Opinion

ဟိုင်းလတ်ပြီးတော့ ဒိုင်နာလား

ဟိုင်းလတ်ပြီးတော့ ဒိုင်နာလား

ခရီးသည်တင်ယာဉ် ဒိုင်နာသမားတွေ မျက်ခုံးလှုပ်မယ့် သတင်းတစ်ပုဒ်ကို ဟိုတစ်နေ့က ဖတ်လိုက်ရတယ်။ “တစ်နှစ်လျှင် အစီးရေ (၅၀) ဝန်းကျင် တိမ်းမှောက်နေ၍ ဒိုင်ယာနာယာဉ်များကို ဖျက်သိမ်းရန် စီစဉ်နေ”ဆိုတဲ့သတင်း ဖြစ်ပါတယ်။ မော်တော်ယဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ဗဟိုကော်မတီရဲ့ စာရင်းတွေအရ ဒိုင်နာယဉ်တွေ တိမ်းမှောက်မှုဟာ နှစ်စဉ် တစ်နှစ်ကို (၅၁) စီးနှုန်း ရှိနေပြီး အဲဒီလို တိမ်းမှောက်မှုတွေကြောင့် သေဆုံးဒဏ်ရာ ရရှိမှုဟာ ဟိုင်းလတ်ယဉ်တွေထက် ပိုများနေတယ်လို့ သိရတယ်။

မ.ထ.သ (ဗဟို)မှ ဒုတိယဥက္ကဌ ဦးလှသောင်းမြင့်က နိုင်ငံခြားတွေမှာလည်း ထရပ်တွေသုံးကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံမှာလို ငါးပိသိပ် ငါးချဉ်သိပ် မဟုတ်ကြောင်း၊ မှောက်ရင် ဆယ်ယောက်ဒဏ်ရာရ၊ နှစ်ယောက်သေကြောင်း၊ ကုန်တင်သတ်မှတ်တာကိုလူစီးကား လုပ်တဲ့အတွက် ဒိုင်နာကို ကာလအတိုင်းအတာတစ်ခု ပေးရမှာဖြစ်ကြောင်း၊ ရေရှည်မှာ လူသေတာများတဲ့အတွက် ဒိုင်နာတွေမှောက်ခါနီးရင် ဝင်တိုက်လို့ မှာထားရကြောင်း၊ ဘယ်ဘတ်စ်မှ တုံးလုံး မမှောက်ဖူးကြောင်း၊ သေသွားတဲ့သူက အနီးကပ် သူငယ်ချင်းဆိုရင် ခံစားတတ်မှာဖြစ်ကြောင်း သေသွားတဲ့ တန်ဖိုးက ပိုနစ်နာကြောင်း ပြောပါတယ်။

ဒိုင်နာယာဉ်တွေဟာ ဟိုင်းလတ်လိုပဲ ထရပ်ကားအမျိုးအစား ဖြစ်တဲ့အတွက် ကုန်တင်ရာမှာသာ သင့်တော်ပြီး ခရီးသည်တွေရဲ့ အသက်အန္တရာယ် ထိခိုက်မှု များတဲ့အတွက်ကြောင့်လည်း ဒိုင်နာယာဉ်တွေကို ဖျက်သိမ်းဖို့ စီစဉ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၃ခုနှစ်အတွင်းက မြန်မာနိုင်ငံရဲ့ သုံးစွဲငွေစရိတ် စစ်တမ်းကို ကောက်ယူရာမှာ သုံးရာခိုင်နှုန်းဟာ ယာဉ်ကြောင့်ဖြစ်တဲ့ သေဆုံးမှုများရဲ့ စရိတ်ဖြစ်နေပြီး တစ်နှစ်လျှင် ကျပ်သန်း(၃၀ဝ)ခန့် ကုန်ကျနေတယ်လို့ ဆိုပါတယ်။ မ.ထ.သ အတွင်းရေးမှူး ဦးဘမြင့်ကလည်း ရန်ကုန်မြို့တော် တိုးတက်အောင် လုပ်နေတာကို အမြင်စောင်းနေကြကြောင်း၊ ချက်ပလက်ကားတွေဆိုရင် ပြဿနာမရှိခဲ့ကြောင်း၊ အချိန်ကာလတစ်ခုအထိ ပြောင်းလဲမှု လုပ်ရမှာဖြစ်ကြောင်း ပြောကြားပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိနေတဲ့ ဒိုင်နာယာဉ် အစီးရေ (၁၈၆၈) စီးခန့်ရှိကြောင်း သိရပါတယ်။

ကိုဘအေးဆိုရင် ဒိုင်နာကို မစီးရဲဘူး။ ဒိုင်နာတွေက မြင့်တော့ အတက်အဆင်းလုပ်ရတာ မလွယ်ဘူး။ ကားပေါ်တက်ရင် မနည်းဆွဲပြီး တက်ရတယ်။ ပြီးတော့ ဒိုင်နာကားတွေက နောက်က ဟောင်းလောင်းပေါက်ကြီး။ ကိုယ်တက်နေတုန်း ကားကထွက်သွားရင် နောက်ကိုပြန်လန်ကျမှာ ကြောက်တယ်။ ဆင်းရင်လည်း ဒီလိုပဲ။ ရှေ့ကို မှောက်ခုံထိုး ပြုတ်ကျမှာ ကြောက်တယ်။ နောက်က တွယ်စီးဖို့ဆိုတာ ဝေလာဝေး။ မတော်တဆမှု တစ်စုံတစ်ခု ဖြစ်ရင်လည်း နောက်က တွယ်လိုက်လာတဲ့ သူတွေက မသက်သာဘူး။ ကားသွားရင်လည်း ဝုန်းဒိုင်းကျဲနေတော့ တော်ရုံဆိုရင် ဒိုင်နာကားကို မစီးဘူး။ မဖြစ်မနေ ဒိုင်နာစီးမှ ရောက်မယ့် ခရီးမျိုးဆိုရင်တော့ ဘုရားတပြီး စီးရတာပေါ့။ ဒါ့ကြောင့် ဒိုင်နာတွေ ဖျက်သိမ်းမယ်ဆိုတဲ့ သတင်းကိုတော့ ကြိုဆိုပါတယ်။ ဒီလိုဆိုတော့ ဒိုင်နာသမားတွေ ကိုဘအေးအိမ်ရှေ့မှာ ဆန္ဒလာပြမှာ ကြောက်ရသေးတယ်။

တစ်ခုတော့ရှိတယ်။ ဟိုင်းလတ်တွေ ဖျက်သိမ်းပြီး မီနီဘတ်စ်တွေ အစားထိုးပြေးဆွဲတာ ခရီးသည်တွေအတွက် အဆင်မပြေဘူးလို့ ကြားနေရတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ ဟိုင်းလတ် (၈၀၄) စီးကို ဧပြီ (၃၀) ရက်အထိ နောက်ဆုံးပြေးဆွဲခွင့် ပေးခဲ့ပြီး အဲဒီဟိုင်းလတ်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပိတ်သိမ်းကာ မီနီဘတ်စ် (၁၃၅) စီးနဲ့ အစားထိုး ပြေးဆွဲဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟိုင်းလတ်လမ်းကြောင်းမှာ အစားထိုးယာဉ်စီးရေ မလုံလောက်ခြင်း၊ ဟိုင်းလပ်တွေလို အချိန်ပြည့် ပြေးဆွဲနိုင်ခြင်း မရှိတဲ့အတွက် အောက်ဆိုဒ်ကားတွေလို ယာဉ်စီးခ နှစ်ဆပေးပြီး စီးနေရခြင်း၊ စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ အစားထိုး မီနီဘတ်စ်တွေဟာ ဟိုင်းလတ်တွေလို (၂၄)နာရီ ပြေးဆွဲသွားမှာ မဟုတ်ပဲ မ.ထ.သ ဗဟိုက သတ်မှတ်တဲ့ အချိန်အထိသာ ပြေးဆွဲသွားမှာလို့ ဆိုပါတယ်။ နောက်ပြီးတော့ မီနီဘတ်စ်တွေဟာ လူစီးသက်သက်ဖြစ်ပြီး ဟိုင်းလတ်တွေလို ကုန်တင်လို့ မရတဲ့အတွက် ဈေးသည်တွေ အခက်အခဲတွေ့ရတယ်လို့ သိရပါတယ်။ နောက်တစ်ခါ ထောက်ကြံ့မှာ ဟိုင်းလပ်ပေါ်က ပါလာတဲ့ ခရီးသည်တွေကို ဆွဲချပြီး မြို့ထဲသွားမယ့် ကားတွေပေါ်ကို ပြောင်းပေးတဲ့အခါ တကယ်တမ်း ခရီးသည်တွေ များတဲ့အတွက် ကားမရလို့ အလုပ်နောက်ကျတာတို့၊ သတ်မှတ်ချိန်အတွင်း ကုန်တွေမပို့နိုင်တာတို့ စတဲ့ ခရီးသည်တွေ နစ်နာမှုတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ မီနီဘတ်စ်တွေက ညဘက်မှာမရှိတော့ အောက်ဆိုက်ဆွဲတဲ့ လိုက်ထရပ်တွေကိုပဲ ကားခ အဆမတန်ပေးပြီး စီးနေရတယ်လို့ ဆိုပါတယ်။

အဲဒီလိုတရားမဝင် ပြေးဆွဲနေတဲ့ ယာဉ်တွေကို ၁၉၆၃ခုနှစ် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး ဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပြီး ဒီမော်တော်ယာဉ်တွေ စည်းကမ်းပျက်လာတာဟာ ယာဉ်ထိမ်းရဲက အရေးယူတဲ့ ဒဏ်ငွေပမာဏ နည်းပါးတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောပါတယ်။ လိုက်ထရပ်ယာဉ်တွေ တရားမဝင် ပြေးဆွဲမှုဟာ ဟိုင်းလတ်တွေကို ရန်ကုန်စည်ပင်သာယာ နယ်နမိတ်အတွင်း ပြေးဆွဲမှု ရပ်တန့်ခဲ့တဲ့ ဧပြီလနောက်ပိုင်းမှာ ပိုပြီးများပြားလာတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်း ပြေးဆွဲနေတဲ့ မ.ထ.သ လက်အောက်ရှိ ယာဉ်လိုင်းပေါင်းမှာ ၃၅၁လိုင်းရှိကာ နေ့စဉ် ခရီးသည် ၂ ဒသမ ၃ သန်းကျော်ရှိပြီး၊ ယာဉ်အစီးရေ ၆၅၀ဝကျော် ရှိတယ်လို့ ဆိုပါတယ်။

ပဲခူး-ရန်ကုန် ဟိုင်းလတ်ကားတွေကို ထောက်ကြန့်မြို့ လျှောက်လမ်း ၅၁ ကားမှတ်တိုင် အနီးအထိသာ ပြေးဆွဲခွင့်ပြုမည်ဖြစ်ပြီး သန်လျင်-ရန်ကုန် ဟိုင်းလတ်တွေကို သန်လျင်မြို့နယ် အထိလည်းကောင်း၊ လှိုင်သာယာ-ရန်ကုန် ဟိုင်းလတ်ယာဉ်များကို လှိုင်သာယာ-ဒဂုံဧရာ အဝေးပြေးအထိနဲ့၊ တွံတေး-ရန်ကုန် ဟိုင်းလတ်ကားတွေကိုတော့ တွံတေး-ပန်းလှိုင်တံတားအထိသာ ပြေးဆွဲခွင့်ပြုတော့မယ်လို့ သိရပါတယ်။

ဟိုင်းလတ်တွေဟာ ဈေးသည်တွေ အလုပ်သမားတွေအပါအဝင် ခရီးသည်တွေအတွက် ၂၄နာရီ အားကိုးရတဲ့ကားတွေ ဖြစ်ပါတယ်။ ကားလေးထဲမှာ ကြပ်သိပ်ပြီး ဝင်ရထွက်ရတာ မလွယ်ပေမယ့် သည်းညည်းခံပြီး စီးနိုင်တယ် ဆိုရင်တော့ (စီးနေကျလူတွေကတော့ ရိုးနေပြီပေါ့)၊ ခြေနင်းခုံမှာ ရပ်ပြီးတွယ်ပြီး စီးနိုင်ရင်၊ ခေါင်မိုးပေါ်မှာတက်ပြီး စီးနိုင်ရင်တော့ သွားရေးလာရေး အဆင်ပြေတယ် ပြောရမှာပေါ့။ ဒါပေမယ့် ဟိုင်းလတ်တွေဟာ အန္တရာယ်များတာတော့ အမှန်ပဲ။ မောင်းရင်လည်း အသားကုန်မောင်းကြတာ။ အရှိန်များတဲ့ အခါကျတော့ တစ်စုံတစ်ခု ရှောင်ဖို့တိမ်းဖို့ ရှိလာတဲ့အခါကျတော့ မထိန်းနိုင်တော့ဘူးပေါ့။ လမ်းဘေးမှာ သူ့ဘာသာသူ ပေါက်နေတဲ့ သစ်ပင်တောင် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာကြည့်လေ။ ဟိုင်းလတ်တွေ ခဏခဏမှောက်နေတဲ့ သတင်းတွေကလည်း ကြားနေရတာပဲ။ ဒီတော့ တာဝန်ရှိတဲ့သူတွေကလည်း တန်ဖိုးရှိတဲ့ လူ့အသက်တွေ အလဟဿ ဆုံးရှုံးမှုမဖြစ်ရအောင် စီမံဆောင်ရွက်ရတော့တာပေါ့။

ကိုဘအေးလည်း ဟိုင်းလတ်ပေါ်က အဆင်းမှာ ချော်လဲကျဖူးတော့ ဟိုင်းလတ်တွေကိုလည်း သိပ်မစီးရဲဘူး။ အဲဒီတုန်းက ကမာရွတ်သုခလမ်းမှာ နေတာ။ ရုံးက ဝင်ဒါမီယာမှာ တက်ရတယ်။ ဟံသာဝတီကားမှတ်တိုင်မှာ ဆင်းရတယ်။ အင်းစိန်-ဆူးလေ ဟိုင်းလတ်ကားတွေက အဲဒီတုန်းက ဟံသာဝတီမှတ်တိုင်မှာ မရပ်ရဘူး။ စပယ်ယာက “ယောကျာ်းလေးဆရာရေ”လို့ အော်လိုက်တော့ ကားက မှတ်တိုင်ကို ဝင်လိုက်ပြီး ဘရိတ်တစ်ချက်အတော့မှာ ခုန်ဆင်းလိုက်တာ။ အဆင်းမတတ်တော့ အရှိန်နဲ့ မှောက်လျက်လဲရော။ နောက်ကလည်း နံပါပတ်(၈) ဟီးနိုးကားကြီးက မှတ်တိုင်ကို ဝင်အလာ ကိုဘအေးလည်း နာတာပြုတာတွေ ဂရုမစိုက်နိုင်ဘူး။ ကဗျာကယာ ထပြေးရတယ်။ တော်သေးတာပေါ့။ ကားကြီးက ဟိုင်းလတ်နောက်က ကပ်ပြီးပါမလာလို့။ နို့မဟုတ်ရင်တော့ ကားကြိတ်ခံရပြီ။ အဲဒီကတည်းက ဟိုင်းလတ်ဆိုရင် မစီးရဲတော့တာ။ အမှန်က ဟိုင်းလတ်ဖြစ်ဖြစ်၊ ဒိုင်နာဖြစ်ဖြစ်ပါ စည်းနဲ့ကမ်းနဲ့ မောင်းကြရင် မတော်တဆဖြစ်နိုင်ခြေက နည်းပါတယ်။ ဟိုင်းလတ်ဆိုရင် ဒိုင်နာလောက် မမြင့်ပါဘူး။ အရမ်းမောင်းကြလို့သာ ဖြစ်ကြတာ။ ဒိုင်နာက ဘော်ဒီမြင့်တော့ မှောက်နိုင်ခြေ ပိုများတယ်။

“မီနီဘတ်စ်ယာဉ်တွေကို ခရီးသည်တွေ အဆင်ပြေစေဖို့အတွက် ဟိုင်းလတ်ယာဉ်တွေနေရာမှာ အစားထိုး လဲပေးခဲ့ပါတယ်။ ဒါကလည်း ခရီးသည်တွေအတွက် လုပ်ဆောင်တာပါ။ ဟိုင်းလတ်ယာဉ်တွေကို စစ်ကြည့်တဲ့အခါ ခရီးသည်တွေအတွက် အများကြီး အန္တရာယ်များတာကို တွေ့ရတယ်။ ဒါကြောင့် တိုင်းဒေသကြီးရဲ့ အစီအစဉ်နဲ့ မီနီဘတ်စ်ယာဉ်တွေကို အစားထိုး ပြေးဆွဲရတာ ဖြစ်ပါတယ်။”လို့ မထသ (ဗဟို) ဥက္ကဌ ဦးလှအောင်က ပြောပါတယ်။ “တဖြည်းဖြည်းချင်း ပြောင်းလဲမှု လုပ်ပေးတဲ့ သဘောပါ။ အမှန်က သူ့လမ်းကြောင်း သူပြန်ရောက်သွားတာကို ကြိုဆိုသင့်တယ်။ ကုန်တင်ကားက ကုန်တင်တာ ပြန်ရောက်သွားသလိုပေါ့။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်လို့ မြင်တယ်။ အရင်က ဆင်းရဲလို့ လူစီးတာ ခွင့်ပြုရတာ။ အဲဒီအတွက် သေသွားရင် ကုန်တဲ့တန်ဖိုး နစ်နာတာတွေ ကင်းဝေးသွားမယ်”လို့လည်း ဒုဥက္ကဌက ပြောပါတယ်။

အလုပ်ကိစ္စတစ်ခုနဲ့ သွားစရာရှိလို့ သာကေတ ကျောက်တိုင်ကနေ “ကျောက်တန်း-သန်လျင်” ဟိုင်းလတ်အစားထိုး မီနီဘတ်စ်ကားလေးကို စီးဖူးပါတယ်။ ကိုဘအေးတို့ သာကေတ ၃၄၊ ၃၅ မီနီဘတ်စ်ကားတွေနဲ့ တစ်ခြားစီပါ။ ကူရှင်ခုံလေးတွေက ဘယ်ဘက်ခြမ်းမှာ နှစ်ယောက် ထိုင်ခုံတွေနဲ့ ညာဘက်ခြမ်းက တစ်ယောက်ထိုင်ခုံလေးတွေနဲ့ပါ။ အလယ်မှာ နှစ်ယောက်ရပ်လို့ ရတယ်။ ၂၅ ယောက်စီး ကားလေးတွေဆိုတော့ လူများတဲ့အချိန်တော့ နည်းနည်းကြပ်တာပေါ့။ ထိုင်ခုံရတဲ့သူကတော့ အဆင်ပြေပါတယ်။ ဟိုင်းလတ်တွေ စီးရတာထက်စာရင် လူလိုသူလို စီးရတယ်လို့ ပြောရမှာပါ။ တွယ်စီးတာတွေ ခေါင်မိုးပေါ်က စီးတာတွေ မရှိတော့ အန္တရာယ်ကင်းတာပေါ့။ မောင်းတာတော့ အန္တရာယ်မရှိအောင် မောင်းရမှာပေါ့လေ။ အဲဒီနေ့က ကိုဘအေးစီးလာတဲ့ ကားဒရိုင်ဘာက အရင်ဟိုင်းလတ် ယာဉ်မောင်းပဲလား မသိဘူး။ ထွက်ရင်ဆောင့်ထွက်သလို ရပ်ရင်လည်း တုန့်ကနဲ ရပ်ပါတယ်။ ကားသွားနေတဲ့ အခါမှာလည်း လူတွေကို ယိမ်းထိုးနေအောင် မောင်းပါတယ်။ ကားလေးက ကောင်းပြီးတော့ ညင်ညင်သာသာစီးရရင် ပိုကောင်းပါမယ်။ ပြီးတော့လည်း ဖျက်သိမ်းလိုက်တဲ့ ဟိုင်းလတ်က ၈၀၄စီးရှိပြီး အစားထိုးပြေးဆွဲတဲ့ မီနီဘတ်စ်က ၁၃၅ စီးပဲရှိသေးတဲ့အတွက်။ ခရီးသည်တွေ သွားလာရတာ အဆင်မပြေမှုတွေ ရှိတာကြောင့် မီနီဘတ်စ် အစီးရေတိုးပြီး ပြေးဆွဲနိုင်အောင် စီမံဆောင်ရွက် ပေးသင့်ပါတယ်။ ဟိုင်းလတ်တွေကိုတောင် အဆင်ပြေအောင် လုပ်မပေးနိုင်သေးခင်မှာ ဒိုင်နာတွေကို ပိတ်သိမ်းဖို့ မျက်စောင်းမထိုးသင့်သေးဘူး ထင်ပါတယ်။

မထသ(ဗဟို)ရဲ့ အတွင်းရေးမှူးက “အပြောင်းအလဲတစ်ခုအစမှာ အခက်အခဲတော့ ရှိတယ်။ ဥက္ကဌကိုယ်တိုင် မြို့ထဲဝင်မယ့် ဟိုင်းလတ်တွေကို ရပ်ခိုင်း၊ ခရီးသည်ချ မြို့တွင်း ဘတ်စ်ကားတွေနဲ့ ထည့်ပေး။ ချလန်ဖြတ်၊ မှတ်သား၊ ဖမ်းဆီးတာတွေ လုပ်တယ်။ လတ်တလော အဆင်မပြေတာကို ရုန်းကန်ဖို့ မစဉ်းစားဘူး။ နောက်ကျရင် သူ့ယာဉ်လိုင်းနဲ့သူ ပေါ်လာပြီး အဆင်ပြေသွားမယ် ထင်တယ်”လို့ ပြောပါတယ်။ ဥက္ကဌကလည်း “ကျွန်တော်တို့ကတော့ မြို့နယ်အလိုက်လဲ ကြေညာပြီးပါပြီ။ စည်းကမ်းလိုက်နာမှုမရှိတဲ့ ယာဉ်တွေကိုတော့ သက်ဆိုင်ရာက အရေးယူပါလိမ့်မယ်” လို့ဆိုပါတယ်။ ဟိုင်းလတ်တွေကို မေ ၁ ရက်မှစပြီး မထသ(ဗဟို)မှ သန်လျင်တံတားထိပ်၊ ရွှေပြည်သာ (၁၄) လမ်းဆုံ၊ လှော်ကားတာဆုံနှင့် မြို့လျှောက်လမ်း ၅၁တို့တွင် မထသဥက္ကဌကိုယ်တိုင် စောင့်ကြည့် အရေးယူလျက်ရှိတယ်လို့ သိရပါတယ်။

တကယ်တော့ ဒိုင်နာတို့ ဟိုင်းလတ်တို့ဆိုတာ ကုန်တင်ဖို့ တည်ဆောက်ထားတာပါ။ လူတင်ဖို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အထူးသဖြင့် ရန်ကုန်မြို့ရဲ့ ခရီးသည်ပို့ဆောင်မှု လိုအပ်ချက်အရ လူစီးယာဉ် လုပ်ခဲ့ရတာပါ။ လုပ်ခွင့်ပြုခဲ့ရတာပါ။ ဒါပေမယ့် မြို့ပြ ဖွံ့ဖြိုး သာယာဖို့အတွက် တစ်ချိန်ချိန်မှာတော့ ဘတ်စ်ကားတွေနဲ့ အစားထိုးတာ လုပ်ကိုလုပ်ရမှာပါ။ တစ်ချိန်တုန်းက သုံးဘီးကားတွေ ဗိုက်ပူချက်ကြီးတို့ကိုလည်း ဒီလိုပဲ ဖျောက်ယူရတာပဲ မဟုတ်လား။ အရေးကြီးတာက ခရီးသည်တွေ သက်တောင့်သက်သာနဲ့ အန္တရာယ်ကင်းကင်းနဲ့ လိုရာခရီးကို ရောက်ရှိဖို့ပဲ ဖြစ်ပါတယ်။ ဒါတွေကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက သိပြီးသားတွေပါ။ အဆင်ပြေအောင် လုပ်ပေးသွားဖို့ အစီအမံတွေလည်း ရှိမှာပါ။ အပြောင်းအလဲဆိုတာ ချက်ချင်းလုပ်ယူလို့ မရပါဘူး။ ဘာကိုပဲဖြစ်ဖြစ်ပေါ့။ တစ်ဖြေးဖြေးချင်း ပြောင်းယူရပါတယ်။ ပြောင်းခါစမှာတော့ အဆင်မပြေမှုတွေ ရှိမှာပါ။ ဒါကိုတော့ နားလည်ပေးရမှာပေါ့နော်။ အဲဒီတော့ ဟိုင်းလတ်တွေကိုပဲ အဆင်ပြေအောင် လုပ်ပေးပါဦး။ ပြီးတော့မှ ဒိုင်နာတွေ အလှည့်ပေါ့နော်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *