သင်္ကြန်ရောက်တော့မည်။ သင်္ကြန်ကျဖို့ရက်(၂၀)လောက်သာလိုတော့သည်။ သင်္ကြန်ရက်နီးလာသည်နှင့် အမျှ ကိုယ်ထဲက သင်္ကြန်ပိုးတွေက ရိုးတိုးရွတဖြစ်လာသည်။ ကိုယ်က(၆)ထိပ်စီးဖြစ်နေလို့သာ စိတ်ကိုမနည်းထိန်းနေရသည်။ ဟိုကဒီက ဖွင့်နေကြသည့် င်္ကြန်သီချင်းတွေကလည်း စိတ်ကိုပိုပြီးမြူးြွကလာစေသည်။ ကိုယ်ရှုလိုက်တဲ့လေထဲမှာတောင် သင်္ကြန်ရနံ့လေးတွေပါလာသလိုခံစားရ သည်။ “သင်္ကြန်နှစ်ဦး တူးပို့ တူးပို့ တူးပို့ မြူးသံသာ၊ သင်္ကြန်မယ်များတူးပို့ တူးပို့ ထူးမာရဲ့နော်ဗျာ ” “မြနန္ဒာ နေညိုညိုရစ်ကာသန်းတော့ မန်းတောင်ရိပ်ခိုသူတွေမယ် ပျိုဖြူတွေရယ်” သင်္ကြန်သီချင်းတွေကလည်း လေထဲမှာပျံ့လွင့်လို့နေပါသည်။
မြန်မာတို့ရဲ့ သင်္ကြန်သည် မြန်မာ့သမိုင်းဦးကာလ ပုဂံခေတ်ကပင် စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု အဆိုရှိသည်။ မြန်မာ့သင်္ကြန် ပွဲတော်သည် တိုင်းတစ်ပါးမှ အတုခိုးရယူခဲ့သော ပွဲတော်မဟုတ်။ မြန်မာ့ယဉ်ကျေးမှု ပွဲတော်စစ်စစ်တစ်ခုဖြစ်ပါသည်။ မြန်မာ့ရေ၊ မြန်မာ့မြေ၊ မြန်မာ့ဓလေ့နှင့်လိုက်လျောညီထွေရှိပြီး မြန်မာတို့ အထူးကြည်နူးနှစ်ခြိုက်စွဲလမ်းကာ လက်ဆင့်ကမ်းထိန်းသိမ်းလာသည့် အစဉ်အလာပွဲတော်လည်းဖြစ် ပါသည်။
သင်္ကြန်ဟူသော ဝေါဟာရသည် ပါဠိဘာသာ”သင်္ကန္တ”၊ သက္ကတဘာသာ”သင်္ကြန္တ” မှ ဆင်းသက်လာခြင်း ဖြစ်ပြီး”ကူးပြောင်းခြင်း”ဟု အနက်အဓိပ္ပါယ်ရပါတယ်လို့ဆိုပါတယ်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသောကာလဟု ဆိုခြင်းဖြစ်သည်။ အင်္ဂလိပ်စတဲ့ အနောက်တိုင်းနိုင်ငံသားများက ဇန်နဝါရီလကို နှစ်သစ်ကူးကာလအဖြစ်သတ်မှတ်ကြထားသကဲ့သို့ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအချို့တွင်မူ မြန်မာတန်ခူးလ သို့မဟုတ် အင်္ဂလိပ်ဧပြီလကို နှစ်သစ်ကူးအချိန်ခါသမယအဖြစ် သတ်မှတ်ထားကြပါတယ်။
မြန်မာ့သင်္ကြန်ပွဲတော်သည် အခြားရိုးရာပွဲတော်များထက် ကာလရှည်လျားပြီး အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊(ဝါထပ်လျှင် အကြတ်နှစ်ရက်ဖြစ်ပါသည်) အတက်နေ့နှင့်နှစ်ဆန်းတစ်ရက်နေ့ဟူ၍ ဖြစ်ပါသည်။ ယခင်အစိုးရဝန်ထမ်းများ၏ ရုံးပိတ်ရက်ကို သင်္ကြန်အကျနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိသာပိတ်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်တွင် အကြိုနေ့မှစ၍ ရုံးပိတ်ရက်ကို (၁၀)ရက်ပိတ်ပေးခဲ့ပါသည်။ သင်္ကြန်ပွဲတော်သည် ပူပြင်းသောနွေရာသီတွင် တစ်ဦးနှင့်တစ်ဦး ရေလောင်းခြင်း၊ ရေပက်ဖျန်းခြင်းဖြင့် အေးမြစေသော ပွဲတော်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် နှစ်ဟောင်းက အညစ်အကြေးများကို ရေဖြင့် ဆေးကြောသန့်စင်ပေးသော ပွဲတော်ဟုလည်းဆိုပါသည်။
သင်္ကြန်အခါသည် အခါကြီးရက်ကြီးဖြစ်သည်နှင့်အညီ အချိန်အခါအလိုက်ဖူးပွင့်လာသော ရွှေဝါရောင်ပိတောက်ပန်းများကို ဘုရားစေတီများတွင် ကပ်လှူပူဇော်ခြင်း၊ စေတီပုထိုးများတွင် ရေသပ္ပါယ်ခြင်း၊ဥပုသ်သီတင်းဆောက်တည်ခြင်း၊ သက်ကြီးဝါကြီးများ အားခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ သက်ကြီးပူဇော်ကန်တော့ခြင်း၊ အစားအသောက်စတုဒိသာများကျွေးမွေးလှူဒါန်ခြင်းစသည်ဖြင့် ကောင်းမှုကုသိုလ် များ ပြုလုပ်ကြပါသည်။
မြန်မာတိုင်းရင်းသားများသည် နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ဝင်ရောက်လာသည့် တန်ခူးလတွင် နှစ်သစ်ကူးပွဲသို့မဟုတ် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ပျော်ရွှင်စွာ ကျင်းပလေ့ရှိကြပါသည်။ သင်္ကြန်ပွဲတော်ကို မြို့ကြီးပြကြီးများမှအစ မြို့ငယ်၊ ကျေးရွာများပါမကျန် တစ်တိုင်းပြည်လုံး တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပလေ့ရှိကြရာ မြန်မာ့သင်္ကြန်ပွဲတော်သည် တစ်မျိုးသားလုံး၊ တစ်ပြည်လုံး၊ တစ်နိုင်ငံလုံး၏ အကြီးမားဆုံး၊ အပျော်ရွှင်ဆုံးသော ပွဲတော်ကြီးလည်းဖြစ်ပါသည်။ လူမျိုးဘာသာမရွေးအားလုံးပါဝင်ဆင်နွှဲနိုင်ကြ ပါသည်။
နှစ်သစ်ကူးအချိန်အခါကို ဗြဟ္မဏ အယူအဆအရ ဗြဟ္မာမင်း၏ ဦးခေါင်းကို ကိုင်ထားသော နတ်သမီးသည် သူ့အလှည့်သူ့တာဝန်သူ့ ဂျူတီ ပြီးဆုံးသဖြင့် အခြားနတ်သမီးတစ်ဦး၏ လက်သို့လွှဲပြောင်းပေးအပ်သောအချိန်ဟူ၍ လည်း ဆိုကြပါသည်။ ယင်းသို့ နတ်သမီးတစ်ဦးနှင့် တစ်ဦးလက်လွှဲလက်ပြောင်း(ံမေိ သလနမ) လုပ်ချိန်တွင် မတော်တဆလွဲချော်ပြီး ဗြဟ္မာဦးခေါင်းကြီးမြေပေါ်သို့ကျရောက်ပါက ကမ္ဘာကြီးမီးလောင် တတ်ဟုလည်း အယူရှိပါသည်။ သင်္ကြန်ကျသည့်အချိန်ကို တာဝတိံသာနတ်ပြည်မှ သိကြားမင်းကြီးလူပြည်သို့ ဆင်းလာသည့် အချိန်ကို သတ်မှတ်လေ့ရှိပြီး သိကြားမင်းကြီးနတ်ပြည်သို့ပြန်တက်သည့်အချိန်ကို သင်္ကြန်အတက်နေ့ဟု သတ်မှတ်ပါသည်။ သင်္ကြန်တွင်း သိကြားမင်း လူ့ပြည်သို့ဆင်းသည့်အချိန်တွင် မကောင်းသည့်သူများ အကုသိုလ် လုပ်သည့်လူများ၊ လူမိုက်များကို ခွေးသရေပုရပိုဒ်ကြီးဖြင့် စာရင်းမှတ်ယူသွားသည်ဟု လူကြီးသူမများ ပြောကြားဘူးပါသည်။ သို့ရာတွင် မှတ်မိသလောက်ဆိုလျှင် သင်္ကြန်၌ သိကြားမင်းမဆင်းသည်မှာ ကြာပြီဖြစ်ပါသည်။ သူ့ကိုယ်စား တနင်္ဂနွေမင်း ဆင်းသည်မှာ နှစ်ပေါင်းမနည်းတော့ပြီ။ လူ့ပြည်မှာ လူမိုက်တွေများလွန်း၍ ခွေးသရေပရပိုဒ်ဖြင့် စာရင်းမှတ်ရသည်ကို သကြားမင်းစိတ်ပျက်သွားပြီးလား။ စာရင်းမမှတ်နိုင်တော့ဘူးလား။ ပြီးတော့ လူ့ပြည်ဆင်းလာရင် စိတ်ညစ်ညူးစရာတွေသာ တွေ့ရတာများလွန်းလို့ စိတ်ဖိစီးမှုဒဏ်တွေကို မခံနိုင်တော့ဘူးထင်ပါတယ်။ ကြာရင် ငါကိုယ်တော်နှလုံးရောဂါဖြစ်လာလိမ့် ့မယ်လို့တွေးထင်ဟန်တူပါတယ်။ ဒါမှမဟုတ်လည်းသိကြားမင်းနတ်သက်ကျွေသွားလို့ တာဝတိံသာနတ် ်ပြည်မှာမရှိတော့ဘူးလား။ ဒါ့ကြောင့် တနင်္ဂနွေဂြိုလ်မင်းပဲ လူ့ပြည်ကို ဆင်းနေတာလား။ ကြံကြံဖန်ဖန်တွေးကြည့် မိတာပါ။
သင်္ကြန်ပွဲတော်ဆိုတာကိုလည်း တစ်ချို့က ပြောချင်ရာပြော၊ ဆိုချင်ရာဆို၊ ဆဲချင်ရာဆဲ၊ လုပ်ချင်ရာ လုပ်လို့ရတဲ့ပွဲလို့သတ်မှတ်ပြီး ထင်ရာစိုင်းနေတဲ့ သူတွေရှိပါတယ်။ ရိုးရာအစဉ်အလာမပျက်ယဉ်ယဉ် ကျေး ကျေးကစားကြရမယ့် ရေသဘင်ပွဲတော်မှာ မူးယစ်သောက်စားပြီး သင်္ကြန်ရေကစားခြင်းဟာ အဆိုးဆုံး ဖြစ်ပါသည်။ မူးယစ်နေသူများပီပီ အဝတ်အစားပိုသီပတ်သီဝတ်၊ ပါးစပ်ကညစ်ညမ်းသောစကားတွေနှင့် အော်ဟစ်၊ ရိုင်းစိုင်းသောဟန်အမူအရာများနှင့်ရေကစားကြ၊ သည်းမခံနိုင်သူများနှင့်စကားများကြ၊ အချင်းချင်းရန်ဖြစ်ကြ၊ ရိုက်နှက်ကြနှင့်လှပသော သင်္ကြန်မြင်ကွင်းများကို အကြည်းတန်အရုပ်ဆိုးစေပါသည်။ မိန်းကလေးများကလည်း လူမှန်းသူမှန်းမသိအောင်မူးနေကြပြီး အိန္ဒြေလုံးဝမရှိတော့ပါ။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါသည်။ ယောကျာ်းလေးများ ကတောင်ပြန်ထိန်းနေရတာကိုတွေ့ဘူးပါသည်။ အဝတ်အစားများကလည်း မမြင်အပ်တာတွေ မမြင်ချင်အဆုံး ဖြစ်နေပါသည်။ ယုတ်မာချင်သူများနှင့်တွေ့ပါက ဘဝမပျက်ပေဘူးလား။ သင်းတို့နှင့်ပင်မြန်မာ့သင်္ကြန်၏ ရိုးရာဂုဏ်ကို ထိခိုက်ကျဆင်းစေပါသည်။ မြန်မာ့သင်္ကြန်သည် ဘီယာသင်္ကြန်၊ အရက်သင်္ကြန်ဖြစ်နေပါသည်။ ယမကာနှင့် သင်္ကြန်ကလည်း ခွဲလို့မရပြန်ပါ။ အဝါရည်လေးတွေ၊ အဖြူရည်လေးတွေဝင်မှပဲ။ စိတ်ကလည်း မြြွူကလာတာ မဟုတ်လား။ ကိုယ်တွေငယ်တုန်းကလည်း သင်္ကြန်လည်ရင် ဒီအတိုင်းဆိုရင် မအော်ရဲ မဟစ်ရဲ မနောက်ပြောင်ရဲပါ။ အလုံ ထော်လီကွေ့က အောင်သပြေဆိုင်ကိုဝင်လိုက်တော့မှ “အနီလေးလဲဇိမ်ပဲ၊ အဝါလေးလဲ ဇိမ်ပဲ”တွေဖြစ်လာတာ။ ဂျစ်ကားပေါ်မှာခုန်ပေါက်နိုင်လာတာ။ အလွန်အကျွံမဖြစ်ကြဖို့တော့ သတိထားကြရပါမည်။
သည်နောက်ပိုင်းမှာ သိကြားမင်းမဆင်းတော့တာလည်း စောစောကမြင်ကွင်းတွေ မမြင်ချင်တော့တာလည်း ပါမည်ထင်ပါသည်။ သိကြားမင်းကို လူ့ပြည်ဆင်းခဲ့ဖို့ ကိစ္စနှင့်ပတ်သက်ပြီး စလေဆရာဦးပုညရဲ့ကဗျာလေးတစ်ပုဒ်ကို အမှတ်ရမိပါသည်။ ကဗျာလေးရဲ့ခေါင်းစဉ်က “စိန်မျက်မှန်လိုသလား ကိုသိကြား”ဖြစ်ပါသည်။ “စည်းစိမ်တော်ယစ်မူးလို့၊ မဖြစ်ဘူး ဣန္ဒာ။ ကသစ်ဥိီးသိင်္ဂါမှာ၊ အလိမ္မာလွန်အား၊ ရွေငါးသန်းနှစ်ကုဋေမှာ၊ အဖျော်ဖြေကြူးရော့သလား။ ဘယ်သူကမှ မမှုလာတယ်၊ ကရုဏာတရား၊ လူ့ရွာကိုရှုပါငြားမယ်လို့၊ ဘုရားကိုသူဝါ(ညာ)၊ အင်ကြင်းမြိုင်ကုသိန်နန်းမှာ၊ ရွှေစာတမ်းထိုးလျက်ရှိပါ။ ကောဝိလသာမိံပါ၊ အို- ဣန္ဒာ သိကြားငဲ့။ ဘုရားကိုးကွယ်မှန်၊ ဆင်းခဲ့မြန်မြန်၊ ထောင်မျက်စိမှိန်ပြန်လျင်၊ စိန်မျက်မှန်ဆက်အုံးမယ်ပလေး။” လူ့ပြည်ကိုကြည့်မယ်လို့ ဘုရားကိုကတိပေးပြီးတော့တာဝတိံသာနတ်ပြည်မှာ နတ်သမီးတွေနဲ့ စည်းစိမ်တွေ ယစ်မူးနေတဲ့သိကြားမင်းရေ– လူ့ပြည်ကိုမြန်မြန်ဆင်းခဲ့ပါ။ လူမိုက်တွေကို စက္ခုတစ်ထောင်နဲ့ မှမမြင်ရင် စိန်မျက်မှန်(ပါဝါမျက်မှန်)ဆက်ပါမယ်လို့ ဆိုတာပါ။ ဦးပုညအဆိုအရလိုပဲ ခုလည်းလူ့ပြည်ကို သိကြားမင်း မဆင်းတော့တာဟာ နတ်ပြည်မှာ စည်းစိမ်တွေယစ်မူးနေလို့ မြတ်စွာဘုရားကိုပေးခဲ့တဲ့ ကတိတွေ မေ့သွားလို့များ လား။ အင်းလေ- ဘိုးတော်သိကြား လူ့ပြည်မဆင်းတာပဲကောင်းပါတယ်။ နို့မို့ဆိုရင် သင်္ကြန်တွင်းမှာ စိတ်ဆင်းရဲ နေရဦးမယ်။
ဒါကြောင့် မြန်မာတစ်မျိုးသားလုံးသည် ဘိုးစဉ်ဘောင်ဆက်ထိန်းသိမ်းလာခဲ့သော မြန်မာ့ရိုးရာသင်္ကြန်၏ အစဉ်အလာကောင်းများကို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရန် တာဝန်ရှိပါသည်။ မထိန်းသိမ်းနိုင်၊ မစောင့်ရှောက်နိုင်လျှင်လည်း မြန်မာ့သင်္ကြန်၏ မြတ်နိုးခုံမင်ဖွယ်အလှအပများကို ပျက်စီးစေမည့်အပြုအမူ၊ အပြောအဆိုများကို အထူးရှောင်ကြဉ်သင့်လှပါသည်။ ရည်ရွယ်ချက်ကောင်းမွန်မြင့်မြတ်ပြီး မြန်မာတစ်မျိုးသားလုံး၏ ယုံကြည်ကိုးကွယ်မှု၊ စိတ်ရင်းစိတ်ထားနှင့် ရိုးရာယဉ်ကျေးမှုများကို ဖော်ကျူးထားသော မြန်မာ့သင်္ကြန်၏ ဂုဏ်သိက္ခာတန်ဖိုးများကို အမြတ်တနိုးတန်ဖိုးထားထိန်သိမ်းသင့်ပါသည်။ ကျွန်တော်တို့သည် မြန်မာ့ရိုးရာသင်္ကြန်ပွဲများကို ဆင်နွှဲကြရာ၌ သရုပ်ပျက်ယဉ်ကျေးမှုများဖြင့် အရိုးကိုအရွက်မဖုံးစေဘဲ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်သိမ်းစောင့်ရှောက်သူများသာ ဖြစ်ကြစေချင်ပါသည်။