆော့ဖ်ဝဲရေးတဲ့လူငယ်တွေအတွက် နေရာပေးသင့်တယ်။ ဒီနိုင်ငံမှာ လုပ်ဖို့လိုအပ်နေတဲ့ ဆော့ဖ်ဝဲတွေအများကြီးရှိနေပါတယ်။ လူငယ်တွေမှာ ပိုက်ဆံအရင်းအနှီး ရှိချင်မှရှိမယ်။ ဒါပေမယ့် အရည်အချင်းရှိနေရင် ဒါဟာမြေတောင်မြှောက်ကို မြှောက်ပေးရမဲ့အခြေအနေပါ” ဟု ဒေါက်တာထွန်းသူရသက်က ဆက်လက်သုံးသပ်ပြောကြားသည်။ ယခုလက်ရှိ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ အစရှိသည့် နယ်ပယ်များအတွက် ဆော့ဖ်ဝဲများလိုအပ်လျက်ရှိနေပြီး အဆိုပါဆော့ဖ်ဝဲများကို ရေးဆွဲနိုင်သည့် လူငယ်များအနေဖြင့် နိုင်ငံ၏ ပံ့ပိုးပေးမှု အားနည်းခြင်းကြောင့် အခက်တွေ့နေရခြင်းများလည်းရှိကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံရှိ ဆော့ဖ်ဝဲရေးဆွဲကြသည့် လူငယ်များ၏ အရည်အသွေးများကို ထုတ်ဖော်ပြသနိုင်သည့် ပြိုင်ပွဲမျိုးကို အူရီဒူးကဲ့သို့သော ပြည်ပဆက်သွယ်ရေး ကုမ္ပဏီကြီးများက လုပ်ဆောင်ပေးနေခြင်းများရှိသော်လည်း သက်ဆိုင်ရာအစိုးရ၏ အကူအညီက ပို၍အရေးကြီးကြောင်း အထက်ပါ ကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်တို့ကဆိုကြသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *