အောက်တိုဘာလ (၁)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်စင်တာ MICC မှာ ကျင်းပခဲ့ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်ကာ အမှာစကားပြောကြားပြီး တစ်နိုင်ငံလုံးမှ အသက်အကြီးဆုံး အဘိုးအဘွား တစ်ဦးစီနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက အသက်(၁၀ဝ)နဲ့အထက် ဘိုးဘွားတွေကို ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပါတယ်။
အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာမှာ မြန်မာနိုင်ငံဟာ အခြားသော အရှေ့တောင်အာရှ နိုင်ငံများလို သက်ကြီးရွယ်အိုဦးရေ လျင်မြန်စွာ တိုးပွားနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ တွက်ချက်မှုကိန်းဂဏာန်းတွေအရ မိမိတို့နိုင်ငံက သက်ကြီးရွယ်အိုဦးရေ စုစုပေါင်း (၁၀)ရာခိုင်နှုန်းခန့်ဟာ လူမှုကာကွယ်ရေး လုပ်ငန်းများ လိုအပ်တဲ့အခြေအနေတွေ ရှိနေကြောင်း၊ ဒါကြောင့် သက်ကြီးရွယ်အိုဦးရေ တိုးပွားလာမှုဟာ ကြိုဆိုရမယ့် ကိစ္စတစ်ရပ် ဖြစ်သလို စိန်ခေါ်မှုတစ်ရပ်ဖြစ်တာကိုလည်း အားလုံး သတိထားကြရမှာဖြစ်ကြောင်း၊ မြန်နှုန်းမြင့် တိုးပွားနေတဲ့ သက်ကြီးရွယ်အိုများရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့အတွက် အောင်မြင်တဲ့ အိုမင်းမှုဖြစ်စဉ် နည်းလမ်းတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလေးထားဆောင်ရွက်ပေးသွားကြဖို့ တိုက်တွန်းလို ပါကြောင်းနဲ့ ပြောကြားသွားခဲ့ပါသည်။
လက်ရှိကမ္ဘာ့လူဦးရေ သန်းခုနှစ်ထောင်ကျော်အနက် အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုဦးရေဟာ သိန်းပေါင်း ၇၀ဝ ကျော်ခန့်ပါဝင်နေပြီး ၂၀၂၅ ခုနှစ်မှာ ၄င်းထက် နှစ်ဆခန့် လည်းကောင်း၊ ၂၀၅၀ ပြည့်နှစ်မှာ နှစ်ဘီလီယံအထိလည်းကောင်း ရှိလာနိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အသက် ၆၀ကျော်ရင် သက်ကြီးရွယ်အိုစာရင်း ဝင်သွားပါပြီ။ ဒါကြောင့်လည်း အစိုးရ ဝန်ထမ်းတွေကို အသက် ၆၀ ပြည့်တာနဲ့ အငြိမ်းစားပေးတော့တာ ဖြစ်ပါတယ်။ ခင်ဗျားတို့တွေကို အလုပ်လုပ်ခိုင်းဖို့ အဆင်ပြေတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အသက် ၆၀ ပြည့်တာနဲ့ ပင်စင်ယူတော့ဆိုပြီး သက်ကြီးရွယ်အိုစာရင်း သွင်းလိုက်ပါတော့တယ်။ လားတွေလို ပင်စင်ပေးတာမဟုတ်လို့ တော်သေးတာပေါ့။ တောင်ပေါ်ဒေသတွေမှာ ခရီးသွားတဲ့အခါ ဝန်စည်စလယ်တွေ သယ်ဖို့ အဲဒီဒေသက ဌာနဆိုင်ရာတွေမှာ လားဝန်ထမ်းတွေရှိပါတယ်။ လားတိရစ္ဆာန်တွေ အိုလာပြီး တောင်ပေါ်မှာ သွားလာဖို့ အသုံးမချနိုင်တော့ရင် သူတို့ကို လားပင်စင်ပေးလိုက်ပါတယ်။ သတ်ပစ်လိုက်တာပါ။ ဒါကြောင့် ကိုယ်တွေကိုလည်း အသက် ၆၀ ပြည့်လို့ အသုံးမဝင်တော့ဘူး ဆိုပြီး လားပင်စင်မပေးလိုက်တာ တော်သေးတယ်လို့ ပြောတာပါ။
ကိုယ်တွေလည်း သက်ကြီးရွယ်အို ဘဝရောက်နေပြီလို့ ပြောရမှာမို့လို့ သူတို့ဘဝကို စာနာ တဲ့ အနေနဲ့ “ဘဝနေဝင်ချိန်လေးများ လှပစေချင်” ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ရေးခဲ့ဖူးတယ်။ တကယ်တော့ အဘိုးအဘွားတွေရဲ့ ဘဝနေဝင်ချိန်ကို ကျော်ဖြတ်ရာမှာ စိတ်ဓါတ်ကျ အားငယ်နေခြင်းတွေ ကင်းဝေးဖို့၊ အထီးကျန်မှုတွေ မရှိစေဖို့လိုအပ်ပါတယ်။ တတိယအရွယ်ရယ်လို့ သုံးနှုန်းလို့ရနေပြီဖြစ်တဲ့ ခြောက်ဆယ်ကျော် သက်တမ်းရှိ အဘိုးအဘွားတွေရဲ့ နေဝင်ချိန်ကို သက်သောင့်သက်သာနဲ့ ကျော်ဖြတ်နိုင်ဖို့က အရေးကြီးပါတယ်။
၁၉၈၂ ခုနှစ်က သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ သက်ကြီးရွယ်အိုများဆိုင်ရာ ကမ္ဘာ့ညီလာခံကြီးကို ကျင်းပခဲ့ပြီး သက်ကြီးရွယ်အိုဆိုင်ရာ လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံအသီးသီးက အစိုးရများနှင့် လူမှုရေးအဖွဲ့အစည်းများ၏ စွမ်းအားကို ဖြည့်တင်းပေးရန်၊ သက်ကြီးရွယ်အိုများ၏ မှီခိုမှု လိုအပ်ချက်နှင့် ဖွံ့ဖြိုးတိုးတက်လာမှု အလားအလာများကို ကိုယ်တွယ်ဆောင်ရွက်နိုင်ရန် စတဲ့ ရှေးလုပ်ငန်းစဉ် ရည်ရွယ်ချက်တွေကို ချမှတ်ခဲ့ပါတယ်။
(၅၂) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးရဲ့ အတည်ပြုဆုံးဖြတ်ချက်နဲ့ (၃၅) ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မရှင်တို့ရဲ့ ထောက်ခံချက်များအရ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီဟာ ၁၉၉၇ ခုနှစ်၊ ဇူလိုင် ၂၁ ရက်မှာ ဆုံးဖြတ်ချက် ၁၉၉၇/၁၈ နဲ့ International Years of Older Persons towards a society for all ages ဆိုတဲ့ ဆောင်ပုဒ်နဲ့ ၁၉၉၉ ခုနှစ်ကို သက်ကြီးရွယ်အိုများနှစ် အဖြစ်လည်းကောင်း၊ အောက်တိုဘာ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အဖြစ်လည်းကောင်း သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၉၉ ခုနှစ်ကစပြီး နှစ်စဉ်အောက်တိုဘာလ ၁ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ ဘီဘီစီ သတင်းတစ်ရပ်အရ နိုင်ငံပေါင်း ၉၆ နိုင်ငံအတွင်း ဘဝနေဝင်ချိန် နေထိုင်မှုအဆင့်အတန်း အညွှန်းကိန်းတစ်ခုမှာ နော်ဝေနိုင်ငံဟာ သက်ကြီးရွယ်အိုတွေအတွက် နေထိုင်ဖို့ အကောင်းဆုံးနေရာဖြစ်တယ်လို့ သိရပါတယ်။ လူအိုများ ကူညီရေး နိုင်ငံတကာအဖွဲ့ရဲ့ ကမ္ဘာ့သက်ကြီးများ စောင့်ကြည့် အညွှန်းကိန်းဟာ အသက် ၆၀ကျော် လူအိုတွေရဲ့ လူမှုရေးနဲ့ စီးပွားရေးရာတို့ကို တိုင်းတာခြင်းဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ ဖြန့်ချီတဲ့ အဲဒီအညွှန်းကိန်းမှာ သြစတြေးလျ၊ အနောက်ဥရောပနဲ့ မြောက်အမေရိကတို့ဟာ စံနှုန်းမြင့်မားပြီး အာဖဂန်နစ္စတန်က အနိမ့်ဆုံးနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
အစီရင်ခံစာမှာ ကြိုတင်ဟောကိန်းထုတ်ထားတာကတော့ သက္ကရာဇ် ၂၀၅၀ ခန့်မှာ ကမ္ဘာ့ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အသက် ၆၀ ကျော်တွေ ဖြစ်ကြမယ်လို့ ဆိုပါတယ်။ သက်ကြီးရွယ်အိုတစ်ဦးရဲ့ ဝင်ငွေလုံလောက်မှု ရှိမရှိ၊ ကျန်းမာရေး ကောင်းမကောင်း၊ တစ်ကိုယ်ရေ စွမ်းဆောင်နိုင်မှု ပမာဏနှင့် ပြည့်စုံသော အသိုက်အဝန်းတွင် နေထိုင်ရခြင်းရှိမရှိ စတဲ့ ကဏ္ဍလေးရပ်ကို အညွှန်းကိန်းက တိုင်းတာထားတာ ဖြစ်ပါတယ်။ အညွှန်းကိန်းရဲ့ ထိပ်ဆုံးမှာရှိတဲ့ နော်ဝေရဲ့ နောက်မှာ ဆွီဒင်နိုင်ငံရှိပြီး ၄င်းနောက်မှာ ဆွစ်ဇာလန်၊ ကနေဒါနဲ့ ဂျာမနီတို့ အသီးသီးရှိကြတယ်လို့ သိရပါတယ်။ သက္ကရာဇ် ၂၀၃၀ လောက်မှာ အသက် ၆၀နဲ့အထက် လူဦးရေ စုစုပေါင်းဟာ ၁ ဒဿမ ၄ ဘီလီယံကို ရောက်ရှိမယ်လို့ မျှော်လင့်ရပြီး ၂၀၅၀ ခုနှစ်ခန့်မှာ အညွှန်းကိန်းပါ နိုင်ငံပေါင်း ၄၀ နီးပါးမှာ အသက် ၆၀နဲ့အထက် လူအိုကြီးများဟာ စုစုပေါင်း လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အို စောင့်ရှောက်မှုနဲ့ပတ်သက်ပြီး စေတနာ့ဝန်ထမ်း ဘိုးဘွားရိပ်သာ ထူထောင်တဲ့ လုပ်ငန်းကို ၁၉၁၅ ခုနှစ်မှာ မန္တလေးမြို့က ပိုးကုန်သည်ကြီး ကရုဏာရှင် ဘွားဒေါ်ဦးဇွန်းက စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်မှုလုပ်ငန်းကို မျိုးစေ့ချပေးခဲ့တဲ့ ဘွားဒေါ်ဦးဇွန်းရဲ့ ကျေးဇူးကြောင့် နောက်ပိုင်းမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဘိုးဘွားရိပ်သာများစွာ ပေါ်ထွန်းလာခဲ့ပြီး ဘိုးဘွားပေါင်းများစွာကို စောင့်ရှောက်ထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ တစ်နိုင်ငံလုံးမှာ စေတနာဝန်ထမ်းအဖွဲ့အစည်းတွေက တည်ထောင်တဲ့ သက်ကြီး ရွယ်အိုများအား စောင့်ရှောက်မှု ပေးလျက်ရှိတဲ့ ဘိုးဘွားရိပ်သာပေါင်း ၇၀ ကျော်ရှိပြီး ဘိုးဘွားစုစုပေါင်း ၃၀ဝ၀ ကျော်ရှိတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ဒါ့အပြင် အနာဂတ် သက်ကြီး ရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းဟာ သမာရိုးကျ ဘိုးဘွားရိပ်သာများ ထူထောင်စောင့်ရှောက်တဲ့ လုပ်ငန်းစနစ်တစ်ခုတည်းနဲ့ လုံလောက်မှုမရှိတဲ့အတွက် တခြားနည်းစနစ်တွေကိုလည်း ရှာဖွေ ဆောင်ရွက်လျက် ရှိတယ်လို့ဆိုပါတယ်။
ကူညီထောက်ပံ့မယ့်သူ စောင့်ရှောက်ဖေးမမယ့်သူ မရှိလို့ ခိုကိုးရာမဲ့ဘဝနဲ့ ဈေးတွေထဲမှာ ရပ်ကွက်တွေထဲမှာ လမ်းဆုံလမ်းခွတွေမှာ တောင်းရမ်း စားသောက်နေကြတဲ့ (အရချောင်လို့ လုပ်စားနေတဲ့ သူတွေမပါ) အဘိုးအို အဖွားအိုတွေဟာ တစ်ချိန်က နိုင်ငံဝန်ထမ်းလုပ်ခဲ့သူတွေလည်း ပါမယ်။ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်ခဲ့သူတွေလည်း ပါမယ်။ သားတွေ သမီးတွေကို အရွယ်ရောက်အောင် ပြုစုကျွေးမွေးလာခဲ့ပြီး ကိုယ်အိုမင်းမစွမ်း ရှိလာတဲ့အချိန်မှာ တချို့ကလည်း မိဘတွေကို ပြန်မကြည့်နိုင်ကြလို့ မိမိတို့ကိုယ်တိုင်ကလည်း သားသမီးတွေကို ကိုယ့်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့ဆိုတဲ့ သူတွေပါပါတယ်။ ဆည်းဆာရိပ် ဂီလာနဘိုးဘွား ရိပ်သာကို တည်ထောင်ထားတဲ့ ဆရာမဒေါ်သန်းမြင့်အောင်က သက်ကြီးရွယ်အို ဘိုးဘွားတွေမှာ မိသားစုရှိတဲ့သူတွေအနေနဲ့ ရှင်သန်နေတဲ့အချိန်မှာ နေပျော်တဲ့ ဘဝဖြစ်အောင် လုပ်ပေးသင့်ကြောင်း၊ အထီးကျန်ဘိုးဘွားတွေဆိုရင်လည်း တတ်နိုင်သရွေ့ တတ်နိုင်တဲ့သူတွေက ဘိုးဘွားတွေအတွက် ဘဝစိုပြေရေးကို လုပ်ပေးသင့်ကြောင်း၊ အဓိကအနေနဲ့ သက်ကြီးရွယ်အို ဘိုးဘွားတွေကို ဒုက္ခငြိမ်းအောင်၊ သောကငြိမ်းအောင် ပတ်ဝန်းကျင်ကရော မိသားစုကရော လုပ်ဆောင်ပေးပြီး လူငယ်တိုင်းရဲ့ စိတ်ထဲမှာလည်း အဲဒီလိုစိတ်ဓာတ်မျိုးကို ထည့်သွင်းထားဖို့လိုကြောင်း ပြောကြားခဲ့တာတွေ့ရပါတယ်။ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့တွက် ဘိုးဘွားတွေရဲ့ ကျန်ရှိနေတဲ့ ဘဝလက်ကျန်အချိန်လေးတွေကို စိတ်နှလုံးသာယာချမ်းမြေ့စွာနဲ့ ဖြတ်သန်းနိုင်စေဖို့ ပရဟိတစိတ်ဓာတ်နဲ့ ထောက်ပံ့ကူညီ စောင့်ရှောက်ပေးနေကြတဲ့ လူမှုရေးအဖွဲ့အစည်းတွေကို ချီးကျူးပါတယ်။ သူတို့တွေကလည်း ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ တစ်နိုင်တစ်ပိုင် ဆောင်ရွက်နေကြတာဖြစ်လို့ ရေရှည်တည်တန့်နိုင်ဖို့အတွက် နိုင်ငံတော်အပိုင်းကရော ပြင်ပ ပုဂ္ဂလိကအလှူရှင်တွေကပါ ဝိုင်းဝန်းပံ့ပိုးဖို့ လိုအပ်ပါတယ်။
သင်လည်း တစ်နေ့အိုရမည်ဆိုတဲ့ သံဝေဂစကားလေးလိုပဲ သက်ရှိသက်မဲ့အားလုံးဟာ အချိန်တန်ရင် အိုမင်းဟောင်းနွမ်းလာမှာ ဓမ္မတာဖြစ်ပါတယ်။ သက်မဲ့ပစ္စည်တွေဟောင်းနွမ်း လာတာကို အသစ်နဲ့ အစားထိုးလို့ရပေမယ့် သက်ရှိလူသားတွေ အိုမင်းလာတာကိုတော့ အစားထိုးလို့မရပါ။ တစ်ချိန်က ကိုယ့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ မိဘဘိုးဘွားတွေဟာ သူတို့ အိုမင်းမစွမ်းရှိတဲ့အချိန်မှာ သား၊ သမီး၊ မြေး၊ မြစ်တွေက ပြန်လည်ကူညီဖေးမ စောင့်ရှောက်သင့်ပါတယ်။
တစ်နေ့မှာကိုယ်လည်း လူအိုဘဝကို ရောက်လာရမှာမို့လို့ သက်ကြီးရွယ်အိုများကို ကိုယ်ချင်းစာ စိတ်လေးများထားပြီး တတ်နိုင်သမျှ ကူညီစောင့်ရှောက်ကြဖို့ တိုက်တွန်းရေးသား လိုက်ရပါတယ်။